မောင်
Friday, September 26th, 2008
ဒိုင်ယာရီတွေ ကြားမှာသာ
မကြာခဏ
ပြန့်ကျဲလို့ကျခဲ့
အိပ်မက်တွေ များမှာသာ
ကြိမ်ဖန်များစွာ
ယောင်ယမ်းလို့ တခဲ့
*
နားဆင်ပါ...ချစ်သူရယ်
မိုးစက်ကလေးတွေ
မင်းဆီကို ပြေးကပ်လာတဲ့အခါ
မင်းဖြတ်သွားတဲ့အခိုက်
လေပြည်ကလေးက ရှိုက်သံပေးတဲ့အခါ
ဟိုးအဝေးက အသံတွဲတစ်စကို သယ်လာရင်း
ပင်လယ်ရေလှိုင်းတို့
မင်းခြေရင်းကို တို့ထိတဲ့ အခါ
မင်းစောစောနိုးတဲ့
မနက်ခင်းတချို့မှာ
ငှက်ကလေးတို့ တေးဆိုသံကြားတဲ့အခါ
*
ရှာကြည့်ပါ... ချစ်သူရယ်
ဇွန်ပန်းရုံ သစ်ရွက်ကလေးရဲ့ နောက်က
ပုန်းကွယ်နေတဲ့ ပန်းပွင့်လေးရဲ့ မွှေးရနံ့ထဲမှာ
ကောင်းကင်မှာ လူးလွန့် တဲ့
စိမ်းပြာရောင် လျှပ်စီးကြောင်းတွေရဲ့
မဆံ့တငံ့ မြည်ကြွေးသံမှာ
အေးစက်စက် မျက်ဝန်းနောက်က
ထွင်းဖောက်ကြည့်မှ မင်းမြင်ရမယ့်
ချစ်ခြင်းဆိုတဲ့
အလင်းတန်းရဲ့နောက်မှာ
*
နားလည်ပါ… ချစ်သူရယ်
တကြိမ်တခါမှ
ဖွင့်ဟခွင့် မရခဲ့တော့လည်း
တိုးတိတ်ကျယ်လောင်စွာ
မြိုသိပ်ပေါက်ကွဲ
*
ရင်ထဲမှာ...
*
အေးမြတ်မြတ်ကို
(မင်းကြားအောင် မခေါ်နိုင်ခဲ့တာက လွဲရင်...နေရာအနှံ့မှာ အဲဒီခေါ်သံတွေ ကိုယ် ၀ှက်ထားခဲ့ပါတယ်)


