Sign Up
lost your password?

သံစဉ်မဲ့အလင်္ကာများ

အင်တာနက်နှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်

Thursday, October 8th, 2009

 “Dwelling online is a cowardly and utterly enjoyable alternative to real interaction.”

စစ်မှန်တဲ့ လူမှုဆက်ဆံရေးတွေကို ရှောင်လွှဲချင်ကြတဲ့အတွက် လူတွေအွန်လိုင်းတွေပေါ်မှာ အချိန်သုံးနေကြတယ်။ အဲလိုအချိန်တွေသုံးနေတာဟာ သူရဲဘောဆန်လွန်းစွာ နဲ့ အတိုင်းထက်လွန်စွာ ပျော်စရာကောင်းတယ်လို့ New York Times ရဲ့ Op-Ed writer ဖြစ်တဲ့ Alice Mathias ကဆိုပါတယ်။

အဲဒါက အရင်ကတော့ ဖြစ်ကောင်းဖြစ်မယ်။ အခုချိန်မှာတော့ ဖြစ်နိုင်ချေက အလွန်နည်းလာပါပြီ။ လူတွေက facebook၊ my space၊ twitter၊ tagged တွေကို အသုံးပြုပြီး အချင်းချင်းဆက်သွယ်လာကြတဲ့ အခါမှာ ကိုယ့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ်၊ အကုန်လုံးကိုပဲ ဖြစ်ဖြစ် ချပြလာကြတယ်။ အဲသလိုချပြလာတဲ့အခါမှာ real interaction တွေဖြစ်လာတယ်၊ အကောင်းတွေကော အဆိုးတွေကော ဖြစ်စေတယ်၊ အဆိုးတွေဖြစ်လာတဲ့အခါမှာ တစ်ကယ်ပဲ ပျော်စရာကောင်းသေးလားဆိုတာလည်း စဉ်းစားစရာဖြစ်လာပါပြီ။

အွန်လိုင်းစာမျက်နှာတွေထဲက တစ်ခုဖြစ်တဲ့ facebook ဆိုတာပေါ်နေတာ ငါးနှစ်လောက်ရှိပါပြီ။ ဒါပေမယ့် မနှစ်က မြန်မာပြည်ပြန်တော့မှ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့အတွက် အကောင့်လေးတစ်ခုကို အဲဒီတော့မှ ဖွင့်ဖြစ်ခဲ့တယ်။ အကောင့်ထဲမှာ ကျောင်းတုန်းက ရင်းနှီးတဲ့ သူငယ်ချင်း အယောက်သုံးဆယ်ထက် မပိုတဲ့ကျွန်မ၊ သိပ်အရေးကြီးတဲ့ သတင်းကို သူငယ်ချင်းတွေကို သိစေချင်တဲ့အခါကလွဲပြီး အခြားဘာဓာတ်ပုံမှကို မတင်တဲ့ ကျွန်မလို လူမျိုးတွေသာ များနေရင်တော့ facebook လဲ စီးပွားရေးကျမှာ အမှန်ပါပဲ။

ကျွန်မ အမြင်မှာတော့ လူသန်းသုံးရာလောက်သုံးနေတဲ့ facebook မှာ သုံးသူတော်တော်များများမသိတဲ့ အချက်ကတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဈေးကွက်အမြတ်အတွက် အသုံးချနေတာကိုပါပဲ။ facebook အနေနဲ့ နာမယ်ကြီးကွန်ပြူတာဂိမ်းတွေနဲ့ quizzes တွေကို ဒေါင်းလုပ်ချတဲ့ third-party developers တွေကို facebook သုံးတဲ့လူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကြိုက်သလိုယူခွင့်ပေးထားပါတယ်။ ဒီအချက်ကိုပြုပြင်ပေးရန် ကနေဒါနိုင်ငံသက်ဆိုင်ရာများက တောင်းဆိုထားပါတယ်။ နောင်နှစ်နွေရာသီအထိ ဒါကိုပြင်ဆင်ပေးရန် facebook ကို အချိန်ပေးထားတယ်လို့သိရပါတယ်။ အချို့တွေအတွက် ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စီးပွားရေးမှာဖြစ်ဖြစ်၊ အခြားနေရာတွေမှာဖြစ်ဖြစ် third-party တွေက အသုံးချနေတာ အရေးမကြီးနိုင်ပေမယ့်၊ ကျွန်မအတွက်တော့ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဒီလိုအသုံးပြုနေတာကို သိပ်မနှစ်သက်လှပါဘူး။ ဒါဟာလည်း လူတစ်ဦးချင်းစီရဲ့ ခံယူချက်ပေါ်မှာ မူတည်ပါလိမ့်မယ်။ အချို့က ပွင့်လင်းတယ်။ အချို့က ပရိုက်ဗိတ်ဖြစ်တတ်တယ်။ သိပ်ပွင့်လင်းရင်လည်း မကောင်းသလို၊ သိပ်ပြီးလျှို့ဝှက်လွန်းခြင်းဟာလည်း မကောင်းပါဘူး။ သိပ်ပွင့်လင်းလွန်းတဲ့အခါမှာ အောက်ကအဖြစ်မျိုးလေးတွေလည်း ဖြစ်တတ်ပါတယ်။

More...

ဟိုတစ်လောက မိန်းကလေးတစ်ယောက် ယဉ်တိုက်မှုဖြစ်ပြီး အာမခံငှာနမှ ဒေါ်လာငွေ ငါးသောင်း အလျော်တောင်းတယ်။ ယဉ်တိုက်မှုကြောင့် သူအလုပ်လုပ်နေတဲ့ cashier အဖြစ် အကြာကြီး မတ်တပ်မရပ်နိုင်ကြောင်း၊ အရင်တုန်းကလို တောင်တက်၊ စက်ဘီးစီး၊ ကခုန်တာမျိုးတွေ မလုပ်နိုင်တော့ကြောင်း၊ ဒေါက်ကလပ်ကောလိပ်ကျောင်းနဲ့ ဆိုင်မွန်ဖရေဇာတက္ကသိုလ်ကျောင်းတွေမှာ စာသင်နေရင်း ထိုင်နေရင်းမှာ ကိုယ်လက်တွေ နာလွန်းလို့ စာတောင် မသင်နိုင်တော့ကြောင်း စတဲ့ အချက်တွေနဲ့ အာမခံငှာနမှ ငွေတွေရအောင် ကြိုးစားပါတယ်။ အဲဒီမှာ အာမခံငှာနမှ ရှေ့နေတွေက အဲဒီမိန်းကလေးရဲ့ facebook ကို စစ်လိုက်တော့၊ တောင်တက်နေတဲ့ပုံတွေ၊ ကခုန်နေတဲ့ပုံတွေ၊ စက်ဘီးစီးနေတဲ့ ပုံတွေကို တွေ့ရတော့တာပါပဲ။

နောက်တစ်ဦးကတော့ ယဉ်တိုက်မှုတစ်ခုမှာ တစ်ဘက်မှလူ သေဆုံးသွားတာကို၊ အလွန်အမင်းနောင်တရ ၀မ်းနည်းကြောင်း တရားရုံးမှာ ထွက်ဆိုပြီး ပြစ်မှုလျော့ပေါ့အောင် ကြိုးစားပေမယ့်၊ သူ့ရဲ့ဆိုက်မှာ ယဉ်တိုက်ပြီး နှစ်ရက်လောက်မှာ ပါတီတစ်ခုမှာ ပျော်ပါးမူးယစ်နေတဲ့ ပုံတွေကို ရဲတွေက တွေ့တော့တာပါပဲ။
အခုနောက်ပိုင်း ရဲတွေ ပုလိပ်တွေက လူတစ်ယောက်ကို လိုက်ပြီဆိုရင် facebook တို့ my space တို့လိုနေရာတွေကိုပါ မွှေနှောက်ရှာဖွေတယ်လို့ သိရပါတယ်။ ကောလိပ်ကျောင်းဝင်းတွေရဲ့ ရဲတွေကလည်း အသက်မပြည့်ဘဲ အရက်သေစာသောက်စားနေလား၊ အခြားတရားမ၀င်တာတွေ လုပ်နေလားကို ထိုနေရာမျိုးတွေမှာ သွားရှာပြီး ပြစ်မှုထင်ရှားရင် ကျောင်းသားတွေကိုလည်း အပြစ်ပေးတတ်ပါတယ်တဲ့။ တိုရန်တိုကောလိပ်တစ်ခုမှာ ကျောင်းအုပ်ကြီးကို facebook မှာ ဝေဖန်ထားလို့ ကျောင်းသားအချို့ အပြစ်ပေးခံရဖူးပါတယ်။ facebook မှာ cyber bulling ကိုလဲ မြင်တွေ့ရတယ်လို့ဆိုပါတယ်။ အုပ်စုဖွဲ့ပြီး တစ်စုံတစ်ယောက်ကို အနိုင်ကျင့်တဲ့ cyber bulling ကတော့ အွန်လိုင်းအဖွဲအစည်းတွေတိုင်းမှာ တွေ့ရတတ်ပါတယ်။  ဘလောဂ်စဆောက်စဉ်မှာ စီနီယာဘလောဂါတွေရဲ့ ဂျူနီယာဘလောဂါတွေကို (အဲဒီဂျူနီယာဘလောဂါတွေဟာ သူတို့တွေထက် အသက်အရွယ်ကအစ၊ ပညာကအစ ကြီးနိုင်မြင့်နိုင်ပါသော်လည်း - ဂါရတောစ နိဝါတောစ - ငြင်းချက်တွေကိုလက်ကိုင်ထားပြီး) ပညာပြမှုလေးတွေမှ စတဲ့ အသေးအမွှားကိစ္စလေးတွေကအစ၊ အုပ်စုလိုက်အနိုင်ကျင့်လို့၊ စိတ်အနှောက်အယှက်ပေးလို့ ဘလောဂ်ပါပိတ်လိုက်ရတဲ့ ဘလောဂါတွေကိုလည်း မြင်ဖူးပါတယ်။ အမည်အတုတွေနဲ့ အနှောက်အယှက်ပေးမှုတွေဟာလည်း ကွယ်ဝှက်ထားလို့မရတော့ပါဘူး။ လွန်ခဲ့တဲ့ သြဂုတ်လတုန်းက Keeley Houghton ဆိုတဲ့ အသက် ၁၈နှစ်အရွယ် ဗြိတိန်နိုင်ငံက ကျောင်းသားလေးတစ်ယောက်ဟာ facebook ပေါ်မှာ အတန်းသားတစ်ယောက်ကို cyber bulling လုပ်မှုနဲ့ ထောင်သုံးလ ကျသွားပါတယ်။

အာမခံငှာနတွေက ရဲငှာနတွေက လိမ်လည်လှည့်ဖျားမှုတွေနဲ့ ပြစ်မှုကျူးလွန်မှုတွေကို facebook မှာသွားပြီး အနံ့ခံတတ်ကြသလို၊ လူတစ်ဦးကို အလုပ်ခန့်တော့မယ်ဆိုရင်လည်း ကုမဏီတွေက facebook တို့ my space တို့မှ တဆင့် ခန့်မည့်သူကို လေ့လာတယ်လို့လဲ သိရပါတယ်။ ထိုနည်းတူပဲ အလုပ်ဖြုတ်ချင်လို့ အကြောင်းရှာတော့မယ်ဆိုရင်လည်း ထိုနေရာတွေမှာ သွားပြီးမွှေနှောက်တတ်ကြပါတယ်။

facebook-privacy.jpg“ဆယ်ကျော်သက်တွေဟာ မိမိရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အွန်လိုင်းစာမျက်နှာတွေမှာ ဝေမျှတဲ့အခါမှာ နှစ်ခါစဉ်းစားပြီးမှ ဝေမျှသင့်တယ်” လို့ Canada နိုင်ငံရဲ့ privacy commissioner ဖြစ်တဲ့ Jennifer Stoddart က privacy-sector privacy law နဲ့ပတ်သက်ပြီး ပါလီမန်မှာ annual report မှတဆင့် ကနေဒါနိုင်ငံမှာရှိတဲ့ ဆယ်ကျော်သက်များကို ကြပ်ကြပ်မတ်မတ် တိုက်တွန်းသွားပါတယ်။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အများနဲ့ဝေမျှပုံတွေကို မိဘတွေအတွက် မယုံနိုင်လောက်အောင်ဖြစ်ရတယ်၊ အဘိုးအဘွားတွေအတွက်တော့ မတွေးဝံ့လောက်စရာ၊ စဉ်းကိုမစဉ်းစားရဲစရာ ဖြစ်ရတယ်လို့ သူမ ကဆက်ပြောပါတယ်။ ငယ်ရွယ်စဉ်အခါမှာ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ စိတ်ထဲရှိသလို ပြုမှုကျင့်ကြံတာတွေဟာ အသက်ကြီးလာတဲ့အခါမှာ အရှက်ရစရာတွေ ဖြစ်ရတယ်လို့လည်း သူမက ဆိုပါတယ်။

ကိုယ်က မမှန်တာလုပ်မထားရင် စိုးရိမ်စရာဘာမှ မရှိပေမယ့်လည်း၊ ကိုယ်ဘယ်လိုလူလဲဆိုတာကို ဓာတ်ပုံများများကြည့်စရာမလိုပါဘူး၊ တစ်ပုံနှစ်ပုံလောက်ကြည့်တာနဲ့ကို သိနိုင်ပါတယ်။ facebook မှာသွားလိုက်ရင် အချို့တွေက ရှုခင်းလေးတွေပဲတင်တယ်၊ အချို့တွေကတော့ မိသားစုပုံတွေတင်တယ်၊ အချို့တွေကတော့ စားကောင်းသောက်ဖွယ်တွေစားနေတာ၊ ပါတီပွဲတွေဆင်နွှဲနေတာတွေကိုတင်တယ်၊ အချို့တွေကျတော့လဲ မားစီးဒီးတွေ၊ ဘီအမ်ဒဗလျူတွေ၊ အိမ်ကြီးတွေ၊ ပိုင်ဆိုင်မှုမှန်သမျှဖြစ်တဲ့ ခွေး၊ကြောင်၊ကြက်၊၀က်၊ နွား၊ တစ်တီတူးကအစ တင်တယ်။ အချို့ကျတော့လည်း ကိုယ်ချစ်တဲ့ သူနဲ့တွဲရိုက်တာတွေတင်တယ်။ အဲ…. အဆင်မပြေလို့ကွဲတော့ နောက်တစ်ယောက်.. နောက်တစ်ယောက်…. ဒီလိုနဲ့.. အလွန်ရည်းစားများသူ ဖြစ်ပါပကော။ အချို့တွေကျတော့လည်း သောက်စားမူးယစ်နေတာတွေ တင်တယ်။ တင်လိုက်တိုင်း အမြဲ ဆေးလိပ်မီးခိုးတလူလူနဲ့ သောက်စားမူးယစ်တဲ့ ပုံတွေတင်မိရင်၊ အပြင်မှာ ကိုယ်က အမြဲတမ်းမူးယစ်ပျော်ပါး မနေသော်လည်း ဓာတ်ပုံလေးတစ်ခုတည်းနဲ့ ကိုယ့်ကိုတံဆိပ်ကပ်သွားနိုင်တယ်။ “ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ…တင်ချင်တာတင်မယ်၊ မကျေနပ်လည်းဘာအရေးလဲ” လို့ ဆိုနိုင်ပေမယ့်လည်း၊ ကြားဖူးတဲ့ သီချင်းတစ်ပုဒ်ထဲကလို “လောကကြီးကိုအရွဲတိုက်ရင် မင်းဘဲဒုက္ခရောက်လိမ့်မယ်” ဆိုသလို ဖြစ်မှာစိုးပါတယ်။

အထူးသဖြင့် လူငယ်တွေအနေနဲ့ အလုပ်ရှင်က ၀င်မွှေလို့ စိတ်အခန့်မသင့်တာတွေ့သွားရင် အလုပ်ကိုင်ကောင်းကောင်းတစ်ခုကို လက်လွတ်သွားစေနိုင်ပါတယ်။ အလုပ်ကောင်းကောင်းရှိပြီးသူတွေ အနေနဲ့လည်း မိမိ အကြောင်းခရေစေ့တွင်းကျကို အွန်လိုင်းစာမျက်နှာတွေပေါ်မှာ အလုပ်ရှင်တွေက မြင်နေရလို့၊ သူတို့စိတ်အခန့်မသင့်တာနဲ့ကြုံလို့ အလုပ်ဖြုတ်ခံရသူတွေလည်း အများကြီးရှိပါတယ်။ ပရိုဖက်ရှင်နယ်ကျောင်းတွေကို ၀င်ရရန် အခွင့်အလမ်းတွေ ဆုံးရှုံးရတာတွေလည်း ရှိပါတယ်။ မိမိအကြောင်းတွေ လိုအပ်တာထက် ပိုပြီးဝေမျှမိရင်လည်း မိမိရဲ့ identity ကို ခိုးယူအသုံးချမည့်သူတွေကလည်း အမြဲတမ်း စောင့်ကြည့်နေတာကို သတိပြုစေလိုပါတယ်။

ဆက်ပါမယ်…..

pictures taken from www.valuemyhouse.com

 

 အိမ့်ချမ်းမြေ့

 

Labels: ဆောင်းပါး

3 Comments

soe moe
Friday, 09 October 2009
ကျေးဇူးတင်ပါတယ် အစ်မရေ
luulane
Thursday, 08 October 2009
အရမ်းကောင်းတဲ့ပို့စ်လေးပါ ။ ကျေးဇူးပါ :)
ThuRaThaWah
Thursday, 08 October 2009
ဖတ်လို့လည်းကောင်း ... မှတ်လို့လည်းကောင်းပါတယ် အမရေ ..... ကျေးဇူးအများကြီးတင်ပါတယ်

Would you like to comment?

Sign up for a free account, or Sign in (if you're already a member)
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.