Sign Up
lost your password?

Groovy Kind of Disc

Just My forlorn story

ဘုရားပေးသော လက်ဆောင်များ

Sunday, August 17th, 2008

နိဒါန်း

"Singapore တစ်မြို့လုံး ငါ့ကျေးဇူးရှင်တွေကြီးပဲ"  လို့ မကြာသေးခင်က သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောတော့  ပြောမိပါသေးတယ်။

 ပြောရလောက်အောင် ဖြစ်ခဲ့တာတွေလည်း ရှိနေတာကိုး ..

Singapore ရောက်ရောက်ချင်း ကျွန်မ ဖေဖေနဲ့ အဒေါ် ရဲ့ အသိတွေ လိုက်တွေ့ရတာနဲ့တင် တပတ်လောက် အချိန်ကုန်ပါတယ် .. အဲဒီ တပတ်အတွင်း Singapore တခွင်လုံး နှံ့သွားသလောက်ပါပဲ။ (နောက်ပိုင်းမှာ အဲဒီအကြောင်း သူသိတော့ ဆူပါတယ် .. အလုပ်ရှာဖို့လာတာ အချိန်ကုန်ခံပြီး လျှောက်သွားစရာလားပေါ့ .. အော်  လူကြီးတွေကဖိတ်မှတော့ မသွားရင်ကောင်းပါ့မလား)

ကျွန်မဟာ အလကားနေရင်း အတော် ဘ၀င်မြင့်တယ် ပြောရမလား  သွေးနားထင်ရောက်တယ် ပြောရမလား .. လူကြီးမိဘ ဆွေမျိုးသားချင်း အကူအညီနဲ့ လူရာဝင်ရမှာ အင်မတန် ၀န်လေးခဲ့ပါတယ် ..

ဒါပေမယ့် ကျွန်မဟာ ဖေဖေနဲ့ အဒေါ်တို့ လျှောက်ခဲ့တဲ့ လမ်းကြောင်းပေါ်ကို ရောက်လာတဲ့အခါ သူတို့ရဲ့ကျယ်ပြန့်တဲ့ အသိုင်းအ၀ိုင်းကို ဘယ်လိုမှ မရှောင်နိုင်ပါဘူး .. ဘာပဲဖြစ်ဖြစ် ကိုယ်သွားလေရာ နေရာတိုင်းမှာ နှုတ်၏ဆောင်မခြင်း  လူ၏ဆောင်မခြင်း တွေနဲ့ ကူညီမယ့်သူတွေနေရှိတာဟာ တန်ဖိုးဖြတ်လို့နိုင်တဲ့ အားဆေးတစ်ခွက်လိုပဲဆိုတာ  (နိုင်ငံရပ်ခြားကို တစ်ယောက်ထီးတည်း ထွက်လာခဲ့တဲ့အခါမှာတော့) အသေအချာကို နားလည်ခဲ့ရပါတယ်။

အဲဒီ လူကြီးတွေနဲ့အတူ ကျေးဇူးတင်ရမယ့်သူတွေကတော့ ကျွန်မရဲ့ ချစ်စွာသောသူငယ်ချင်းတွေ ဖြစ်ပါတယ် ..

Singapore မှာ သူငယ်ချင်းတွေ ပြန်တွေ့ရင်လည်း အရင်လို အရသာ မရှိတော့ဘူးလို့  ကျွန်မပြောလေ့ရှိတာ ..ခုချိန်ထိပါပဲ ..

မြန်မာပြည်မှာတုန်းကတော့ တွေ့ကြရင် "ဟီးဟီးဟားဟား" လုပ်ပြီးပေါကြမယ် .. ပြီးရင် အဲဒီ အပျော်တွေဟာ အိမ်ထိ ပြန်ပါလာတတ်ပါတယ်..

Singapore မှာလည်း တွေ့တာနဲ့  ပါးစပ်မစေ့နိုင်အောင် ဟား နေကြတာချည်းပါပဲ ..  စိတ်ပြောင်းသွားတဲ့သူ .. ဘ၀င်မြင့်သွားတဲ့သူ .. အချင်းချင်း ကျောချင်တဲ့သူ မပါတဲ့ အတွက်   (အော် အားလုံးကလည်း ငပေါတွေချည်းပဲလေ)   ဒီလို သူငယ်ချင်းမျိုးတွေရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်ခွင့်ရတဲ့အတွက်လည်း  ဂုဏ်ယူမဆုံးပါ ..

အခြေအနေတွေကတော့ ပြောင်းလဲသွားပါပြီ .. ရယ်သံတွေရဲ့နောက်မှာ တာဝန်တွေပါလာပြီ .. ဘယ်တော့မှ သေချာမှာမဟုတ်တဲ့ ချိန်းဆိုချက်တွေရဲ့ နောက်မှာ stress တွေပါလာပြီ ..

နောက်ဆုံးတော့ သူငယ်ချင်းတွေ ပြန်တွေ့ရတဲ့ အခါ အရင်လို မဟုတ်တော့ဘူးလို့သာ ကျွန်မ အထပ်ထပ် ခံစားမိတော့တယ် .. Singapore ဟာ ကျွန်မတို့သူငယ်ချင်းတတွေရဲ့ အတွင်းစိတ်တွေကို မပြောင်းလဲနိုင်ခဲ့ပေမယ့် ပျော်ရွှင်မှုတွေကိုတော့ စုပ်ယူပစ်လိုက်နိုင်ပါတယ် .. သူငယ်ချင်းတွေနဲ့ဆုံပြီး အိမ်အပြန်မှာ အရင်လို အပျော်တွေမပါလာတော့ဘဲ အလွမ်းတွေသာကျန်ခဲ့တယ် ..

ကျွန်မကပဲ ရှာကြံ လွမ်းတတ်တဲ့သူတစ်ယောက် ဖြစ်နေသလား မပြောတတ်ပါ ..

 အချိန်တွေကုန်သွားတာနဲ့ အမျှ  အတိတ်က ပုံရိပ်တချို့ဟာ  ဖမ်းဆုပ်လို့မရအောင် ပျောက်ဆုံးကုန်ကြပါတယ် .. အမှတ်တရတွေသာ ရင်ထဲမှာ ကျန်ရစ်ခဲ့ပြီး အလွမ်းတွေကို ဖန်ဆင်းတယ် ..

 

သူငယ်ချင်းများအား အမှတ်တရ

အေးမြတ်မြတ်ကို

Labels: AMMK, Friends, Blog

ကျေးဇူးစကား

Sunday, August 10th, 2008

ကဗျာ မရေးဖြစ်တာ (၇) နှစ်လောက် ရှိပါပြီ… 1997, 98, 99…နှစ်တွေဆီက အများဆုံး ရေးဖြစ်ခဲ့ပြီး 2001 ခုနှစ်မှာ “ချည်တိုင်”  ကို နောက်ဆုံး ရေးဖြစ်တယ်…

 

အဲဒီနောက်ပိုင်း  ကဗျာရေးဖို့ အာရုံဝင်စားလို့ ရလောက်တဲ့ အခြေအနေမျိုး .. စိတ်အနေအထားမျိုး ကျွန်မ မရခဲ့တော့တာ ကျောင်းပြီးလို့ အလုပ်ဝင်ထိပါပဲ.. ကျွန်မရဲ့ အာရုံဝင်စားရာတွေဟာ သိသိသာသာနဲ့ပဲ ပြောင်းလဲဖြန့်ကျက်ခဲ့ပါတယ်… 

 

အဲဒီ အတွက်လဲ ကျွန်မ စိတ်မကောင်းဖြစ်ခဲ့မိတယ် မထင်ပါ…ဆယ်တန်းအောင်ပြီးကာစ မိန်းကလေးတစ်ယောက်လို မြင်မြင်သမျှကို ကဗျာရေးချင်စိတ်ရှိမနေတော့တာ ဘာများဆန်းလို့လဲ..  

 

 ဒီလိုပဲ တွေးခဲ့မိတယ်.. 

 

တနေ့ပြီးတနေ့ ငွေဈေးအတက်အကျ ရယ်… After Sale Service Schedule တွေရယ်…အမျိုးမျိုး အပြားပြားသော Model တွေ အတွက် တူမယောင်နဲ့ကွဲတဲ့  Spare Parts  တွေရယ်… Business Management နဲ့ဆိုင်တဲ့ seminar တွေရယ်…ပြီးတော့ ရုံးချိန်ပြင်ပ language class တွေနဲ့ engineering course တွေရယ်…ဘာတွေကများ  ကျွန်မရဲ့ ကဗျာရေးချင်စိတ်ကို တွန်းအားပေးနိုင်ပါမလဲ.. 

 

2008 ခုနှစ် ဇန်န၀ါရီလ (31) ရက်နေ့ မှာ  ကျွန်မ အလုပ်ထွက်ပါတယ်..ဖေဖော်ဝါရီ တလလုံးလုံးဟာ သင်တန်းချိန်တွေကလွဲရင် ပတ်ဝန်းကျင်ကို စိတ်ဝင်စားဖို့ စိတ်အား လူအားရှိတဲ့ ခဏတာလေးပေါ့.. 

 

အဲဒီ ဖေဖော်ဝါရီ  တရက်  ရန်ကုန်မှာမိုးရွာပါတယ်..အဲဒီရက်မှာပဲ  Baldwin Library ကို အသွား  TTC ရှေ့က မြက်ခင်းပြင်ကိုလှမ်းကြည့်မိတဲ့ တခဏမှာ ကျွန်မရဲ့ ကဗျာရေးချင်စိတ်တွေ ရုတ်တရက် အရှိန်ပြင်းပြင်းပေါ်လာခဲ့ပါတယ်.. 

 

ကျွန်မ တပတ်လုံးလုံး  “ဆောင်းတွင်းမိုး”  ဆိုတဲ့ ကဗျာကိုရေးဖို့ အမျိုးမျိုး စာသားရှာ ခဲ့ပေမယ့် …နောက်ဆုံးတော့  သူငယ်ချင်းကိုသာ “ ငါ ကဗျာ ရေးလို့မရတော့ဘူး”  လို့ ပြောပြီး  လက်လျော့ ခဲ့ရတော့တယ်…

 

ဒီတကြိမ်မှာတော့  ကျွန်မ စိတ်မကောင်းဖြစ်မိတယ်.. ကျွန်မရင်ထဲမှာ တခုခု ဆုံးရှုံးသွားသလိုပဲ.. 

 

ကျွန်မ ဘယ်တော့မှ ကဗျာရေးလို့မရနိုင်တော့ဘူးလား.. 

 

March လ (1) ရက်နေ့မှာ  ကျွန်မ S’pore ကို ရောက်ပါတယ်..ဒီကို ရောက်ပြီး (၂) လလုံးလုံးမှာတော့ .. ကဗျာရေးဖို့ မပြောနဲ့   သူများရေးထားတဲ့ ကဗျာတောင် ဖတ်ချင်စိတ်မရှိခဲ့ဘူး..Suboo ကိုလည်း မ၀င်ဖြစ်ခဲ့ဘူး..S’pore ဟာ ကျွန်မရဲ့ အနုပညာအာရုံကို အသေသတ်ပစ်လိုက်တယ် လို့တောင်  ထင်မိပါရဲ့..

 

**************************************************************** 

အပြောင်းအလဲ အချိုးအကွေ့ အမျိုးမျိုးနဲ့ မကြာခဏ ကြုံလာခဲ့ရတဲ့  ကျွန်မရဲ့ ကံကြမ္မာကိုသာ ကျေးဇူးတင်မိပါတယ်..အသစ်သစ်သော ပတ်ဝန်းကျင်တွေမှာ ခဏလေးနဲ့  adapt လုပ်နိုင်ခဲ့တာဟာ အဲဒီ ကံကြမ္မာ ဆိုတာက လေ့ကျင့်ပေးခဲ့တာကြောင့်ပါပဲ.. ဘယ်လို ခံစားချက်မျိုးပဲ ဖြစ်ဖြစ် ကျွန်မအတွက် တာရှည်လဲ မခံခဲ့ဘူး..

 

အလုပ်ရပြီးတဲ့နောက်ပိုင်း နောက်ကျိ နေတဲ့ စိတ်တွေ အနည်ထိုင်အောင်ကြိုးစားရင်း  “ချစ်သူ” ကို ရေးဖို့ ဖြစ်လာပါတယ်.. အလုပ်ကပြန်လာပြီး Computer ရှေ့မှာ တထိုင်တည်း ရေးပစ်ခဲ့တဲ့ ကဗျာပေါ့..(Type ရိုက်ပြီး ပထမဆုံး ရေးဖြစ်ခဲ့တာပါ) 

တကယ်တော့  Blogger သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာကို ဖတ်မိရင်းက ..သူ့ ကဗျာ Theme လေးကို မှီးပြီး ရေးခဲ့ရတာပါ…Post တင်ပြီးတဲ့နောက်  ဖုန်းပြောဖြစ်တဲ့ တညမှာတော့ အဲဒီ သူငယ်ချင်းက (ခပ်ရိရိ)ပြောပါတယ်… ”ဘယ်ကဗျာကို မှီးထားမှန်းမသိရလောက်အောင်ကို ပြောင်မြောက်ပါတယ်ဗျာ” တဲ့…(သူမသိချင်လို့သာ မသိတာ..ကျွန်မ မှီးထားတဲ့ သူ့ကဗျာ နဲ့ အခု ကျွန်မ ရေးတဲ့ ကဗျာ ခေါင်းစဉ်တူတူပါ)

 ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်..

ကျွန်မရဲ့ တကျော့ပြန် ကဗျာလေးကို ဖတ်ပြီး comment တွေချန်သွားတဲ့ Suboo အဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်ပါတယ်.. 

ဒီကဗျာ ရေးဖြစ်အောင် အခြေနေတွေ  ဖန်တီးပေးခဲ့တဲ့သူတစ်ယောက်ကိုလည်း တကယ်ပဲ ကျေးဇူးတင်မိပါတယ်.. 

(ကျွန်မ မှားခဲ့တာတွေအတွက် ဒါလောက်လေးနဲ့ မကျေနိုင်ဘူး ဆိုတာ သိပေမယ့်လည်း …ကဗျာရေးပြီးတောင်းပန်တယ် ဆိုတာ ကျွန်မ အတွက်တော့  အလေးအနက်..အနူးအညွတ်..အနေအထားပါဆိုတာ သူသိစေချင်လှပါတယ်…)

 အေးမြတ်မြတ်ကို

Labels: AMMK, Acknowledgement, Blog

ချစ်သူ

Monday, August 4th, 2008

  

 

လေပြည်ညင်းလိုပေါ့

သူ...ဖြည်းဖြည်းချင်းရောက်လာခဲ့တာ...

ကိုယ့်ဆံနွယ်တွေထဲမှာတောင်

သူ့ ၀င်သက်နွေးနွေး

ခုထိရှိသေးတယ်...

 *

မဖိတ်ခေါ်ဘဲ လာခဲ့သူ

*

ရင်ထဲမှာ ကြေမွ

အရာအားလုံးကို ခြွေချ

ကိုယ့်နှလုံးသား ကြွေကျသွားကာမှ...

*

ချန်ခဲ့ရက်လေတယ်...

*

 

Labels: AMMK, Blog, Poem

တခါတရံမှာ...

Saturday, July 19th, 2008

တိတ်ဆိတ်ခြောက်သွေ့
အလွမ်းငွေ့နဲ့
တမ်းတနေ့ရက်
ဆက်လျက်ဖြစ်တည်
ငြီးငွေ့သည်ရှင်...

Labels: AMMK, Poem, Blog

မင်း နဲ့ ကိုယ်

Saturday, June 21st, 2008

မင်းက ကိုယ့်ရဲ့ ကော်ဖီ တစ်ခွက်ပါ
လေးလံ ထိုင်းမှိုင်းမှုတွေကို

ချေဖျက်ပေးသယောင်နဲ့

Caffeine ဓါတ် များများ

ရင်ခုန်မှုတွေသာပေးထားခဲ့တာ...

       

        *

မင်းက ကိုယ့်ရဲ့ အိပ်မက်ချိုပါ

ပျော်ရွှင် ယစ်မူးစေခဲ့သလောက်

မနက်ခင်းကိုလဲ ရောက်ရော

ကိုယ်ကြောက်တဲ့ အလွမ်းတွေနဲ့ပဲ

ချန်ထားရစ်ခဲ့တာ...

 

        *

မင်းက ကိုယ့် နံနက်ခင်းရဲ့ အလင်းရောင်ပါ

မပိုင်ဆိုင်ရရင်တောင်...

အငွေ့ အသက်နဲ့တင်

ရှင်သန်ခွင့်ရချင်ရဲ့ ...

 

        *

ကိုယ်က အနန္တ စကြ၀ဠာ ပါ

ရင်ခွင်ထဲမှာရှိတဲ့ အလင်းပွင့်တွေက

မင်းအတွက် ချစ်ခြင်းတွေကို

ကိုယ်စားပြုရင်း ဖန်ဆင်းခဲ့တာပေါ့...

 

        *

ကိုယ်က မဟာ သမုဒ္ဒရာပါ

မင်းအတွက် အချစ်တွေက

ရင်ထဲမှာ အရှိန် ပြင်းပြင်းနဲ့

သိမ်မွေ့ လှပစွာ စီးဆင်းခဲ့တာပေါ့...

 

        *

ပြီးတော့..... ကိုယ်ဟာ    မင်းပါ...

 

        *
AMMK

***ကိုယ်ဟာ    မင်းပါ

Labels: AMMK, Poem, Blog

ချည်တိုင်

Saturday, June 21st, 2008

စပါးကြီးမြွေ တစ်ကောင်ရဲ့ရှေ့မှာ

လမ်းပျောက်ရသလိုပါပဲ…

ဒီနေရာကိုပဲ တ၀ဲဝဲလည်ပြီးရောက်နေခဲ့တာပေါ့

 

                *

အရာရာကို ဇာတ်သိမ်းပစ်လိုက်နိုင်ပြီလို့

သူရဲကောင်းဆန်စွာ ထင်နေမိပေမယ့်

ရှေ့ဆက်လျှောက်ရင်းကပဲ

သူ့ရှေ့မှောက်ကိုသာ  ပြန်, ပြန်ရောက်လာခဲ့…

 

                *

လမ်းချိုးတစ်ခုဆီကွေ့ရှောင်

လွတ်အောင်ရယ်လို့ ပြေးထွက်ခဲ့ပေမယ့်

လမ်းဆုံးမှာ တည့်တည့်ဝင်တိုး

သူ့ရဲ့နှောင်ကြိုး ပိုက်ကွန်ထဲကိုပေါ့…

 

                *

နောက်မှာချန်ရစ် ကျောခိုင်းပစ်ခဲ့ပေမယ့်

ဝေးဝေး သွားဖို့ခွန်အားမရှိသေးခင်

တင်းရင်း ရစ်နှောင်

ပြန်လည်ခေါ်ဆောင်ရာဆီပါသွား

('အချစ် ' ဆိုတာ)

ရှောင်လွှဲလို့ မရတဲ့ အရာတစ်ခုလားကွယ်…

 

                *

ရုန်းလို့လဲ  မလွတ်နိုင်တော့ပါဘူး

ရုန်းလို့လဲ  မထွက်ချင်တော့ပါဘူး

 

ဒီကြိုးမျှင်တွေကြားထဲ တိုးဝင်ရင်း

သူ့ရဲ့ ချည်နှောင်ခြင်းတွေမှာပဲ

ကျေနပ်စွာနဲ့ နှောင်ဖွဲ့ခံတော့…

 

 

ကိုယ်ဟာ သူ့ရဲ့ သားကောင် ပေါ့ကွယ်…

 

                *
AMMK

 

***သူက ကိုယ့်အတွက်တော့ ရှောင်လွှဲမရနိုင်တဲ့ ကျော့ကွင်း တစ်ခုပါပဲ…

http://www.mysuboo.com/index.php?option=com_book&page=details&id=1357

Labels: AMMK, Poem, Blog

နယ်မြေသစ်ဆီ…

Saturday, June 21st, 2008

ပန်းပွင့်တွေကို  ဖုံးကွယ်တော့

ရနံ့တွေလဲ  ပျယ်ခဲ့ပြီ…

 

မြင့်မားတဲ့ နံရံ တစ်ချပ်နဲ့ စည်းခြား

နားလည်မှုတွေလည်းပဲ  ပါးလျား လာခဲ့ပြီ…

 

လမင်းရှေ့မှာ  အုပ်မိုးတဲ့

မည်းနက်တဲ့  တိမ်ခိုးတွေလည်း  များလှပြီ…

 

အလျဉ်း ရိုးသားခြင်းနဲ့ပဲ

တို့နှစ်ယောက် ရှေ့မှာ တံတားတစ်စင်းခင်းရမယ်…

 

        *

အသိမဲ့ အိပ်စက်မှုက နိုးထပြီး

ရင်ထဲက အရှိတရား အမှန်ကို

အပြန်အလှန် အသိအမှတ်ပြုကြဖို့

တို့… ဘယ်လောက်ထိ  စောင့်ရမလဲ…

 

မျက်နှာချင်းဆိုင်ဖို့ 

တို့… အတူတကွ ချည်နှောင်ကြရမယ်

 

        *

ယုံပါကွယ်

မျှော်လင့်ချက်မရှိ

ပကတိ ရိုးသားတဲ့ နေရောင်ခြည်ကြောင့်

လောကဟာ  ပိုမို  လင်းပလာရတယ်…

 

ဟန်ဆောင်မှုကို ပယ်ရှင်း

အတÅကင်းတဲ့ မိုးရေစက်အေးအေးကြောင့်

ပန်းပွင့်တွေက ပိုပြီးမွှေးမြလာရတယ်…

 

        *

လာပါကွယ်…

လွတ်လပ်တဲ့ ကွင်းပြင်ကျယ်ထဲမှာ

အတူတကွ

ရွှင်မြူးစွာ ကဖို့ …

 

မာနဆိုတဲ့  ကျဉ်းကျပ်မယ့်  အဆင်တန်ဆာ

သိက©ာဆိုတဲ့  လေးလံမယ့် ဥသျှောင်

ဟန်ဆောင်မှုဆိုတဲ့  စိန်ပွင့်တွေနဲ့  ခြေနင်း

 

အားလုံးကို မင်းပစ်ခဲ့တော့

 

        *

ရဲရင့်စွာ  ရိုးသား

ပွင့်လင်းစွာ  ခံစားပြီး

မြတ်နိုးစွာ  ချစ်ခင်ကြဖို့

ရိုးစင်းပေါ့ပါးတဲ့  အမှန်တရား ၀တ်စုံကိုလဲလှယ်လို့

 

တို့… လက်တွဲ ရှေ့ဆက်မယ်…

Labels: AMMK, Poem, Blog

အိပ်မက်ဟောင်း

Saturday, June 21st, 2008

ချစ်သူ…

မနေ့တနေ့ကလိုပဲနော်…

မင်း ကိုယ့်ကို ကြည့်တဲ့ အကြည့်တွေက

ကိုယ့်မျက်လွှာတွေကို ညှို့ချ

ဘယ်တော့မှ  အနိုင်မရစေခဲ့ဘူး…

        *

ဘာမှ မပြောင်းလဲဘူး   ချစ်သူ…

ဒီလို  အကြည့်တွေနဲ့ပဲပေါ့…

ကိုယ့်ခြေလှမ်းတွေရဲ့  အသိမ်း အနုတ်ကို

အဝေးကတောင် ထိန်းချုပ်နိုင်ခဲ့တယ်…

        *

အရင်အတိုင်းပါပဲ…

ဒီမျက်ဝန်း အကြည့်တွေက

ခံစားမှုတွေ နိုးထစေလို့

မင်း နဲ့ ကိုယ့်ရဲ့အကြောင်းကို

မဟောင်းသေးဘူးပဲ ထင်မိတယ်…

AMMK

***ကိုယ် ဘယ်တော့မှ ပြန်မနိုးထချင်ခဲ့တဲ့ အိပ်မက်တစ်ခု အကြောင်းပါ...

အဲဒီ မျက်ဝန်းတွေထဲမှာပေါ့... အကြာကြီး အိပ်ပျော်နေခဲ့ဖူးတာ...

http://www.mysuboo.com/index.php?option=com_book&page=details&id=1330

Labels: AMMK, Poem, Blog

အဲဒီအချိန်မှာ

Saturday, June 21st, 2008

အလင်းရောင်တွေ တဖိတ်ဖိတ်လက်

ထိန်းချုပ်ခက်တဲ့ ခံစားချက်နဲ့

ပျော်ရွှင်မှုတွေ ခုန်ပေါက်

နှလုံးသားတောင် မြောက်ကြွနေတယ်…

 

အဲဒီအချိန်မှာ

နေရောင်ခြည်က မြူးကြွ

စူးရှတဲ့ ရင်ခုန်သံနဲ့

ပန်းပွင့်တွေက ကခုန်

လိုချင်တာတွေအကုန်ရနေတယ်…

 

အဲဒီအချိန်မှာ

လျှပ်စီး တတွဲ

ရင်ထဲ ပြက်သွား

လက်ကနဲထင်

မတင်မကျ

ခဏလေးပဲ…

 

အဲဒီအချိန်မှာ

နာရီတွေ ရပ်တန့်

မိနစ်တွေပျက်စီး

ကာလ အမြီးရှည်ရိုက်ချိုး

အချိန်တွေ ရှေ့မတိုးကြနဲ့…

 

အဲဒီအချိန်မှာ

လမ်းစမ်းလျှောက်တဲ့ ခံစားချက်နဲ့

အင်မတန်နက်တဲ့ ကမ်းပါးစွန်းမှာ

မိုက်မဲစွာရှေ့ဆက်

ဘာအတွက်မှလဲ မဟုတ်ဘဲနဲ့…

 

အဲဒီအချိန်မှာ

တငွေ့ငွေ့ ကျွမ်းလောင်

အပူရောင်တွေဆူပွက်

တမင်သက်သက် ကြွေကျ

တခြား ဘာကိုမှလဲ မရချင်တော့…

 

အဲဒီအချိန်မှာ

တစုံတရာကပြုစား

ခြေလှမ်းမှားတဲ့ ရင်ခုန်သံ

ပန်းနုရောင်နဲ့ ခြယ်မှုန်း

အလှဆုံးပါကွယ်…

 

အဲဒီအချိန်မှာ

သတိတရားတွေမေ့ပစ်

ထစ်ချုန်းမိုးသံကြားယောင်

အမှောင်တွေနဲ့ မွန်းကြပ်

နားထောင်ရန်ခက်လှချည့်

ပါးစပ်ဖွင့်ထားတဲ့ ပင်လယ်ထဲ

အသိမဲ့ ပြေးဝင်

ဘာကိုမှလဲ မမြင်မိတော့…

       

+

        +

 

မိုးကြိုး တစ်ချက် ပစ်ခတ်

ဆက်သွယ်ချက်တွေ ဆွံ့အ

မပွင့်ခင်ကကြွေကျ

နိုးထလာတဲ့ အိပ်မက်

ကျည်ဆံတွေက ထုတ်ချင်းဖောက်

ရင်ဝကို အရောက်မှာလေ…

 

မင်းရဲ့ အသံတွေပျက်သုဉ်း

ငါလဲ

(ခဏတော့)

သေဆုံးသွားပါတယ်…

AMMK

***ကြိမ်ဖန်များစွာ သေဆုံးခဲ့ရပြီး … ထပ်ပြန်တလဲလဲ ရှင်ပြန်ထမြောက်ခဲ့ရသော … အဲဒီ အချိန်များသို့…

http://www.mysuboo.com/index.php?option=com_book&page=details&id=1252

Labels: AMMK, Poem, Blog

တတိယဆောင်း

Saturday, June 21st, 2008

 

ဆုံဆည်းပေးတာနဲ့

ခွဲခွါလိုက်တာကလွဲပြီး

ဘာမှ ပြောင်းလဲမသွားပါဘူး…

       +

ပထမဆောင်းတုန်းကတော့

ဆန်းကြယ်စွာ တံခါးခေါက်ခဲ့တယ်

အဖြူရောင်နှင်းပေါက်တွေနဲ့ပေါ့…

       +

အခုဆောင်းမှာတော့

ခြောက်သွေ့စွာ မီးတင်ရှို့ခဲ့တယ်

ကိုယ့်ရဲ့ မျှော်လငိ့ချက် မြို့ပျက်ကြီးကိုပေါ့…

       +

ချစ်သူရယ်…

       ရင်ထဲမှာ နှင်းတွေကျနေတယ်…

       +

တိတ်ဆိတ် ရင့်ရော်ပြီး

ပျင်းရိတဲ့ ဆောင်းက

နှင်းခဲတွေနဲ့ မီးမြှိုက်ပြီး

ပတ်ဝန်းကျင် တစ်ခုလုံးကို

မီးလောင်တိုက်သွင်းနေသလိုပဲ…

       +

ရွက်ခြောက်တွေ ကျဆင်းတဲ့

ပင်စည်ခြေရင်းမှာ

အလွမ်းနှင်းတွေနဲ့ကိုယ်…

မင်းကို လွမ်းလိုက်တာ…

       +

ကျွမ်းမြေ့တဲ့ လွမ်းဆွတ်ခြင်းနဲ့အကြည့်မှာ

ဒီဆောင်းဟာ

အရာရာကို ဖျက်ဆီးပြီး

ဥပေက္ခာနဲ့ စောင်းတီးနေသလိုပဲ…

       +

ချစ်သူ…

       မင်းမျက်ဝန်းတွေကို ရင်ခုန်ခွင့် မရမှတော့…

ကိုယ့်အတွက်…

       နှင်းကျတာတောင် ကဗျာမဆန်တော့ပါဘူး…

       +

(အမြင်အရ)

ဘာမှ မပြောင်းလဲပေမယ့်

မင်းကို ချစ်သွားတဲ့  ကံကြမ္မာနဲ့

မင်းကြောင့် ဖြစ်ပွားတဲ့  ဒဏ်ရာတွေနဲ့

မင်းနဲ့ မဝေးချင်တဲ့  ဝေဒနာတွေနဲ့

ကိုယ့်နှလုံးသားထဲကဆောင်း

ဒါပဲ ပြောင်းလဲသွားတာပါ…

       +

မင်းနဲ့ တွေ့တဲ့ဆောင်း

မင်းနဲ့ ဝေးမယ့်ဆောင်း

တကယ်တော့

ဘာမှ မပြောင်းလဲပါဘူး…

 AMMK

***ဆောင်းတွင်းပေါင်းများစွာ... ကြုံဖူးခဲ့ပေမယ့်... သူနဲ့စတွေ့တဲ့ဆောင်းကမှ… ကိုယ့်အတွက်…ပထမဆောင်းပါ…

http://www.mysuboo.com/index.php?option=com_book&page=details&id=1262

Labels: AMMK, Poem, Blog

She, falls into LOVE

Saturday, June 21st, 2008

As a light feather,

Just whirling around of the lovely breeze

She'll rise and sour upwards... 

 

As a withered-yellow leaf in the autumn,

Just a zephyr blows wisphering and touches her

She'll fall and slip out quietly...

 

As a lace curtain at the window,

Just a soft cool wind slowly passes by

She'll flew and tremble...

 

Oh! so to say......

As a little dew hanging at the fringe of a leaf,

Just the SUNshine give a gentle kiss to her

She'll be blown shyly away and disappear

Then she must terminate her Existance. 

AMMK

http://www.mysuboo.com/index.php?option=com_book&page=details&id=690

Labels: AMMK, Poem, Blog

အချစ်ရှိတဲ့......သူ

Saturday, June 21st, 2008

  

ပေါ့လွင့်တဲ့   ငှက်တောင်မွေးကလေးလို

လေညင်းလေးတချက်   ဝှေ့လိုက်ရုံနဲ့တင်

မြင့်တက် မြောက်ကြွ သွားတော့မယ်...

          *

ဆောင်းဦးရာသီရဲ့    ရော်ရွက်ဝါကလေးလို

လေပြည်လေးတချက် ထိခတ်လိုက်ရုံနဲ့တင်

ကြွေကျ  သက်ဆင်းသွားနိုင်တယ်...

          *

ပြတင်းတံခါးက  ဇာခန်းဆီးကလေးလို

လေအေးအေးတချက်  ဖြတ်တိုက်လိုက်ရုံနဲ့တင်

တလွင့်လွင့်  လှုပ်ရှားသွားတော့မယ်...

          *

အို......နောက်ဆုံးတော့ကွယ်...

သစ်ရွက်ဖျားမှာ ခိုတွဲနေတဲ့  နှင်းပေါက်ကလေးလို

နေရောင်ခြည်က ညင်သာသာ ရှိုက်နမ်းရုံနဲ့တင်

ရှက်အမ်းစွာ  လွင့်ပါးပျောက်ကွယ်...

...

သူမရဲ့  ဖြစ်တည်မှုတွေ  ရပ်စဲရလိမ့်မယ်...

AMMK

http://www.mysuboo.com/index.php?option=com_book&page=details&id=887

ကျေးဇူးတင်ပါတယ်
မအေအမ်အမ်ကေ ကဗျာတွေက လှတယ်။ ဒါပေမယ့် ချိုထွန်းတို့လို အင်္ဂလိပ်ဘာသာပြန်လို ဖြစ်နေသလားပဲ။ ဒါပေမယ့် နျူးဆန့်လေး ပေးနိုင်တဲ့အတွက်လည်း ဖတ်ရတာ ကျေးဇူးတင်ပါတယ်ဗျာ။ :)

Commented by : NLS | Date : January 29 2008
လှတယ်ကွာ
စကားလုံးလေးတွေက တကယ်ကို နူးညံ့အောင်ဖန်တီးထားတာပဲ ။ အကိုက ကဗျာဖတ်ခဲတယ် ။ ဒါပေမယ့် ဒီကဗျာတော့ တော်တော် လေးသဘောကျတယ် ။

Commented by : pachyderm-penguin | Date : January 21 2008
ဆက်ရေးလေ..
ကဗျာလေးတွေဆက်ရေးနော်.. She Falls in LOVE Eng လို က ပိုလှသလားလို့ ညီမရေ...

Commented by : Ice River | Date : January 15 2008
AMMK . . .
ကဗျာလေးကကောင်းပါတယ် ။ နောက်ကဗျာတွေလည်း ဖတ်ချင်ပါသေးတယ် ။

Commented by : MaHe | Date : December 25 2007
Thanks so so much!
I thank & love so much all of my friends, Talay, Luulane, Ngelay, phonethantkhant deeply. All of your words give me strength to write more.

Commented by : AMMK | Date : December 23 2007
ok
အားပေးပါတယ်။များများဆက်ရေးပါလို.

Commented by : taylay | Date : December 22 2007
Oh! So Lovely ..
It's perfect ............ I would like to see next one as like this ..

Commented by : luulane | Date : December 21 2007
it's good
like it.

Commented by : Ngelay | Date : December 21 2007
if
if ur word is more beautiful and deep,it will more emotive. beside it is good

Commented by : phonethantkhant | Date : December 21 2007
ဘာသာပြန်
ီDecember 9, 2007 မှာတင်ခဲ့တဲ့ 'She, falls into LOVE' ရဲ့ ဘာသာပြန် ဖြစ်ပါတယ်။ အားပေးပါ... AMMK

Commented by : AMMK | Date : December 21 2007

Labels: AMMK, Poem, Blog

အချစ်ရှိတဲ့သူ (၂)

Sunday, February 17th, 2008

လှိုင်းကြမ်းတဲ့ ပင်လယ်ထဲက

ရေခဲ ကျောက်ဆောင်တစ်ခုလို

အပေါ်ယံငြိမ်သက်တည်တံ့နေရပေမယ့်

အတွင်းဘက်မှာသေမလောက်လဲ တိုက်စားခံရမယ်…         

 *

ပစ်ကွင်းထဲက ပစ်မှတ်တစ်ခုလို

အဝေးမှာ မတ်မတ်ရပ်နေရပေမယ့်

မြောက်မြားစွာသော မီးပွင့်တွေရဲ့

ထိခတ် တိုက်ခိုက်မှုကိုလဲ ခံရမယ်…          

*

ရစ်ပတ်ချည်နှောင်တတ်တဲ့

အစဉ်အလာဟောင်းတွေရဲ့ တဖက်မှာ

ကြိုးကွင်းတွေ အထပ်ထပ်ကို

ရုန်းထွက်ဖို့လဲကြိုးစားရလိမ့်မယ်…        

*

ဒါပေမယ့်…တောက်လောင်နေတဲ့ မီးလျှံတစ်ခုလို

ပြင်းထန် ပြတ်သားတဲ့ ချစ်ခြင်းတရားတွေနဲ့

အရာရာကို လောင်ကျွမ်း ပျက်သုဉ်းစေပြီး

အဆုံးသတ်မှာ… သူအနိုင်ယူလိမ့်မယ်…

Labels: AMMK, Blog, Poem

ချစ်သူ မသိသော အလွမ်းများ.....

Sunday, January 27th, 2008

လူကငြိမ်ငြိမ်လေး ထိုင်နေပေမယ့် ကိုယ့်စိတ်တွေလွင့်နေတယ်…လွမ်းတယ်ဆိုတာလှိုင်းတွေလိုပဲ…တဖြည်းဖြည်းနဲ့ လူကို တိုက်စားသွားတာ…             

*

တစ်ပတ်ကြာမယ် လို့ မင်းပြောခဲ့သလားဟင်…              

*

တွေ့နေကျနေရာမှာ  အကြာကြီးထိုင်စောင့်နေမိတယ်…

လာမယ်ထင်လို့တော့ မဟုတ်ပါဘူး…

ကိုယ် လွမ်းနေလို့ပါ…              

*

ဒီလိုနဲ့ပဲ အလွမ်းတွေက အဖျားတတ်သလို တငွေ့ငွေ့ တက်လာတယ်…မတွေ့ဘူးဆိုတာ  သိရက်နဲ့လဲ  ဆက်စောင့်နေမိတယ်…             

*

ကိုယ့်စိတ်တွေ တုန်ခါပြီး ပြိုကျတော့မတတ်ပဲ…ကိုယ်ဘာလုပ်ရမလဲဟင်…              

*

အတူဖြေခဲ့ဖူးတဲ့  English Placement Test  တစ်ခုကို ပြန်ဖြေရမလား…

Egress  က သင်တန်းတွေ အကြောင်း ဖတ်နေရမလား…

မင်းပြန်လာရင် ဖတ်ဖို့ ကဗျာ တစ်ပုဒ် ပဲရေးနေရမလား… 

ဘယ်လိုလုပ်ရင် ဒီအလွမ်းတွေက သက်သာရာရလိမ့်မလဲ… 

တွေ့နေကျနေရာမှာ အတူလုပ်ခဲ့ဖူးတဲ့ အလုပ်တွေ ပြန်လုပ်ကြည့်ရင်  အလွမ်းပြေလိမ့်မယ်လို့  ကိုယ်မယုံကြည်ပါဘူး… 

အလွမ်းပြေ ဆိုတာမှန်သမျှဟာ ပိုပြီး လွမ်းဖို့တွေချည်းပါပဲ…             

*

ကိုယ်ရေးတဲ့ စာတွေကိုကိုယ့် ကဗျာတွေကို… နားမလည်ဘူးပဲ မင်းအမြဲပြောတတ်တော့…ခု ကိုယ်က လွမ်းတယ်ပြောလဲ  မင်းနားလည်ပါ့မလား  ထင်မိတယ်… 

လွမ်းတယ် ဆိုတာ…ကိုယ်လွမ်းနေတဲ့သူကို   ကိုယ့်အနီးနားမှာ ရှိနေစေချင်တဲ့…မျက်စေ့အောက်မှာ အမြဲ မြင်တွေ့နေချင်တဲ့ ဆန္ဒကိုခေါ်တာပဲ…ဒီလိုပြောလိုက်ရင်… ကိုယ့်အလွမ်းတွေ သိပ် ပေါ့ပျက်သွားမယ် ဆိုတာ ကိုယ်သိပါတယ်… 

နှလုံးသားချင်းမနီးရင်တော့ အတူတူရှိနေလဲလွမ်းရတာပါပဲ… တခါတခါဆို  ကိုယ့်မျက်စေ့ အောက်မှာ မင်းရှိနေရက်နဲ့လဲ  ကိုယ် လွမ်းနေခဲ့ရဖူးတယ်…              

*

တကယ်တော့  လွမ်းတယ်ဆိုတာ…ကိုယ် ချစ်ခင် တွယ်တာတဲ့သူနဲ့  စိတ်ဝိဉာဉ်ချင်း နီးစပ်နေချင်တဲ့ ဆန္ဒ ပါပဲ…              

*

ခုချိန်မှာ မင်းဘာတွေ လုပ်နေမှာလဲ…ဘယ်သူ့ အကြောင်းကိုတွေးပြီး …  ဘယ်သူနဲ့ အတူရှိနေမှာလဲ… 

အတွေးတွေ အများကြီး မတွေးပါနဲ့ လို့ မင်းပြောဖူးတာ ပြန်သတိရမိတယ်…ကိုယ့်မှာ တွေးနေဖို့ အချိန်တွေ  မရှိတာတောင်  တော်တော်ကြာပါပြီ… 

ဒါပေမယ့်  ခုတော့  ဘယ်လိုမှ မတတ်နိုင်ဘူး… 

မင်း အကြောင်းတွေက အလိုလို ရောက်လာတယ်…

အသည်းနှလုံး နဲ့ ဦးနှောက်က နီးနီးလေးပါပဲ…ရင်ထဲမှာ ရှိတဲ့ အရာတွေက  အတွေးထဲကို လွယ်လွယ်နဲ့ ရောက်သွားတတ်တာပဲ…             

*

လွမ်းနေတဲ့ အချိန်မှာ… ကိုယ်လွမ်းနေတဲ့သူ ဘာများလုပ်နေမှာပါလိမ့်  လို့တွေးရတာ…ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာပါပဲ…

 ဒါပေမယ့်… မင်းပြန်လာတဲ့အခါ… မပြောဘဲ  ကိုယ်ပြန်မမေးပါဘူး…သံသယတွေနဲ့ မေးတယ်လို့  သံသယ၀င်နေဦးမယ်ဆိုရင်… ကိုယ့်အလွမ်းတွေ ညစ်ထေးကုန်ပါ့မယ်…             

*

အလွမ်းတွေက လွတ်အောင် ဘယ်လိုလုပ်ရမလဲဟင်…

ဒီနေ့ကိုယ်  Baldwin Library  ကို သွားတယ်…

MicroStation  သင်တန်းကို သွားတယ်… 

နေ့လည်စာစားတယ်… 

တွေ့နေကျနေရာကို ရောက်တော့ မင်းရှိမနေဘူး…             

 *

မင်းရှိမနေတဲ့အခါ အရာရာဟာ လွမ်းစရာပဲ…

မင်းဘယ်တုန်းကမှ ရှိမနေခဲ့ဖူးတဲ့ နေရာတွေကတောင် ကိုယ့်အတွက် လွမ်းစရာပဲ… 

မင်းနဲ့ ဘယ်တုန်းကမှ စကား မစပ်မိခဲ့တဲ့  အကြောင်းအရာ တစ်ခုကတောင်.. လွမ်းစရာပဲ…

ဘာတစ်ခုမှ မတိုက်ဆိုင်ပါဘဲနဲ့လဲ  လွမ်းစရာပဲ…              

*

ဒီတစ်ခါ မင်းနဲ့ ပြန်တွေ့ရင်တော့ ပြောပြရဦးမယ်…              

*

မင်းရဲ့ နှလုံးသားမှာ ချည်တိုင် တစ်ခုရှိနေတယ်…

အဲဒီ ချည်တိုင်မှာ ကြိုးတစ်စ ရှိတယ်… 

အဲဒီ ကြိုးရဲ့ အဆုံးမှာတော့… ကိုယ့် အသည်းနှလုံး ရှိပါတယ်…              

*

တကယ်တော့ ကိုယ်မသိတတ်ခဲ့တာပါ…ကိုယ့်ရင်ထဲမှာက ကြိုးတစ်စ ယှက်သမ်းပြီး…သံယောဇဉ် တွေ အမျှင်တန်းနေခဲ့တယ် ဆိုတာကိုပေါ့...

*

Labels: AMMK, Blog, အလွမ်း

<< Start < Prev 1 Next > End >> Results 1 - 14 of 14
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.