Sign Up
lost your password?

သံစဉ်မဲ့အလင်္ကာများ

လယ်တောက အပြန်

Monday, August 18th, 2008

ချောင်းလေးက နေရီရီအောက်မှာ တလက်လက်တောက်ပနေသည်။ မြက်ပင်ရိုင်းတွေကလေအဝှေ့မှာ လွန့်လူးနေသည်။ ချောင်းထဲမှာ တောဘဲလေးတွေ ညစာရှာနေကြသည်။ ချောင်းထိပ် မြက်ခင်းစပ်မှာ ထိုင်ရင်း ပင်လယ်ဝဘက်ကို မျှော်ငေးနေမိကြသည်။

“ပုံပြောပြမယ်”
“အင်း.. ပြော”

“တစ်ခါကတဲ့.. သစ်ပင်တစ်ပင်နဲ့ ကောင်လေးတစ်ယောက်ရှိတယ်တဲ့၊ သစ်ပင်က ကောင်လေးကို အရမ်းချစ်တယ်တဲ့၊ ကောင်လေးက နေ့စဉ် သစ်ပင်အောက်ကိုလာ၊ သစ်ရွက်တွေကိုစု၊ သရဖူလေးလုပ်ပြီး တောရဲ့ဘုရင်လုပ်တမ်းကစားတယ်တဲ့၊ သစ်ကိုင်းတွေပေါ်ကို တက်၊ ဟိုလွှဲဒီလွှဲ ကစား၊ ပြီးလို့မောရင် သစ်ရိပ်မှာ အိပ်တယ်တဲ့၊ ကောင်လေးက သစ်ပင်ကို အရမ်းချစ်တာပေါ့။ ဒါကိုသိတော့ သစ်ပင်ကလဲ ပျော်တယ်၊

ဒီလိုနဲ့ ကောင်လေးက အသက်ကြီးလာတယ်။ သစ်ပင်ဆီကိုလဲ သိပ်မလာတော့ဘူး၊ သစ်ပင်က အထီးကျန်ဆန်လာတာပေါ့၊ တနေ့ကျတော့ ကောင်လေးက သစ်ပင်ဆီလာတယ်။ သစ်ပင်က ကောင်လေးကို ပြောတယ်.. “ငါ့သစ်ကိုင်းတွေပေါ်ကိုတက်၊ ငယ်ငယ်ကလို ကစားပါဦး၊ သစ်ရွက်လေးတွေနဲ့ သရဖူလုပ်ပါဦး၊ ငါ့အသီးတွေကို စားပါဦး”လို့။ ကောင်လေးကပြန်ပြောတယ်၊ သစ်ပင်ပေါ်တက်ဖို့ ကိုယ်လုံးကြီးက သိပ်ကြီးနေပြီ၊ ငါလိုချင်တာ ပစ္စည်းဥစ္စာတွေ၊ ငွေလိုချင်တယ်၊ ပစ္စည်းတွေအဲဒီငွေနဲ့ ၀ယ်ချင်တယ်၊ ငွေပေးပါ လို့ပြောတယ်။ သစ်ပင်က ငါ့မှာငွေတော့မရှိဘူး သစ်သီးတွေတော့ရှိတယ်၊ လိုသလောက်ခူးရောင်းပြီး ငွေရှာပါလို့ ပြောတယ်..။ ကောင်လေးက ပန်းသီးတွေခူးပြီး မြို့ပေါ်တက်ရောင်းဖို့ ထွက်သွားတယ်တဲ့။ အချိန်တော်တော်ကြာကြာထိ ပြန်မလာဘူး။ သစ်ပင်က လွမ်းနေတာပေါ့။ ဒီလိုနဲ့တနေ့ ကောင်လေးက ပြန်ရောက်လာပြန်ရော။ သစ်ပင်ကပျော်လွန်းလို့ တုန်တောင်နေတယ်တဲ့။

အဲဒီမှာ သစ်ပင်ကပြောပြန်ရော..

“ငါ့သစ်ကိုင်းတွေပေါ်ကိုတက်၊ ငယ်ငယ်ကလို ကစားပါဦး၊ သစ်ရွက်လေးတွေနဲ့ သရဖူလုပ်ပါဦး၊ ငါ့အသီးတွေကို စားပါဦး”လို့။ ကောင်လေးက သူစိတ်ဝင်စားတာ အိမ်ထောင်ပြုဖို့ရယ်..၊ ကလေးလေးတွေ လိုချင်တာရယ်၊ နောက် အိမ်ကလေးတစ်လုံးလိုချင်တာရယ်ပဲ သိတယ်တဲ့။ အိမ်ကလေးတစ်လုံးပေးနိုင်မလားတဲ့။ သစ်ပင်က ငါ့ကို ခုတ်ထစ်လို့ အိမ်ဆောက်ပါလို့ပြောတယ်တဲ့။
ကောင်လေးက သစ်ကိုင်းတွေ ခုတ်ထစ်ယူပြီး အိမ်ဆောက်ဖို့ထွက်သွားတာ ပြန်မလာပြန်ဘူးတဲ့..။

နှစ်တွေကြာတော့ သစ်ပင်ကြီးက လွမ်းနာကျလာတာပေါ့။ တစ်နေ့တော့ ကောင်လေးက ပြန်လာတယ်တဲ့။ ဒီတစ်ခါတော့ သစ်ပင်ကြီးက ပျော်လွန်းလိုက စကားတောင်မပြောနိုင်ဘူး။ သစ်ပင်ကြီးက ထပ်ပြောပြန်တယ်..။ “ငါ့သစ်ကိုင်းတွေပေါ်ကိုတက်၊ ငယ်ငယ်ကလို ကစားပါဦး၊ သစ်ရွက်လေးတွေနဲ့ သရဖူလုပ်ပါဦး၊ ငါ့အသီးတွေကို စားပါဦး”လို့။ ကောင်လေးကပြောတယ်။ ငါ လှေလေးတစ်စင်းလိုချင်တယ်။ ငါလှေလေးနဲ့ ဒီနေရာကနေ အဝေးကြီးကို ထွက်သွားချင်တယ်လို့ပြောတယ်။ သစ်ပင်ကြီးက ငါ့ကိုခုတ်ထစ်ပြီးလှေလုပ်ပါ နောက်.. မင်းပျော်သလို သွားလိုရာသွားပါလို့ ပြောတယ်။ အဲဒီလူက သစ်ကိုင်းတွေကို ခုတ်ထစ်လှေလုပ်လို့ ထွက်သွားတာပေါ့.. သစ်ပင်ကြီးက ပျော်မလိုလိုနဲ့ ဒီတခါတော့ မပျော်ဘူးတဲ့..။

နှစ်တွေကြာတော့ အဲဒီလူပြန်ရောက်လာတယ်။ သစ်ပင်က ဒီတစ်ခါပြောတယ်..
ငါ့မှာ အသီးမသီးနိုင်တော့ဘူးလို့။ အဲဒီလူက ပြန်ပြောတယ်… ငါ့မှာလဲ သွားတွေမရှိတော့ဘူးတဲ့၊ သစ်ပင်ကပြောတယ် မင်းခုန်လွှဲကစားဖို့ သစ်ကိုင်းလဲ မရှိတော့ဘူးဆိုတော့ အဲဒီလူက ငါလဲ သိပ်အိုလို့ မကစားနိုင်တော့ပါဘူးတဲ့။ သစ်ပင်ကြီးကထပ်ပြောတယ်.. ငါ့မှာပင်စည်တွေတောင် မကျန်တော့ဘူး၊ ငါသစ်ငုတ်တိုဖြစ်နေပြီလေ တဲ့၊ အဲဒီမှာ အဲဒီလူက ပြန်ပြောတယ်။ ငါဘာမှ ဒီချိန်မှာ မလိုတော့ပါဘူး။ ငါ ခုချိန်မှာ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာလေးတစ်ခုနဲ့ နားခိုစရာလေး တစ်ခုပဲ လိုပါတော့တယ်တဲ့၊ အဲဒီအချိန်မှာ သစ်ငုတ်တိုဟာ အဲဒီလူမှီဖို့ သူ့ကိုယ်ကို ဆန့်နိုင်သမျှ ဆန့်ထုတ်လိုက်တော့တယ်တဲ့။ အဲဒီလူလဲ မောပန်းစွာမှီနေလိုက်တယ်တဲ့ သစ်ပင်ကြီးကလဲ ပျော်နေတော့တယ်တဲ့”

“အင်းးးး ပြီးပြီလား”

“ဒီလောက်နဲ့ ဘယ်ပြီးမလဲ.. မေးမယ်”

“မေးစေဗျား”

“ကောင်လေးက တကိုယ်ကောင်းဆန်လား”

“ဟင့်အင်း မဆန်ဘူး”

“ဘာလို့လဲ”

“တဘက်က လိုလိုလားလားပေးနေတာကို”

“သစ်ပင်ကကော… အဲလိုအကုန်အနစ်နာခံပေးတဲ့ သူကို ဘယ်လိုနာမယ်တပ်မလဲ”

“မြင့်မြတ်ခြင်းလို့ ကျွန်တော် တပ်မယ်”

“ဟင့်အင်း ကျမတော့ ဒါကို မြင့်မြတ်တယ် မထင်ဘူး”

“အင်း.. ပေးကမ်းခြင်းနောက်မှာပျော်ရွှင်မှုကို သစ်ပင်လိုချင်တယ်ထင်လို့လား”

“ဆိုပါတော့.. နောက်ပြီး တစ်ခါတစ်ရံ ကိုယ်က ပေးလိုက်ပြီးမှ နောင်တရဘူးလား”

“အကြိမ်ကြိမ်ပေါ့ဗျာ”

“ဘာလို့လဲ”

“တဘက်က အသိမှတ် မပြုလို့လေ”

“ဒါဆို အသိအမှတ်ပြုခြင်း ဆိုတာကို မျှော်လင့်တယ်ပေါ့”

“တစ်ခါတစ်ရံ တော့ မျှော်လင့်မိတယ်လေ”

“တစ်ခါတစ်ရံပဲလား…၊ နောက်ပြီး တစ်စုံတစ်ယောက်က ပေးတာကို ယူပြီးရင် တစ်စုံတစ်ရာ ပြန်ပေးရမယ်လို့ ခံစားရလား”

“ဒက်ထိပဲ”

“ကဲ.. ဒါဆိုမေးမယ်.. ဘာလို့ ပေးကမ်းစွန့်ကြဲကျလဲ”

“အင်း.. ကောင်းလိုက်တဲ့မေးခွန်း”

မြက်တစ်ပင်ကို လက်နှင့် ကောက်နှုတ်လိုက်မိသည်။
“ပေးကမ်းပြီးတော့ ဘာမှ ပြန်လည်မမျှော်လင့်တာ ဒါမှမဟုတ် ပြန်လည်မျှော်လင့်မိတာမျိုးဟာ မှားသလား”

“ဒါကတော့ တစ်ဦးတစ်ယောက်စီပေါ်မှာ မူတည်လိမ့်မယ်”

“နောက်စဉ်းစားစရာတွေအများကြီးရှိသေးတယ်၊ ကောင်လေးက သစ်ပင်ကိုချစ်တာလား၊ သစ်ပင်က ကောင်လေးကိုချစ်တာလား၊ ဘာကြောင့်ချစ်တာလဲ၊ နောက်ပြီး ကျွန်မတို့ တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ၊ နောက်တစ်ခု ကျွန်မ သိပ်သိချင်တာ၊ အနေနီးတဲ့လူနဲ့ အနေဝေးနေတဲ့လူကို ဘယ်သူကို ပိုချစ်မလဲ”

“များသောအားဖြင့်တော့ အနေနီးတဲ့လူကို ပိုချစ်တာများတယ်”

“ဟင့်အင်း ပိုချစ်တယ်လို့ထင်တာပါ”

“ထိတွေ့ဆက်ဆံနေမှုဟာ အချစ်မှာ အတိုင်းအတာ တစ်ခုထိ အရေးပါတယ်”
ဆံပင်တွေထဲက ပန်းစေ့လေးကို သူ အသာဖယ်ပေးလိုက်ရင်း ပြောလိုက်သည်။

“နောက်ဆုံး သစ်ပင်ပျော်တယ်ထင်လား၊ ကောင်လေးကော ပျော်တယ်ထင်လား၊ ဘာလို့ ချစ်ကြလဲ၊ ချစ်တယ်လို့ကော ဘယ်လိုသိနိုင်မလဲ၊ အချစ်ဆိုတာဘာလဲ နောက်ဆုံးမေးရမယ်ဆိုရင်…”

“သိပ်မတွေးပါနဲ့လားကွာ”

“ဟင်.. မဟုတ်ဘူးနော်.. ဒါတွေက မူကြိုကလေးတွေလောက်ကိုတောင် ကစားနည်းတွေလုပ်ပြီး မေးနေကြပြီ”

“ကဲ ဒါဆိုလဲ.. မေးပါဗျာ”

“ပျော်ရွှင်ခြင်းဆိုတာဘာလဲ၊ ခံစားချက်လား၊ စိတ်အခြေအနေလား”

“စိတ်အခြေအနေ..”

“အင်…. ခံစားချက် မဟုတ်ဘူးလား”

“မဟုတ်ဘူး.. စိတ်ရဲ့အခြေအနေ”

“ပျော်ရွှင်မှုဆိုတာ တခြားတစ်ယောက်ယောက်ရှိနေမှ ကိုယ်က ပျော်မှာလား၊ ဥပမာ တစ်ယောက်ယောက်ကို လှုရမှ၊ ကိုယ်က ပျော်မှာလား၊ ကိုယ်ပျော်ဖို့တွက် လှုခံရမယ့်သူက ရှိပေးရမှာလား၊ နောက်ပြီး ကောင်းမှု တစ်စုံတစ်ရာ လုပ်ဆောင်ရမှ ကိုယ်က ပျော်မယ်ပေါ့၊ အဲဒီ ကောင်းမှုဆိုတာ ထလုပ်ဖို့ မရှိရင် ကိုယ်က မပျော်တော့ဘူးလား၊ You have to have reason to be happy ပေါ့”

“ကိုယ်မသိဘူးကွာ၊ မင်း ပုံပြင်လေး ပြီးတော့ ကိုယ်သိလိုက်ရတာက ကိုယ်ဟာ ကောင်လေးနေရာမှာ”

“ရှင်.. ဘယ်လို”

“ဟုတ်တယ်. ကိုယ် ဟာ ကောင်လေး”

“ဒါဆို သစ်ပင်ကကော”

“သစ်ပင်က မြန်မာပြည်နဲ့ မြန်မာပြည်သားတွေ”

“ဘယ်လို!!”

“ဟုတ်တယ်… ကိုယ် မြန်မာပြည်က မိဘနဲ့တကွ မြန်မာပြည်သားတွေဆီက အခြေခံပညာတွေနဲ့ ဒီမှာ နေနေတယ်.. အသက်ကြီးပြီး အိုတော့မှ ဘာမှ ပြန်မပေးနိုင်တော့မှ မြန်မာပြည် ပြန်ရမယ့်ပုံပေါက်နေတယ်ကွာ”

“ဟင်းးး အဲလိုလဲမဟုတ်ပါဘူးလေ”

“ဟုတ်ပါတယ်… အဲလိုပါပဲ”

“အင်းပါလေ.. ပြန်ရအောင်နော်”

“တစ်ခုခုသွားစားကြရအောင်၊ ခုနက မ၀ဘူး”

“ကုလားဆိုင်ပဲသွားရင်ကောင်းမလား၊ ဆာရီနဲ့ဆိုတော့ ကုလားဆိုင်သွားတာ ပိုအဆင်ပြေမယ်ထင်တယ်”

“ဗီယက်နမ် ဆွပ်ပြုတ် သောက်ချင်နေလို့ကွာ၊ ဒါပေမယ့် သဘောပါ”

“အင်း.. ဒါဆိုလဲ ဗီယက်နမ်ပေါ့”

ချောင်းလေးက တစ်ဖြည်းဖြည်း ဝေးကျန်ခဲ့သည်၊ ကောင်းကင်က ပိုမှောင်လာသည်။ လယ်ကွင်းတွေကြားက လမ်းကလေးပေါ်မှာ ကားလေးတစ်စင်း တရိပ်ရိပ်မောင်းနှင်သွားပါတော့သည်။

******* 

 ((ပထမပိုင်းသို့.... ))

ပထမပိုင်းက သိပ်မကောင်းဘူးထင်လို့.. ဖတ်ချင်ရင် အဲဒီမှာပဲ သွားဖတ်ကြပါနော်..  Laughing  

 


 အိမ့်ချမ်းမြေ့ဘလော့ဂ်       www.lyricswithoutmelody.net            အိမ့်ချမ်းမြေ့ဒေါ့ကွန်း


 

Labels: ၀တ္ထု, အတွေးအမြင်, ဒဿန

ချစ်သူ့လွယ်အိတ်

Friday, August 1st, 2008

သည်အိမ်ခန်းက တိတ်ဆိတ်လွန်းနေသည်။ အခန်းထဲက ထောင့်တစ်ထောင့်တွင် သင်ဖြူးဖျာထပ်ခင်းထားသော ကုတင်တစ်လုံးက ငြိမ်သက်စွာ။ ကုတင်ခေါင်းရင်းက ပြူတင်းက ပွင့်နေသောကြောင့် အလင်းရောင်တွေက အခန်းထဲသို့ ထိုးကျနေသည်။ ပြူတင်းပေါက်မှ လေပြေညှင်းကြောင့် ခြင်ထောင်အမိုးက သာသာလေး လွန့်လူးသွားသည်။ ကုတင်ခြေရင်းမှာတော့ အ၀တ်အစားတွေထဲ့သည့် ဗီဒိုပုလေးတစ်လုံး။ ကုတင်ခေါင်းရင်းက စားပွဲလေးတစ်ခုပေါ်မှာ ဟောင်းနွမ်းနေသော မီးတိုင်တစ်တိုင်၊ သောက်လက်စ ရေဖန်ခွက်တစ်ခွက် နှင့် အလှပြဖန်လုံးလေးတစ်လုံး။ ဖန်လုံးလေးထဲက ငါးပြာကလေးနှစ်ကောင်က နှုတ်ခမ်းချင်း ထိနေကြသည်။ ဖန်လုံးလေးကို မကိုင်ပြီး လှုပ်ကြည့်လိုက်တော့ အထဲက လှုပ်ခတ်သွားသောရေလေးတွေနှင့်အတူ ရောင်စုံရွှေမှုန်ငွေမှုန်တွေကလဲ တဖွားဖွားလှပစွာလှုပ်ခတ်သွားကြသည်။ ဖန်လုံးလေးကို မြတ်နိုးစွာ ပါးပြင်မှာ ကပ်ထားလိုက်မိသည်။ ပြီးတော့ စားပွဲလေးပေါ်သို့ ပြန်ချလိုက်သည်။
ကုတင်ခေါင်းရင်းက ပြူတင်းပေါက်နားသို့ တိုးကပ်သွားလိုက်သည်။ ပြူတင်းပေါက်လက်ရန်းကို ကိုင်ရင်း အပြင်ကိုကြည့်လိုက်တော့ မြစ်ဆိပ်တစ်ခုကို လှမ်းမြင်နေရသည်။ မြစ်ဆိပ်က ထူးဆန်းလွန်းစွာ လူသူကင်းမဲ့နေသည်။ နေက ခြစ်ခြစ်တောက်ပူနေသည်။ သဗာန်တစင်းက ကမ်းစပ်မှာ တိတ်တိတ်ဆိတ်ဆိတ် ကျောက်ချရပ်နားနေသည်။ ကမ်းစပ်ကလဲ ထူးဆန်းစွာ ရွှံဗွက်ကင်းစင်နေသည်။ ခပ်လှမ်းလှမ်းက ကျီးကန်းတစ်ကောင် အော်မြည်သံနှင့်အတူ ကမ်းစပ်လှိုင်းပုတ်သံ၊ တူထုသံတစ်ခုကိုပါ မသဲမကွဲကြားနေရသည်။

ပြူတင်းမှခွာ၍ ကုတင်နားသို့ မရဲတရဲတိုးကပ်သွားသည်။ ပြူတင်းပေါက်အပြင်ဘက်ကလေက ကသုတ်ကရက် တိုက်ခတ်လာသည်။ ဆံပင်တွေကို စုကိုင်လိုက်ရင်း ကုတင်ပေါ်က သင်ဖြူးဖျာပေါ်မှာ ငြိမ်ငြိမ်သက်သက်လှဲလျောင်းနေသော အပြာရောင် လွယ်အိတ်လေးတစ်လုံးနားသို့ ခပ်ဖြေးဖြေး တိုးကပ်သွားသည်။ လွယ်အိတ်ကလေးက ဟောင်းနွမ်းနေပြီ။ ထိုလွယ်အိတ်လေးကိုမြင်တော့ ရင်တွေက မသိမသာတုန်ရင်လာသည်။

လွယ်အိတ်လေးဘေးမှာ ဖြည်းညှင်းစွာထိုင်ချလိုက်သည်။ လွယ်အိတ်လေးကို ကောက်ယူလိုက်သည်။ ရင်ခွင်မှာ ပွေ့ဖက်ထားလိုက်သည်။ ပြီးတော့ မိုးသည်းထန်စွာရွာသွန်းနေသည့် နေ့တစ်နေ့ကို မြင်ယောင်လာမိသည်။ ဆံပင်တွေကို တစ်ချက်ခါလိုက်ပြီး လွယ်အိတ်ထဲကို လက်နှင့်စမ်းကြည့်လိုက်သည်။ လွယ်အိတ်ထဲမှာ ကပ်ပြားအချို့ရှိနေပါလား။ ကပ်ပြားလေးတစ်ခုကို ထုတ်ယူလိုက်သည်။ အနက်ရောင်မှင်နှင့် ကသောကမျောရေးထားသော စာကြောင်းနှစ်ကြောင်း။

ငါတို့အားလုံးဟာ ဆက်စပ်နေတယ်။ သက်ရှိသက်မဲ့ အရာအားလုံးဟာလဲ တစ်မျိုးတည်းသော အရာနဲ့ ဖွဲ့စည်းထားတယ်။

နောက်ထပ် ကပ်ပြားတစ်ခုကို ဆွဲထုတ်လိုက်သည်။
အပြာရောင်မှင်တွေနဲ့ ရေးထားသော ကဒ်ပြားတစ်ခု ထပ်ထွက်လာသည်။
ငါတို့အားလုံးဟာ စွမ်းအင်တွေထဲမှာ နေထိုင်နေကြတာဖြစ်တယ်။ မသိသေးတဲ့အရာတွေကို ခံစားချက်တွေနဲ့ သိဖို့ကြိုးစားနေကြတယ်။

ထိုနေ့က မိုးတွေရွာနေသည်။ လှည်းတန်းတလျောက် လူစည်ကားနေသည်။ ထမီအောက်ပိုင်းတစ်ခုလုံး ရွှဲရွှဲစိုနေသည်။ ထီးတစ်လက်တည်းအောက်မှာ တစ်ယောက်နဲ့တစ်ယောက် လက်မောင်းချင်း မထိမိအောင် ဂရုစိုက်လမ်းလျောက်နေရသည်ကိုက ရင်ခုန်စရာဖြစ်နေလေသလား။

သက်ပြင်းတစ်ချက်ချလိုက်ပြီး နောက်ထပ် ကဒ်ပြားတစ်ခုကို ထုတ်လိုက်သည်။

တိတ်ဆိတ်မှောင်မဲတဲ့ ညမှာ မှောင်မဲနေတဲ့ ကောင်းကင်ကိုမော့ကြည့်လိုက်ပါ။ ဘာမှမမြင်ရလို့ ဘာမှမရှိဘူးမထင်လိုက်နဲ့။ မမြင်ရတဲ့ dark matter ကြီးဟာ ပိုက်ကွန်ကြီးတစ်ခုလိုပဲ။ ဒီပိုက်ကွန်ထဲမှာ ငါတို့ဘယ်လိုမှ မမြင်နိုင် မထိနိုင်တဲ့ မိုက်ခရိုလှိုင်းတွေ ရေဒီယိုလှိုင်းတွေ ဟာ ငါးတွေလိုပဲ ကူးခတ်နေကြတယ်။ ဒါကြောင့် မမြင်နိုင်တိုင်း မရှိဘူးလို့မထင်ကြဖို့လိုတယ်။

မိုးရေတွေကြောင့် ထမီတွေရွှဲရွှဲစိုရုံမက အသစ်စက်စက် ကတ္တီပါဖိနပ်လေးပါ စိုနင့်နေပြီ။
“နင့်ဖိနပ်လေး နှစ်မျောပါတယ်”
“ရပါတယ်ဟာ”
“အင်းပေါ့လေ.. အချစ်အတွက်ပဲ”
“ဟင်…”
“အော်.. ဘာမှမဟုတ်ပါဘူး…”
သူ့စကားကြောင့် မိုးငွေ့တွေတွဲခိုနေသော သူ့ဆံနွယ်တွေကို မော့ကြည့်ပြီး ခေါင်းငုံ့ချလိုက်မိသည်။

ခေါင်းငုံ့ပြီး နောက်ထပ် ကဒ်ပြားတစ်ခုကို ဆွဲထုတ်လိုက်သည်။
ကလပ်စည်းပေါင်း ထရစ်လီးယန်း၅၀ နဲ့ဖွဲ့စည်းထားတဲ့ လူတွေကိုယ်ထဲက ကလပ်စည်းတွေကို ဓာတ်ခွဲခန်းထဲက ဗိုက်တာမင် ကန်တစ်ခုထဲကို ပစ်ထဲ့ကြည့်လိုက်ပါ။ ခွန်အားတွေပြည့်ပြီး ဆက်လက်ရှင်သန်နေကြတာကိုတွေ့လိုက်မယ်။ ဒါမှမဟုတ်ပဲနဲ့ အဆိပ်ရည်ထဲကို ထဲ့လိုက်ပါ။ ငါတို့ဆဲလ်တွေ ညိုးလျော်ပျက်စီးသွားလိမ့်မယ်။

မီးပွိုင့်အနီကိုစောင့်ရင်း မိုးသည်းသည်းအောက်မှာ လွယ်အိတ်ကိုပိုက်ပြီး ချမ်းလွန်းလို့ တုန်တက်နေမိသည်။
“ငါ့ ဂျက်ကက် ၀တ်မလား”
“နေပါစေဟာ.. ရောက်တော့မှာပဲ”
ပြောပြောဆိုဆို ကားလမ်းကူးရန် ပလက်ဖောင်းအောက်ကိုဆင်းလိုက်သည်။
“ဟာ…ဟေ့ နေဦးလေ၊ ကားတွေလာနေသေးတယ်”
လက်မောင်းကို ဖမ်းဆွဲလိုက်သည်ကို မရုန်းမိ။ ပြီးတော့ တစ်ဖက် ကားလမ်းထိ ကလေးတစ်ယောက်ကို ဆွဲခေါ်သလို ခေါ်သွားရင်း တပျစ်တောက်တောက် ပြောနေသည်ကို နားထောင်နေမိသည်။
“ကလေးလိုပဲ…”

နှုတ်ခမ်းကို ယောင်ယမ်းကိုက်မိသည်။ ပြီးတော့ ကဒ်ပြားနောက် နှစ်ခုကို ဆက်တိုက် ဆွဲထုတ်လိုက်သည်။
စိတ်ရှုပ် စိတ်ထိခိုက်လာပြီဆိုရင် ဦးနှောက်ရဲ့လှုံ့ဆော်မှု အောက်မှာ ကော်တီဆော်လ်တွေ ယိုစိမ့်လာပြီ။ ဒီကော်တီဆော်လ်တွေ ယိုစိမ့်လာတာနဲ့အမျှ လူတွေရဲ့ ခွန်အား၊ စဉ်းစားဆင်ခြင်နိုင်မှု၊ ကိုယ်ခံစွမ်းအားတွေကျလာပြီး အမှားတွေလုပ်ဖို့ပိုများလာတတ်တယ်။

တစ်ဦးနဲ့တစ်ဦး ကောင်းမွန်စွာ ဆက်ဆံလို့ရလာတဲ့ ပျော်ရွှင်မှုကို ခံစားရတယ်ဆိုရင်တော့ အက်ဒ်ရေနလင်နဲ့ နော်အက်ဒ်ရေနလင် တွေဟာ ကိုယ်ထဲမှာ ပျံ့နှံ့လာတတ်တယ်။ အဲဒီချိန်မှာတော့ လူတွေရဲ့ ကိုယ်ခံစွမ်းအားတွေတက်လာတယ်။ ခွန်အားတွေပြည့်လာတယ်။ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းအင်တွေလဲ မြင့်လာတယ်။

“ကလေးလိုပဲ…”
ဘာလဲဟ.. နင်ကလဲ”
“ဘာမှ မဟုတ်ဘူး။ လာ ဒီဆိုင်ထဲသွားရအောင်”
စတိုးဆိုင်ပေါက်ဝက အလှပြ ရွှေးပြားငွေပြားတွေ မိုးရေတွေအောက်မှာ လွန့်လူးနေသည်။ ဆိုင်ထဲက မှန်ဘီဒိုတွေထဲမှာ ပစ္စည်းတွေက အမျိုးစုံလင်လှသည်။
ထမီတွေ စီထပ်ထားသည့် ကောင်တာရှေ့မှာ သူရပ်နေသည်။
“ဘာလဲဟာ.. ငါရှက်တယ်” သူ့နောက်မှာ ရပ်ရင်း ခပ်တိုးတိုးကြိတ်ပြီး ပြောလိုက်သည်။
“ငါလဲရှက်တာပဲ..ဟ” သူကလဲကြိတ်ပြီး ပြန်ပြောသည်။
ကောင်တာနောက်က ရွယ်တူ မိန်းကလေးတွေက ပြုံးစိစိ။
ငပိရောင်ထမီလေးတစ်ထည်ကို သူလက်ညိုးထိုးနေသည်။
“နင် ဟိုမှာချမ်းလို့ ၀တ်လို့မရလဲ သိမ်းထားဟာ.. နော်”
“အင်း” မပွင့်တပွင့်ပြောလိုက်သည်။ ဘာကိုရှက်မှန်းမသိရှက်ပြီး စိတ်ကလဲညစ်နေသလိုလို ကြည်နူးနေသလိုလို။ စက္ကုအိတ်ထဲက ငပိရောင်ထမီလေးကို သူလှမ်းပေးတော့ လှမ်းယူပြီး ရင်ခွင်မှာ ဖက်ထားလိုက်သည်။

ဝတ်ထားသော ငပိရောင်ထမီလေးကို ယောင်ယမ်းလို့လက်နဲ့သပ်လိုက်မိသည်။ သည်နောက် ကဒ်ပြားနောက်တစ်ခုကို လွယ်အိတ်ထဲမှာ ဆွဲထုတ်လိုက်သည်။
Emotions are contagious. ခံစားချက်ဆိုတာ ကူးစက်တဲ့အရာ…။
တစ်စုံတစ်ယောက်က (emotional toxins) အဆိပ်တွေနဲ့ ပြည့်နေတဲ့ ခံစားချက်တွေဖြစ်တဲ့ ဒေါသ၊ ချိမ်းခြောက်မှု၊ ၀န်တိုမှု၊ မနာလိုမှုတွေကို မိမိကိုယ်ပေါ်ကို သွန်ချလိုက်တဲ့အခါမှာ မိမိကိုယ်၊ စိတ်တွေဟာလဲ ညစ်ညူးသွားတတ်တယ်။
Every interaction has an emotional cost or benefit. ဒါကြောင့်ပေါင်းသင်းဆက်ဆံမှုတိုင်းဟာ မိမိစိတ်ဓာတ်ကို အရူံး သို့မဟုတ် အမြတ်ထွက်စေတယ်ဆိုတာ အမြဲသတိရှိဖို့လိုတယ်။

စက္ကူအိတ်လေးကို ပိုက်ပြီး လွယ်အိတ်တွေထားတဲ့ ကောင်တာဘက်ကို သွားလိုက်သည်။
“ငါလဲ နင့်ကို လွယ်အိတ်လေး ၀ယ်ပေးမယ်နော်”
“နေပါစေဟာ..”
“ဟေ့အေး အမှတ်တယပေါ့နော်၊ နင်အမြဲတော့လွယ်ရမယ်”
မှန်ဘီဒိုထဲက အပြာရောင်လွယ်အိတ်လေးကို ရွေးယူလိုက်သည်။
“အခုတော့လဲ မဆန်းသလိုပါပဲလား”
အပြာရောင်လွတ်အိတ်လေးကို ရင်ခွင်မှာ ပိုက်ရင်း သူဆိုသည်။
“ဟင်.. ဘာကိုလဲ”
“အော်… မဟုတ်ပါဘူး ဆရာထီးသီချင်းပါ..” ရယ်ကျဲကျဲနှင့်သူဆိုရင်း လွယ်အိတ်ပြာလေးကို ရွှတ်ဆို တချက်ငုံ့နမ်းလိုက်သည်။

အပြာရောင်လွယ်အိတ်လေးထဲက နောက်ဆုံးကျန်နေသည့် ကဒ်ပြားတစ်ခုကိုဆွဲထုတ်လိုက်သည်။ ဇန်ဘူကာရဲ့ စားသားတချို့ကို ထုံးစံအတိုင်း ကသောကမျောရေးထားတာကို ဖတ်လိုက်ရသည်။

We get what we give and to the same degree.
And not always from the same people with whom we’ve dealt.
But somewhere… sometime…someone will treat you in like
manner.
The good that we do to others will return also.
For your kindness to others you will receive hospitality in far
places yourself.
Understand the troubles of others who come to you with their souls bared…and when you cry yourself, you will be sympathetically understood.
We get what we give.
Like always attracts like.
This is the law and it is inevitable.
We cannot escape the results of our actions.

ဘာမှ မကျန်တော့သော လွယ်အိတ်ပြာကို ရင်မှာ ပွေ့ထားလိုက်သည်။ မျက်စိကို အသာမှိတ်ထားရင်း ကုတင်စောင်းမှာ ငြိမ်သက်စွာဆက်လက်ထိုင်နေမိသည်။
အပြင်မှာ ကမ်းစပ်လှိုင်းပုတ်သံ၊ ကျီးကန်းအော်သံနှင့် တူထုသံကို ဆက်လက်ကြားနေရပါတော့သည်။



Labels: ၀တ္ထု, အတွေးအမြင်, ဒဿန

ဒီမိုးကို... မိုးဟု

Tuesday, November 27th, 2007

မိုးစက်တွေနဲ့ ရောယှက်နေသော လေနုအေးက ကားပြူတင်းပေါက်မှ ဖြတ်တိုက်သွားသည်။ လမ်းဘေးမှ သစ်ပင်တွေတရိပ်ရိပ်ပြေးနေသည်။
ကျောင်းအဆင်း ၀င်ခေါ်လာတဲ့ သားတော်မောင်က ဖခင်လုပ်သူကို တစ်ချက်စောင်းငဲ့ကြည့်ပြီး ပြောလိုက်သည်။

“ဒီည မိုးရွာမယ်လို့ ရေဒီယိုကပြောတယ်”
“အခုရွာနေတယ်လေ” ဖခင်လုပ်သူက ပြန်ပြောသည်။
“ရေဒီယိုကတော့ ဒီညရွာမယ်ပြောတယ်”
“ရေကာမှန်ကို ကြည့်လေ..။ အဲဒါမိုးမဟုတ်လို့ဘာလဲ သားရ”

“ရေဒီယိုက ပြောတာကို ပြောပြတာပါ”
“ရေဒီယိုက ပြောတာနဲ့ အထောက်အထားတွေနဲ့ မြင်နေရတာတွေကို၊ အသိတရားတွေကို ငြင်းဆန်ပစ်ရတော့မှာလား”
“အသိတရား၊ အသိတရားဟုတ်လားအဖေ။ ကျွန်တော်တို့ရဲ့ အသိတရားက မှန်နေတာထက် မှားနေတာ ပိုများပါတယ်။ ဓာတ်ခွဲခန်းတွေထဲမှာ သက်သေတွေရှိတယ်။ မြင်နေသမျှအရာတိုင်း မြင်တဲ့အတိုင်းမဟုတ်ဘူးဆိုတဲ့ သီအိုရီကို အဖေ ဘယ်နားသွားထားမလဲ။ တကယ်တော့ အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတာလဲ ကိုယ့်စိတ်ထဲမှာဖြစ်နေတာပဲ။ ပတ်ဝန်းကျင်က ကြားနေရတဲ့ အသံတွေတောင် စိတ်ကို လှည့်စားနိုင်တာပဲ။ အသံတစ်ခုခုကို မကြားတာနဲ့ အဲဒီအသံဟာ တည်ရှိမနေဘူးလို့ ဘယ်လိုငြင်းချက်ထုတ်မလဲ။ လူတွေမကြားနိုင်ပေမယ့် ခွေးတွေကြားနိုင်တယ်။ တခြား သတ္တ၀ါတွေကြားနိုင်တယ်။ ခွေးတွေမကြားနိုင်တဲ့ အသံလှိုင်းတွေတောင် ရှိတယ်။ ဘယ်သူမှမကြားနိုင်တဲ့ ဒီအသံတွေဟာ လေထဲမှာလှိုင်းတွေအနေနဲ့ရှိနေတယ်။ သိပ်ကိုမြင့်လွန်းတဲ့ အသံတွေ။ ဆူညံအုန်းထနေမှာ။ တနေရာရာက လာတဲ့ အသံတွေပေါ့။ ဘယ်သူမှမကြားနိုင်တဲ့ အသံတွေ။ ကိုယ်မကြားတိုင်း၊ မမြင်တိုင်း မရှိဘူးလို့ ဘယ်လိုပြောနိုင်မလဲ”

“အခု မိုးရွာနေလား မရွာနေဘူးလားသာ ဖြေစမ်းပါကွာ”
“မပြောချင်ဘူး အဖေ”
“အခုနေ တစ်ယောက်ယောက်က မင်းခေါင်းကို သေနတ်နဲ့ ထောက်ပြီးမေးရင်ကော”
“ဘယ်သူမေးမှာလဲ။ အဖေလား”
“တစ်ယောက်ယောက်ပေါ့ကွာ။ မျက်မှန်နက်တပ်ထားတဲ့ မိုးကာရှည်ကြီးနဲ့ လူတစ်ယောက်ဖြစ်ဖြစ်၊ မင်းခေါင်းကို သေနတ်နဲ့ထောက်ထားပါမယ်တဲ့၊ ပြီးတော့မေးမယ် မိုးရွာနေလား၊ မရွာနေဘူးလား မေးမယ်။ မင်းအမှန်ကိုပြောရမှာပဲ”

“ဘာအမှန်လဲအဖြေ၊ ဘယ်အမှန်တရားကို သူလိုချင်မလဲ။ ဘယ်ထောင့်ကကြည့်မယ့် အမှန်တရားလဲ။ အလင်းနှုန်းနဲ့ လာနေတဲ့ တစ်ခြား ဂယ်လက်ဆီကလာတဲ့ လူတစ်ယောက်ရဲ့ အမှန်တရားလား။ အဲဒီလူတွေ တစ်ကယ်လို့ ကျွန်တော်တို့ကို တယ်လီစကုပ်နဲ့ကြည့်လို့ ၂လက်မ အမြင့်လောက်ပဲ ရှိနိုင်မယ့် ကျွန်တော်တို့ရဲ့ ဒီနေ့ရွာနေတဲ့ မိုးဟာ သူတို့အတွက် မနေ့က ရွာနေတဲ့ မိုး ဖြစ်မနေနိုင်ဘူးလား”
“မင်းခေါင်းကို သေနတ်နဲ့ ချိန်ထားမှတော့ မင်းရှုထောင့်ရဲ့ အမှန်တရားပေါ့ကွ”
“ကျွန်တော့ရှုထောင့်ရဲ့ အမှန်တရားကကော ဘယ်လောက် ယုံကြည်နိုင်ရလို့လဲ။ တခြား နေစင်္ကြာကလာတဲ့ သူတစ်ဦးဦးအတွက် ကျွန်တော်တို့ရဲ့ မိုးဟာ ဆပ်ပြာ ဖြစ်ချင်ဖြစ်နေမှာပေါ့။ ကျွန်တော်တို့အတွက် ပန်းသီးဟာ သူ့အတွက် မိုး ဖြစ်ချင်ဖြစ်နေမှာပေါ့။ အဲဒီတော့ ကျွန်တော်က သေနတ်ချိန်ထားသူကို ဘာပြောရမလဲ.. ကဲ”
“သူမင်းခေါင်းကို သေနတ်နဲ့ ချိန်ထားတယ်။ အခု၊ လက်ရှိ၊ မိုးရွာနေလား မရွာနေဘူးလား သိချင်တယ်”
“ယခု ဆိုတာ ဘယ်တုန်းက ရှိလို့လဲအဖေ။ ယခုလို့ ကျွန်တော်ဆိုပြီးချိန်မှာ အတိတ်ဖြစ်သွားပြီလေ”

“မင်းခုနကပဲပြောတော့ အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတာ မရှိဘူးဆိုကွ”
“ဟုတ်တယ်။ မရှိဘူး။ ကြိယာတွေထဲမှာပဲရှိတာ”
“မိုးက ကြိယာ မဟုတ်ဘူးနော်။ နမ်။ ဒီနေရာမှာ မိုးရွာနေလား မရွာနေဘူးလား”
“အဖေ.. ရွေ့လျောနေတဲ့ ကားပေါ်မှာ ဒီနေရာမှာ မိုးရွာနေလား မေးနေကတည်းက ဆွေးနွေးဖို့ ခက်နေပြီ”
“အဖြေသာပေးစမ်းပါ သားရာ”
“ကျွန်တော် ခန့်မှန်းရုံပဲ ခန့်မှန်းနိုင်မယ်အဖေ”
“ဒါခန့်မှန်းဖို့ မလိုဘူးကွ၊ မိုးရွာလား မရွာနေဘူးလား၊ ဒါပဲဖြေ”
“ဒါပဲလေအဖေ၊ ရွာလား၊ မရွာလား ခန့်မှန်းချက်တစ်ခုပဲ မဟုတ်ဘူးလား”
“ဟ.. မင်း မိုးရွာနေတာ မမြင်ဘူးလား”

မဟုတ်သေးဘူးလေ အဖေ၊ နေက ကောင်းကင် အရှေ့က အနောက်ကို ရွေ့သွားတာ အဖေမြင်တာပဲမဟုတ်ဘူးလား။ ဒါပေမယ့် တစ်ကယ်တမ်းက ကမ္ဘာက ရွေ့နေတာ၊ နေက ရွေ့နေတာမဟုတ်ဘူး။ ကျွန်တော်တို့ မြင်နေတာက ဘယ်လောက်မှန်နေလို့လဲ
“ဒီဥပမာကို အဖေလက်မခံနိုင်ဘူး”
“အဖေ... ရွာနေတာမိုးပါလို့ သေချာလို့လား။ ဟိုဘက်မြစ်တစ်ဘက်ကမ်း စက်ရုံက ဆာလဖြူရစ် အက်စစ်တွေ ရွာချနေတာ မဖြစ်နိုင်ဘူးလား။ တရုပ်ပြည်ဘက်ကလာတဲ့ ဓာတ်ငွေ့တွေ ရွာချနေတာကော မဖြစ်နိုင်ဘူးလား။ အဖေ ဒါကို မိုးလို့ခေါ်တယ်။ လူတွေက မိုးလို့ ခေါ်တယ်။ ဒါတစ်ကယ်မိုး အစစ်လား။ မိုးဆိုတာကကော ဘာလဲ။ ဘယ်လိုသရုပ်ခွဲထားလဲ”
“ကောင်းကင်က ကျလာတဲ့ အရာ၊ မင်းတစ်ကိုယ်လုံးကို ရွှဲစေတဲ့အရာဟေ့”
“အခု အဖေ မိုးစိုနေလို့လား။ ကျွန်တော်တော့ မစိုဘူး”
“ကောင်းပြီ၊ ငါအရှုံးပေးတယ်၊ ရှုပ်ထွေးပွေလီမှုတွေ၊ စနစ်တကျဖြစ်ပေါ်ခြင်းမရှိတဲ့ အရာတွေ၊ မသေချာမရေရာမှုတွေ အတွက် အောင်မြင်မှုသရဖူ ဆောင်းပေးလိုက်တယ်။ သိပ္ပံ အသိရဲ့ အနှုးညံ့ဆုံး အချိန်တစ်ခုပဲ”
“မရွဲ့ပါနဲ့အဖေရာ”

မိုးရေထဲမှာ ကားလေးက တရွေ့ရွေ့။
မိုးရွာနေသည်။
မိုးရွာနေသည်။
ဒီမိုးကို မိုးဟု… လူတွေခေါ်ကြသည်။

Don DeLillo ၏ White Noise မှ ကောက်နှုတ်ချက်။

အိမ့်ချမ်းမြေ့ (တပြည်သူ) 

Labels: ၀တ္ထု, အတွေးအမြင်, ဒဿန, ဘာသာပြန်

<< Start < Prev 1 Next > End >> Results 1 - 3 of 3
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.