ဂယက်
Saturday, September 6th, 2008
တိုက်ခန်းရှေ့မြေကွက်လပ်က ကားတွေရပ်ထားသည့်နေရာမှာ လူတွေက ဟိုစုစု သည်စုစုနှင့် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး ၀ိုင်းအုံကြည့်နေတော့ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိသလိုလို။ မျက်စိရှေ့က ၀က်ဝံပေါက်ကလေးကလဲ အညိုရောင် အမွှေးပွပွလေးတွေနှင့် ချစ်စရာကောင်းပါဘိ။ မျက်လုံးဝိုင်းဝိုင်းလေးတွေက အပြစ်ကင်းစင်နေသည်။ နားရွက်ချွန်ချွန်လေးတွေကို နောက်သို့ပစ်ရင်း အနားသို့ တဖြည်းဖြည်းတိုးကပ်လာသည်။ အရောင်လက်နေသော နှုတ်သီးညိုညိုလေးတွေကို ရှုံချည်ပွချည်လုပ်ရင်း လက်ထဲက ပေါင်မုန့်ဆီသို့ တဖြည်းဖြည်းတိုးကပ်လာသည်။ ပါးစပ်လေးဟပြီး ပေါင်မုန့်လေးကို မရဲတရဲ ဆွဲယူလိုက်တော့ ပတ်ဝန်းကျင်မှာ ရပ်ကြည့်နေကြသည့် လူအချို့ထံမှာ ကင်မရာ အလင်းရောင်တွေ တဖျတ်ဖျတ်လက်သွားသည်။
သည်မြို့က မြောက်ဘက်တောင်ကုန်းတွေနှင့် ကပ်ပြီးဆောက်လုပ်ထားသဖြင့် သစ်ပင်ကြီးများစိမ်းစိမ်းစိုစိုနှင့် အလွန်လှသောမြို့တစ်မြို့၊ တောင်စောင်းတွေမှာ မြို့တွေကို တည်ထားသဖြင့် အိမ်ဘေးကိုကြည့်လျှင် ပစိဖိတ်သမုဒ္ဒရာက ဟိုးအောက်မှ မြို့ကို ပြန်ပြီး မျှော်ငေးနေရသလိုလို၊ အိမ်နောက်ဘက်ကိုမော့ကြည့်လိုက်လျှင်တော့ မိုးထိအောင်မြင့်မား ပျံ့ကြွနေသည် ထင်းရူးတောတွေ။ တစ်ခါတစ်ရံ နွေရာသီနှင့် နွေကုန်ဆောင်းဦးကာလတွေမှာ အစာရှာရင်းဖြစ်ဖြစ်၊ အလည်လွန်ရင်းဖြစ်ဖြစ် လူတွေရှိရာနေရာသို့ သူတို့တွေ ရောက်ရောက်လာကြသည်။ ခြံထဲက အမှိုက်ဗုံးတွေကို ၀င်ဖွတတ်သည်။ ဒါကြောင့် ၀က်ဝံများ ၀င်မဖွနိုင်အောင် သေသေချာချာစီမံထားသော သည်မြို့ရှိအမှိုက်ဗုံးတွေက အခြားမြို့နယ်များက အမှိုက်ဗုံးများနှင့်မတူ။ ဒီနေ့တော့ ဒီဝက်ဝံလေး ဟိုးတောင်မြင့်ဖျားဆီက မျက်စိလည်လမ်းမှားလို့ ရောက်လာသည်ထင်သည်။ တောကောင်တွေကို သူ့သဘာဝအတိုင်းထား၊ ဘာအစားမှလဲ မကျွေးရဆိုသည့် သတ်မှတ်ချက်ကို သိပေမယ့် ၀က်ဝံလေးက ချစ်စရာကောင်းလွန်းသည်ကတစ်ကြောင်း၊ ပတ်ဝန်းကျင်က လူတွေရှေ့မှာ အထူးသဖြင့် အပျိုချောလေးတွေရှေ့မှာ လူပျိုဂိုက်ထုတ်ပြီး သည်လိုတောရိုင်းကောင်လေးကို ချော့မြူပြနေရတာ၊ ပတ်ဝန်းကျင်က လူတွေက တောကောင်လေး ကိုယ့်လက်ထဲက ပေါင်မုန့်ကို စားနေတာကို ကင်မရာတွေနဲ့ တဖျတ်ဖျတ်ရိုက်နေတာကို ကျေနပ်နေသလိုခံစားနေရသည်။
*****
သားလေး သည်နေ့ ဘယ်ရောက်နေပါလိမ့်။ နွေဦးတောင် ကုန်တော့မှာပါလား။ ခက်တာက အစာရေစာတွေက ရှားလာ၊ လူဦးရေတွေက တိုးလာ၊ ငါတို့ နေစရာဒီတောနက်ရှိတဲ့ တောင်မြင့်တွေဆီအထိပါ ရှုခင်းကောင်းတယ်ဆိုပြီး လူတွေက လမ်းတွေ၊ အိမ်တွေ ဖောက်လာကြပြီ။ သူတို့ရေရဘို့ ပိုက်လိုင်းကြီးတွေက ခန့်ညားသလောက် ငါတို့အတွက်ကတော့ ရေတွေကလဲခမ်းခြောက်လာလို့ အစာရေစာတွေကလဲ ရှားပါးလာပြီ။ အင်း သားလေးဘယ်ရောက်နေပါလိမ့်။ အမေ့သားလေးက ချစ်စရာ၊ မွေးကာစတုန်းကများဆို အမွှေးအမျှင်က မရှိ၊ မျက်စိကမမြင်၊ ဟိုစမ်းသည်စမ်းနဲ့၊ အဲဒီတုန်းက သားလေးကို နို့ချိုတိုက်ကျွေးရတာကိုက ရင်မှာစိတ်ကြည်နူးစရာ၊ အခုတော့ သားလေးလဲ အရွယ်ရောက်ကာစဆိုတော့ ကိုယ့်ဟာကိုယ် အစာရှာစားနေပြီထင်တယ်။ လူတွေရှိရာ ဟိုးတောင်အောက်ကို မဆင်းဘို့တော့ မှာထားတယ်။ ဒီနေ့ သားအိမ်ပြန်နောက်ကျပါလား။
*****
သာယာလှပတဲ့ မြို့လေးက သာမန်နွေကုန်စ နေ့တွေလိုပဲ တိတ်ဆိတ်လှပနေသည်။ မြို့ကို ပတ္တရောင်လှည့်နေစဉ် စခန်းမှ လှမ်းဆက်သွယ်လိုက်သော ရေဒီယိုသံက ပွင့်လာသည်။ စခန်းမှ လမ်းညွှန်သည်အတိုင်း ၂၁လမ်းထောင့်ကိုရောက်တော့ လူတွေ ၀ိုင်းအုံနေကြသည်။ နောက်ဘက်တောင်ကုန်း တောနက်နက်နှင့် တဆက်တည်း ခြံကျယ်ကြီးတွေထဲက အိမ်တွေကို ကျော်ပြီး တိုက်ခန်းများရှေ့က မြေကွက်လပ်ထဲသို့ ကားကိုကွေ့လိုက်တော့ စုပြီးရပ်နေသော လူတွေ အနည်းငယ်ရှဲသွားသည်။ တောစပ်သစ်ပင်အောက်မှာ အညိုရောင် အမွှေးပွပွ ၀က်ဝံလေးတစ်ကောင်နှင့် ၀က်ဝံလေးကို ပေါင်မုန့်ကျွေးနေသော လူကို မြင်လိုက်ရတော့ စိတ်ပျက်စွာ သက်ပြင်းမှုတ်ထုတ်လိုက်မိသည်။ တောရိုင်းကောင်လေးကို အစာမကျွေးရဘူးဆိုတာ ဒီလူ သိသင့်သည်။ အစာနောက်လိုက်ရင်း သည်ဝက်ဝံပေါက်လေးသာမက နောက်ထပ်ဝက်ဝံတွေ ဒီနေရာကို ထပ်ရောက်လာနိုင်သည်။ ၀က်ဝံမကြီးသာ အနီးအနားရှိနေလို့ကတော့ မတွေးဝံ့စရာ။ ဟိုတလောက ၀က်ဝံတစ်ကောင် နေ့ခင်းကြောင်တောင် အမှိုက်ပုံးတွေ ၀င်ဖွရင်း တောထဲမှာ အပြေးသွားလေ့ကျင့်သော အမျိုးသမီးတစ်ဦးကို ရန်ရှာ၍ ထိုအမျိုးသမီးဆေးရုံ ရောက်သွားခဲ့သည်။
အထက်ကလဲ အမိန့်က ချလိုက်သည်။ ခါးကြားမှ သေနတ်ကို လေးပင်စွာဆွဲထုတ်လိုက်သည်။ ၀က်ဝံညိုလေးကတော့ ဘာမှမသိရှာ။ ပေါင်မုန့်ကျွေးနေသော သူက အခုမှ သူ့အပြစ်ကို သိသလို ခေါင်းကို တွင်တွင်ငုံ့ထားသည်။ ဘေးပတ်ဝန်းကျင်မှ တိရစ္ဆာန်ချစ်သူများထံမှာ လှမ်းအော်သံများ၊ ကျွတ်ခနဲ စုတ်သတ်သံများကို စိတ်မချမ်းမြေ့ဘွယ်ကြားနေရသည်။
ငါ့ကိုခွင့်လွှတ်ပါ ၀က်ဝံလေးရယ်… အစာသံသရာ မှာအမြင့်ဆုံးဖြစ်တဲ့ ငါတို့လူသားတွေကို အရင် ကာကွယ်ဘို့တာဝန်က ငါ့အပေါ်သက်ရောက်နေပြီလေ။
သေနတ်သံတစ်ချက် တောင်နံရံတွေမှာ ပဲ့တင်ထပ်သွားသည်။
*****
ငါသိပ်မှားတယ်။ ၀က်ဝံလေးကို အစာမကျွေးရဘူးဆိုတာ သိရဲ့သားနဲ့ ဟိုနားကပေါ့ လုံးကြီးပေါက်လှ မမချောတွေရှေ့မှာ လူပျိုဂိုက်ပေးချင်တဲ့ ငါ့ရဲ့ ပျော်စေပျက်စေ စိတ်ဓာတ်ရယ် မလောက်လေးမလောက်စား အပေါ်ယံစိတ်ဓာတ်နဲ့ အပြုအမှုကြောင့် အပြစ်မရှိတဲ့ ၀က်ဝံငယ်လေး သေဆုံးသွားရပြီ။
*****
တောင်ပေါ်မှာ နေရောင်ညိုးလေပြီ။
လရောင်က မရဲတရဲပေါ်လာသည်။
ထင်းရူးပင်ပေါ်မှာ ၀က်ဝံမကြီးတစ်ကောင် သားပြန်လာမည့်လမ်းကို ရီဝေသောမျက်ဝန်းများနှင့် မျှော်ငေးနေပါသည်။
(လွန်ခဲ့တဲ့ အင်္ဂါနေ့က မြောက်ဘက်မြို့မှာဖြစ်သွားတဲ့ အဖြစ်လေးပါ)
Labels: ၀တ္ထု



10 Comments
Monday, 22 September 2008
Saturday, 06 September 2008
Saturday, 06 September 2008
Saturday, 06 September 2008
Saturday, 06 September 2008
Saturday, 06 September 2008
Saturday, 06 September 2008
Saturday, 06 September 2008
Saturday, 06 September 2008
Saturday, 06 September 2008
Would you like to comment?
Sign up for a free account, or Sign in (if you're already a member)