ယုဇနပင်၊ အာလူးကြော်နှင့် မာသာထရီစာ
Friday, September 19th, 2008
အဲဒီနေ့က ယုဇနပင်ကိုင်းတွေကိုဖြတ်လို့ နေရောင်က စူးစူးရှရှ ထိုးဖောက်လာနေသည်။
ယုဇနပင်ထိပ်ဖျားမှာ ငှက်တစ်ကောင်က ကျယ်ကျယ်လောင်လောင် တေးဆိုနေသည်။
ယုဇနပင်ပေါ်က သစ်ကိုင်းစ တစ်စ ကန်ဘေးက ရေကန်ထဲကို ဖောက်ဆို ပြုတ်ကျသွားသည်။ ယုဇနပင်အောက်က သူမထိုင်နေတဲ့ ခုံတန်းနဲ့ ခပ်လှမ်းလှမ်းမှာ သူမလိုပဲ သစ်ရိပ်ခိုသူတစ်ယောက်ကို ဟိုနေ့တွေကသုန်သုန်မှုန်မှုန်ပုံစံအတိုင်း တွေ့ရသည်။ ဆံပင်က ရှည်ရှည်၊ ပုဆိုးက ဘိုသီဘတ်သီနှင့် လွယ်အိတ်ဟောင်းတစ်လုံးကို ဖြစ်ကတတ်ဆန်းလွယ်ထားသည်။ နေရောင်က သူ့မျက်နှာပေါ်ကို တည့်တည့်ကြီး ထိုးကျနေတာ မဟုတ်ပါပဲနဲ့ မျက်နှာကို အစွမ်းကုန်ရှုံ့မဲ့ထားတာကို ကြည့်ပြီး သူမ တဘက်လှည့် ပြုံးလိုက်မိသည်။
အဝေးမှာ လိုင်းကားတစ်စီးက ဖြေးညှင်းစွာမောင်းနှင်လာသည်။ ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး ထိုင်နေရာမှ လေးတွဲ့စွာ ထလိုက်သည်။ ထို့နောက် စလင်းဘက်အိပ်ကို လက်နှင့်ကိုင်ရင်း ကားပေါ်တက်ဖို့ ဟန်ပြင်လိုက်သည်။ ကားနံပါတ်ကို လှမ်းကြည့်လိုက်သည်။ နံပါတ်က မှုန်မှုန်ဝါးဝါးနှင့် သိပ်တော့မမြင်ရ။ နံပါတ် ဂ လား သုညလား သိပ်တော့မသဲကွဲ။ ရှစ်နှစ်မဆုံးတာတော့ သေချာလောက်သည်ဟု တွက်ပြီး ကားပေါ်တက်ဖို့ တိုင်လေးနားမှာ သွားရပ်လိုက်သည်။
“ဒီမှာ.. ဒီမှာ”
“ရှင်…”
“ခင်ဗျားစာအုပ်ထဲက ပြုတ်ကျလာတာ”
သူ့လက်ထဲမှာ သူမ အမြတ်တနိုးသိမ်းထားတဲ့ မာသာထရီစာရဲ့ ပုံလေး။
“အော်.. ဟုတ်ကဲ့ ကျေးဇူးပါရှင်”
သူ့လက်ထဲမှာ မာသာထရီစာ ပုံလေးကို လှမ်းယူပြီး ဆိုက်လာတဲ့ ကားရဲ့ နံပါတ်ကို ထပ်ကြည့်လိုက်သည်။
“ဟင်၊ ကားနံပါတ်က ဂ နဲ့ဆုံးနေတယ်”
ကားလိုင်စင်နံပါတ်က ဂ နှင့်ဆုံးနေသည်မို့ သူမ နှုတ်က လွှတ်ကနဲ့ မသိမသာ ထွက်သွားသည်။ ထို့နောက် နောက်ပြန်လှည့်ပြီး ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။
သူက နားမလည်သလိုကြည့်ပြီး ကားပေါ်သို့ စွေ့ကနဲတက်သွားသည်။ ပြီးတော့ ကားပြူတင်းပေါက်မှ သုန်မှုန်နေသောမျက်နှာနှင့် သူမကို လှမ်းကြည့်ရင်းပါသွားသည်။
******
သူမဖတ်နေသော စာအုပ်ပေါ်ကို ယုဇနရွက်တစ်ရွက်က ကျလာသည်။ ညနေခင်း နေရောင်နုနုအောက်မှာ ကားဂိတ်နားက မြက်ခြောက်တွေ ပိုခြောက်နေသယောင်။ နေ့လည်ခင်းက အလုပ်များ၍ နေ့လည်စာလွတ်သွားသည်မို့ ဗိုက်က ခပ်တိုးတိုးအသံပြုနေသည်။ ခုံတန်းတစ်ဖက်စွန်းတွင် ထိုင်ပြီး အားလူကြော်ကို စိမ်ပြေနပြေ ၀ါးနေသော ကိုသုန်မှုန်ကြည့်ပြီး အလိုက်မသိတတ်လေခြင်းဟု စိတ်ထဲက ရေရွတ်မိသည်။
လမ်းမပေါ်က ကားတွေကြဲသွားတော့ ယုဇနရွက်လေတိုးသံနှင့် အတူ သူမဗိုက်ထဲက မြည်သံက တစ်ပြိုက်နက်ထွက်လာသည်။ မျက်နှာပြင်တစ်ခုလုံး ထူပူသွားပြီး စာအုပ်ကို စိတ်ဝင်တစားဖတ်နေသလိုနှင့် ခေါင်းကို ပိုငုံ့ထားလိုက်သည်။
“ခင်ဗျား ကျုပ်အာလူးကြော် စားလိုက်”
“ရှင်”
သူက လက်ထဲက အာလူးကြော်ထုတ်ကို ခုံတန်းတဖက်မှနေပြီး လှမ်းပေးနေသည်။ ခပ်လှမ်းလှမ်းမှာ ကားကလာနေသည်။ နဂိုထဲက ရှက်နေသည့်စိတ်နှင့် မစားတော့ဘူး ကျေးဇူးတင်ပါတယ်ဟု ယဉ်ယဉ်ကျေးကျေး ခွန်းတုံ့ပြန်ဖို့ နှုတ်ကိုပြင်ရုံရှိသေးသည်… ကိုသုန်မှုန်က..
“အာလူးကြော် ကျွေးနေတာဗျ၊ ခင်ဗျားဗိုက်က တဂွီဂွီနဲ့ ဘေးကလူက စားရတာမြိုမကျဘူး”
“ဘာရှင့်၊ ရှင်တော်တော်လေးကို… ဟင်း”
ဒေါသတွေကို မြိုသိပ်ပြီး ဆိုက်လာတဲ့ ကားပေါ်ကို အရင်နေ့တွေကလို နံပါတ်မကြည့်တော့ပဲ သူမ တက်သွားလိုက်သည်။
******
“မနေ့က ခင်ဗျား ကျုပ်ကို စိတ်ဆိုးပြီး ရှေ့မကြည့်နောက်မကြည့် တက်သွားတဲ့ ကားက နံပါတ် ဂ နဲ့ဆုံးနေတယ်”
သူ့စကားကို ခွန်းတုံ့မပြန်ပဲ စာအုပ်ထဲ အကြည့်တွေပို့ထားသည်။
“ခင်ဗျား ရန်လဲ မတွေ့တတ်ဘူးနော်”
နောက်နေ့တွေ တခြားမှတ်တိုင်မှ ပြောင်းစီးမည်ဟု စဉ်းစားနေမိသည်။
“ကျုပ်ကို စကားမပြောချင်ဘူးလား”
“ဒီမှာ စာဖတ်နေတယ်ရှင့်”
ဖတ်နေသည့် စာအုပ်ကို ခပ်ကြမ်းကြမ်းပိတ်ပစ်လိုက်ပြီး သူ့မျက်လုံးထဲကို စူးရဲစွာကြည့်ပြီး ပြောလိုက်သည်။
“အော်.. ဖတ်ပါခင်ဗျာ”
သူ ယုဇနပင်ကို မော့ကြည့်ပြီး ငြိမ်သက်နေသည်။ လေအဝှေ့မှာ သူ့ဆံပင်တွေ ၀ဲကျသွားသည်။ သုန်မှုန်နေကျ မျက်နှာက ဒီနေ့ ထူးထူးခြားခြား ၀မ်းနည်း နေသယောင်။
“ဟုတ်တယ်.. ကျွန်မ နဲ့ နံပါတ် ဂ တွေနဲ့က တနည်းတဖုံ ပတ်သက်နေတတ်တယ်”
အနည်းငယ်အားနာသွားသည့် စိတ်နှင့် စကားပြန်ပြောလိုက်သည်။
“ကျုပ်ရိပ်မိပါတယ်၊ ခင်ဗျားကြောက်လဲကြောက်တယ်မဟုတ်လား”
“ကြောက်တယ်ရယ်လို့လဲ မဟုတ်ပါဘူးလေ”
******
သည်လိုနှင့် နောက်ရက်တွေမှာ ယုဇနပင်အောက်မှာ မာသာထရီစာ၊ ဇိုဖီယာရှိုလ်း၊ ဗူးဗွား၊ အက်ရှ်ဗယ်ရီ၊ တဂိုး၊ သာကရီ တို့ ငြိမ့်ငြမ့်လေး သက်ဝင်လှုပ်ရှား တတ်လာသည်။ လမ်းမပေါ်မှာ ဂ နှင့်ဆုံးသော ကားများ တစ်စင်းပြီး တစ်စင်း ကျော်ဖြတ်သွားကြသည်။ ယုဇနပင်အောက်မှာ မာသာထရီစာ၊ ဇိုဖီယာရှိုလ်း၊ တဂိုး၊ သာကရီတို့ကတော့ စကားလက်ဆုံကြမြဲ။
“ကျုပ် ကို ခင်ဗျားအိမ်ကို ကော်ဖီလေးဘာလေး ခေါ်တိုက်ပါလား”
“အဟွန်း” နှုတ်ခမ်းကို စေ့ပြီး အသံထွက်ရုံ ရယ်လိုက်မိသည်။
“ခင်ဗျားဟာ တော်တော် သွေးအေးထုံပေတဲ့ မိန်းမပဲ”
“ရေရေရာရာ ဘာမှ မသိပဲ ထင်ကြေးတွေနဲ့ လူတွေကို တံဆိပ်တပ်တတ်တဲ့ သူတွေထဲမှာ ရှင်ပါလိမ့်မယ်လို့ မထင်ခဲ့မိဘူးရှင့်”
ရွှန်းလဲ့တောက်ပနေသော၊ အံ့သြနေသော မျက်ဝန်းများနှင့် သူမကို စိုက်ကြည့်နေသည်။
“မထင်ရဘူး၊ ခင်ဗျား စွာတတ်လိမ့်မယ်လို့”
သူ သတိလက်လွတ် ဟက်ဟက်ပက်ပက်ရယ်မောရင်း ပြောလိုက်သည်။
“သိပ်မခက်ပါဘူး”
“ဟာ.. ဟားဟားဟား”
ဘယ်တုန်းကမှ မပြုံးသော ကိုသုန်မှုန့်နှုတ်ခမ်းများကို အံ့သြစွာ သူမ ငေးကြည့်နေသည်။
******
တစ်နေ့သောအခါ.. ယုဇနပင်နားတ၀ိုက်မှာ အသံတွေ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ တိတ်ဆိတ်ငြိမ်သက်မှုက သက်တမ်းမြင့်လာခဲ့သည်။ ယုဇနပင်က တိတ်ဆိတ်ခြောက်ကပ်နေမှုကို သည်းမခံနိုင်တော့သလို တစ်ခါတစ်ရံ ငိုကြွေးတတ်သည်။ ရက်တွေကြာလှသည်နှင့်အမျှ နေရောင်ခြည်တွေက ပိုမိုပြင်းပြစွာ တောက်လောင်လာနေသည်။ ယုဇနပင်လဲ ညိုးလျော်ခြောက်သွေ့လာနေသည်။ မာသာထရီစာကတော့ သူမ ကို ပြုံးကြည့်မြဲ။ နံပါတ် ဂ ကားများကလည်း တစ်စင်းပြီးတစ်စင်း ကျော်ဖြတ်သွားနေဆဲ။ နောက်ဆုံးတော့ လက်ထဲက မာသာထရီစာ ပုံလေးကို ခေါက်ရိုးမကျိုးအောင် ညှင်သာစွာလိပ်လိုက်ပြီး ယုဇနပင်စည်က အခေါင်းပေါက်လေး တစ်ခုထဲကို ထိုးထဲ့ထားလိုက်သည်။
ထိုနေ့ကတော့ ယုဇနပင်၏ ကျောဘက်ခြမ်းမှာ ပင်စည်ကိုမှီရင်း သူမ ရပ်နေသည်။ ခုံတန်းလေးပေါ်က ရယ်သံလွင်လွင်လေးနှင့် တီးတိုး စကားသံများကို ကြားနေရသည်။
“ဟယ်.. ကိုကို၊ ကြည့်လိုက်စမ်း.. ပင်စည်ထဲမှာဘာလဲ”
“ဘယ်မှာလဲ.”
“ဟိုမှာလေ.. အခေါင်းပေါက်လေးထဲမှာ”
“…..”
“ဟင်… ဒါဘယ်သူ့ပုံလဲဟင် ကိုကို”
“မသိပါဘူးကွာ.. မယ်သီလရှင် တစ်ယောက်ယောက်ဖြစ်မှာပေါ့”
“ဘယ်သူထားထားတာလဲမသိဘူးနော်”
“မသိဘူး၊ ကိုယ် စိတ်မ၀င်စားဘူး၊ ကားလာနေပြီ သွားရအောင်နော်.. ချစ်”
“ကိုကို.. ကိုကို အရင်ကပြောတော့ နံပါတ် ဂ တွေနဲ့ ဆုံးတဲ့ ကားမစီးဘူးဆို”
“အင်း.. အခု စီးတယ်လေ.. သွားကြရအောင်.. အချစ်ကျောင်းချိန်နီးနေပြီမဟုတ်လား”
နံပါတ် ဂ နှင့်ဆုံးသော ကားက တအိအိနှင့် ထွက်ခွာသွားသည်။
ခုံတန်းလေးပေါ်မှာ ပြုံးနေသော၊ ကြေမွနေသော၊ မာသာထရီစာ ပုံလေးက ငြိမ်သက်စွာလှဲလျောင်းနေသည်။
သူမ မြတ်နိုးစွာကောက်ယူရင်း ရင်ခွင်မှာပွေ့ထားလိုက်ပါတော့သည်။
Labels: ၀တ္ထု






11 Comments
Saturday, 27 September 2008
Monday, 22 September 2008
Saturday, 20 September 2008
Friday, 19 September 2008
Friday, 19 September 2008
Friday, 19 September 2008
Friday, 19 September 2008
Friday, 19 September 2008
Friday, 19 September 2008
Friday, 19 September 2008
Friday, 19 September 2008
Would you like to comment?
Sign up for a free account, or Sign in (if you're already a member)