ချစ်သူ မသိသော အလွမ်းများ.....
Sunday, January 27th, 2008
လူကငြိမ်ငြိမ်လေး ထိုင်နေပေမယ့် ကိုယ့်စိတ်တွေလွင့်နေတယ်…လွမ်းတယ်ဆိုတာလှိုင်းတွေလိုပဲ…တဖြည်းဖြည်းနဲ့ လူကို တိုက်စားသွားတာ…
*
တစ်ပတ်ကြာမယ် လို့ မင်းပြောခဲ့သလားဟင်…
*
တွေ့နေကျနေရာမှာ အကြာကြီးထိုင်စောင့်နေမိတယ်…
လာမယ်ထင်လို့တော့ မဟုတ်ပါဘူး…
ကိုယ် လွမ်းနေလို့ပါ…
*
ဒီလိုနဲ့ပဲ အလွမ်းတွေက အဖျားတတ်သလို တငွေ့ငွေ့ တက်လာတယ်…မတွေ့ဘူးဆိုတာ သိရက်နဲ့လဲ ဆက်စောင့်နေမိတယ်…
*
ကိုယ့်စိတ်တွေ တုန်ခါပြီး ပြိုကျတော့မတတ်ပဲ…ကိုယ်ဘာလုပ်ရမလဲဟင်…
*
အတူဖြေခဲ့ဖူးတဲ့ English Placement Test တစ်ခုကို ပြန်ဖြေရမလား…
Egress က သင်တန်းတွေ အကြောင်း ဖတ်နေရမလား…
မင်းပြန်လာရင် ဖတ်ဖို့ ကဗျာ တစ်ပုဒ် ပဲရေးနေရမလား…
ဘယ်လိုလုပ်ရင် ဒီအလွမ်းတွေက သက်သာရာရလိမ့်မလဲ…
တွေ့နေကျနေရာမှာ အတူလုပ်ခဲ့ဖူးတဲ့ အလုပ်တွေ ပြန်လုပ်ကြည့်ရင် အလွမ်းပြေလိမ့်မယ်လို့ ကိုယ်မယုံကြည်ပါဘူး…
အလွမ်းပြေ ဆိုတာမှန်သမျှဟာ ပိုပြီး လွမ်းဖို့တွေချည်းပါပဲ…
*
ကိုယ်ရေးတဲ့ စာတွေကိုကိုယ့် ကဗျာတွေကို… နားမလည်ဘူးပဲ မင်းအမြဲပြောတတ်တော့…ခု ကိုယ်က လွမ်းတယ်ပြောလဲ မင်းနားလည်ပါ့မလား ထင်မိတယ်…
လွမ်းတယ် ဆိုတာ…ကိုယ်လွမ်းနေတဲ့သူကို ကိုယ့်အနီးနားမှာ ရှိနေစေချင်တဲ့…မျက်စေ့အောက်မှာ အမြဲ မြင်တွေ့နေချင်တဲ့ ဆန္ဒကိုခေါ်တာပဲ…ဒီလိုပြောလိုက်ရင်… ကိုယ့်အလွမ်းတွေ သိပ် ပေါ့ပျက်သွားမယ် ဆိုတာ ကိုယ်သိပါတယ်…
နှလုံးသားချင်းမနီးရင်တော့ အတူတူရှိနေလဲလွမ်းရတာပါပဲ… တခါတခါဆို ကိုယ့်မျက်စေ့ အောက်မှာ မင်းရှိနေရက်နဲ့လဲ ကိုယ် လွမ်းနေခဲ့ရဖူးတယ်…
*
တကယ်တော့ လွမ်းတယ်ဆိုတာ…ကိုယ် ချစ်ခင် တွယ်တာတဲ့သူနဲ့ စိတ်ဝိဉာဉ်ချင်း နီးစပ်နေချင်တဲ့ ဆန္ဒ ပါပဲ…
*
ခုချိန်မှာ မင်းဘာတွေ လုပ်နေမှာလဲ…ဘယ်သူ့ အကြောင်းကိုတွေးပြီး … ဘယ်သူနဲ့ အတူရှိနေမှာလဲ…
အတွေးတွေ အများကြီး မတွေးပါနဲ့ လို့ မင်းပြောဖူးတာ ပြန်သတိရမိတယ်…ကိုယ့်မှာ တွေးနေဖို့ အချိန်တွေ မရှိတာတောင် တော်တော်ကြာပါပြီ…
ဒါပေမယ့် ခုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး…
မင်း အကြောင်းတွေက အလိုလို ရောက်လာတယ်…
အသည်းနှလုံး နဲ့ ဦးနှောက်က နီးနီးလေးပါပဲ…ရင်ထဲမှာ ရှိတဲ့ အရာတွေက အတွေးထဲကို လွယ်လွယ်နဲ့ ရောက်သွားတတ်တာပဲ…
*
လွမ်းနေတဲ့ အချိန်မှာ… ကိုယ်လွမ်းနေတဲ့သူ ဘာများလုပ်နေမှာပါလိမ့် လို့တွေးရတာ…ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာပါပဲ…
ဒါပေမယ့်… မင်းပြန်လာတဲ့အခါ… မပြောဘဲ ကိုယ်ပြန်မမေးပါဘူး…သံသယတွေနဲ့ မေးတယ်လို့ သံသယ၀င်နေဦးမယ်ဆိုရင်… ကိုယ့်အလွမ်းတွေ ညစ်ထေးကုန်ပါ့မယ်…
*
အလွမ်းတွေက လွတ်အောင် ဘယ်လိုလုပ်ရမလဲဟင်…
ဒီနေ့ကိုယ် Baldwin Library ကို သွားတယ်…
MicroStation သင်တန်းကို သွားတယ်…
နေ့လည်စာစားတယ်…
တွေ့နေကျနေရာကို ရောက်တော့ မင်းရှိမနေဘူး…
*
မင်းရှိမနေတဲ့အခါ အရာရာဟာ လွမ်းစရာပဲ…
မင်းဘယ်တုန်းကမှ ရှိမနေခဲ့ဖူးတဲ့ နေရာတွေကတောင် ကိုယ့်အတွက် လွမ်းစရာပဲ…
မင်းနဲ့ ဘယ်တုန်းကမှ စကား မစပ်မိခဲ့တဲ့ အကြောင်းအရာ တစ်ခုကတောင်.. လွမ်းစရာပဲ…
ဘာတစ်ခုမှ မတိုက်ဆိုင်ပါဘဲနဲ့လဲ လွမ်းစရာပဲ…
*
ဒီတစ်ခါ မင်းနဲ့ ပြန်တွေ့ရင်တော့ ပြောပြရဦးမယ်…
*
မင်းရဲ့ နှလုံးသားမှာ ချည်တိုင် တစ်ခုရှိနေတယ်…
အဲဒီ ချည်တိုင်မှာ ကြိုးတစ်စ ရှိတယ်…
အဲဒီ ကြိုးရဲ့ အဆုံးမှာတော့… ကိုယ့် အသည်းနှလုံး ရှိပါတယ်…
*
တကယ်တော့ ကိုယ်မသိတတ်ခဲ့တာပါ…ကိုယ့်ရင်ထဲမှာက ကြိုးတစ်စ ယှက်သမ်းပြီး…သံယောဇဉ် တွေ အမျှင်တန်းနေခဲ့တယ် ဆိုတာကိုပေါ့...
*



5 Comments
Saturday, 17 May 2008
Sunday, 17 February 2008
Monday, 28 January 2008
Monday, 28 January 2008
Monday, 28 January 2008
Would you like to comment?
Sign up for a free account, or Sign in (if you're already a member)