ကျွန်မ၏ ၀တ္ထုတိုပေါင်းချုပ် ထွက်ပါပြီ
Saturday, October 10th, 2009
အွန်လိုင်းစာမျက်နှာတွေပေါ်မှာရေးခဲ့သော ကျွန်မရဲ့စာစုလေးတွေထဲက ကောင်းနိုးရာရာလေးတွေကိုစုပြီး၊ ၀တ္ထုတိုပေါင်းချုပ်စာအုပ်လေးအဖြစ် ဖန်တီးဖြစ်လိုက်တဲ့အကြောင်းကို စာဖတ်သူ၊ စာရေးသူ မောင်နှစ်မများကို အသိပေးပြောကြားလိုပါတယ်။ စာအုပ်ရဲ့အမည်ကတော့ “အိမ့်ချမ်းမြေ့ရဲ့ လမင်းရှိုက်သံနှင့် အခြားဝတ္ထုတိုများ” ဖြစ်ပါတယ်။ မြ၀တီစာအုပ်တိုက်မှ သြဂုတ်လ၊ ၂၀၀၉ မှာ စတင်ထုတ်ဝေနေပါတယ်။ ၀တ္ထုတိုများဆိုပေမယ့်လည်း တစ်ကယ်တော့ ကဗျာလေးပုဒ်နဲ့ ဆောင်းပါးအချို့လည်း ပါပါတယ်ရှင်။
မနှစ်က မြန်မာပြည်ကိုပြန်ရောက်တုန်းက သည်စာအုပ်လေးထုတ်ဖို့ ကတိုက်ကရိုက်စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ လူကြိုက်များကြတဲ့ “ချစ်သူ့အိမ်”၊ “ရုပ်ရှင်လက်မှတ်လေးနှစ်စောင်” နဲ့ သံလွင်အိပ်မက်အင်တာနက် မဂ္ဂဇင်းမှာ ပါဖူးတဲ့ ကျွန်မအကြိုက် “ရေဆန်ငါး” နှင့် အခြားဆောင်းပါးများ၊ အိပ်မက်ဒေါ့ကွန်း မှာ လူကြိုက်များကြတဲ့ “ရုံးကမမများ” နဲ့ ခရီးသွားဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ “Okanagan လွင်ပြင်ခရီး”၊ environmental issues နဲ့ဆိုင်တဲ့ “ကြည်ပြာ” “လမင်းရှိုက်သံ” စတဲ့ စာစုလေးများ၊ ကနေဒါအတွေ့အကြုံများဖြစ်တဲ့ “ခွင်” နဲ့ “ကနေဒါမှာအလုပ်ရရင် ဘယ်လိုအမည်မျိုးမှည့်မလဲ” စတဲ့ စာစုလေးတွေလဲ ပါပါတယ်။
♫ ♪ ♫ ♪ ♫ ♪ ♫ ♪
ကျွန်မ ပါစေချင်တဲ့ “နေရစ်ခဲ့တော့ သရပါ” နဲ့ သံလွင်အိပ်မက်က လူကြိုက်များတဲ့ “တိမ်ဖုံးသွားတဲ့ ငွေလမင်း” ကတော့ စီစစ်ရေးမအောင်ဘူးလို့ ကျွန်မ ယူဆမိပါတယ်။ဒီစာအုပ်လေးဟာ ကျွန်မရဲ့ ပထမဆုံးစာအုပ်ဖြစ်လို့ ကျွန်မဘက်က ချို့ယွင်းချက်တွေ အများကြီးရှိပါတယ်။ အထူးသဖြင့် “ဂုဏ်မက်သူ” ၀တ္ထုရှည်ကို ကျွန်မ မြ၀တီကို အီးမေးလ်နဲ့ပေးပို့စဉ်က မြနှင်းနဲ့ ဆန်းသစ် ကျောင်းဝင်းထဲက မိုးရေတွေထဲမှာ စတင်ခင်မင်ရင်းနှီးတဲ့ အခန်း(နှစ်)တစ်ခန်းလုံး ကျန်ခဲ့ပါတယ်။ တစ်ကယ့် ကဗျာဆန်တဲ့ အခန်းမှ ကျန်ခဲ့ရတာ ကျွန်မအတွက် ငိုအားထက်ရယ်အားသန်ပါပဲ။
စာအုပ်ထဲ ပါမလာဘူးဆိုတာလည်း ကိုယ်ပို့တဲ့ အီးမေးလ်တစ်နေ့ကပြန်စစ်ကြည့်တော့မှ သိတာပါ။ စာအုပ်ကတော့ စာရေးသူ လက်ထဲရောက်မလာသေးပါဘူး။ စာအုပ်ဖုံးလေးက ပန်းချီကိုတော့ အရမ်းကြိုက်နှစ်သက်မိပါတယ်။ တစ်ခုပဲ နောက်ဖုံးက အနောက်တိုင်းဝတ်စုံနဲ့လူနေရာမှာ ပုဆိုးလေးနဲ့ဆို ပိုကောင်းမလားလို့ တွေးမိပါတယ်။ ကျွန်မ အကြိုက် ပေါ့လေ။
ဒီစာအုပ်လေးကို ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ အမြတ်အစွန်းရဖို့၊ အောင်မြင်ကြော်ကြားဖို့ စတာတွေထက်၊ ကျောင်းမှာကဗျာစာအုပ်တစ်အုပ်ထုတ်သလို အမှတ်တရ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ပဲရှိပါတယ်။ နောက်တစ်ခုကတော့ မူပိုင်ခွင့်တစ်ခုကို လိုချင်တာလည်းပါပါတယ်လို့ အရိုးသားဆုံးဝန်ခံပါတယ်။အခုထိတော့ လုံးချင်းဝတ္ထုထုတ်ဖို့ ရည်ရွယ်ချက်နဲ့စိတ်ကူး မရှိသေးပါဘူး။ ၀ါသနာလဲ အခုထိတော့ မပါသေးပါဘူး၊ အဲသလောက် အချိန်လည်းပေးနိုင်မယ်လို့ မထင်မိသေးပါဘူးရှင်။
ကျွန်မအတွက် အမှတ်တရဖြစ်စေတဲ့ သည်စာအုပ်လေးထွက်လာစေရန် ဘေးမှအမြဲရှိသော သူ့ကို ကျေးဇူးအထူးတင်သလို…..
ကျွန်မ ရေးသော စာများကို ကောင်းသော်ရှိ၊ မကောင်းသော်ရှိ အားပေးကြသော၊ ဝေဖန်အကြံပြုကြကုန်သော စာဖတ်သူများနဲ့ စာရေးဖော် ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့…..
ခင်မင်လေးစားစွာဖြင့်…
အိမ့်ချမ်းမြေ့
Labels: စာအုပ်



