ကျေးဇူးစကား
Sunday, August 10th, 2008
ကဗျာ မရေးဖြစ်တာ (၇) နှစ်လောက် ရှိပါပြီ… 1997, 98, 99…နှစ်တွေဆီက အများဆုံး ရေးဖြစ်ခဲ့ပြီး 2001 ခုနှစ်မှာ “ချည်တိုင်” ကို နောက်ဆုံး ရေးဖြစ်တယ်…
အဲဒီနောက်ပိုင်း ကဗျာရေးဖို့ အာရုံဝင်စားလို့ ရလောက်တဲ့ အခြေအနေမျိုး .. စိတ်အနေအထားမျိုး ကျွန်မ မရခဲ့တော့တာ ကျောင်းပြီးလို့ အလုပ်ဝင်ထိပါပဲ.. ကျွန်မရဲ့ အာရုံဝင်စားရာတွေဟာ သိသိသာသာနဲ့ပဲ ပြောင်းလဲဖြန့်ကျက်ခဲ့ပါတယ်…
အဲဒီ အတွက်လဲ ကျွန်မ စိတ်မကောင်းဖြစ်ခဲ့မိတယ် မထင်ပါ…ဆယ်တန်းအောင်ပြီးကာစ မိန်းကလေးတစ်ယောက်လို မြင်မြင်သမျှကို ကဗျာရေးချင်စိတ်ရှိမနေတော့တာ ဘာများဆန်းလို့လဲ..
ဒီလိုပဲ တွေးခဲ့မိတယ်..
တနေ့ပြီးတနေ့ ငွေဈေးအတက်အကျ ရယ်… After Sale Service Schedule တွေရယ်…အမျိုးမျိုး အပြားပြားသော Model တွေ အတွက် တူမယောင်နဲ့ကွဲတဲ့ Spare Parts တွေရယ်… Business Management နဲ့ဆိုင်တဲ့ seminar တွေရယ်…ပြီးတော့ ရုံးချိန်ပြင်ပ language class တွေနဲ့ engineering course တွေရယ်…ဘာတွေကများ ကျွန်မရဲ့ ကဗျာရေးချင်စိတ်ကို တွန်းအားပေးနိုင်ပါမလဲ..
2008 ခုနှစ် ဇန်န၀ါရီလ (31) ရက်နေ့ မှာ ကျွန်မ အလုပ်ထွက်ပါတယ်..ဖေဖော်ဝါရီ တလလုံးလုံးဟာ သင်တန်းချိန်တွေကလွဲရင် ပတ်ဝန်းကျင်ကို စိတ်ဝင်စားဖို့ စိတ်အား လူအားရှိတဲ့ ခဏတာလေးပေါ့..
အဲဒီ ဖေဖော်ဝါရီ တရက် ရန်ကုန်မှာမိုးရွာပါတယ်..အဲဒီရက်မှာပဲ Baldwin Library ကို အသွား TTC ရှေ့က မြက်ခင်းပြင်ကိုလှမ်းကြည့်မိတဲ့ တခဏမှာ ကျွန်မရဲ့ ကဗျာရေးချင်စိတ်တွေ ရုတ်တရက် အရှိန်ပြင်းပြင်းပေါ်လာခဲ့ပါတယ်..
ကျွန်မ တပတ်လုံးလုံး “ဆောင်းတွင်းမိုး” ဆိုတဲ့ ကဗျာကိုရေးဖို့ အမျိုးမျိုး စာသားရှာ ခဲ့ပေမယ့် …နောက်ဆုံးတော့ သူငယ်ချင်းကိုသာ “ ငါ ကဗျာ ရေးလို့မရတော့ဘူး” လို့ ပြောပြီး လက်လျော့ ခဲ့ရတော့တယ်…
ဒီတကြိမ်မှာတော့ ကျွန်မ စိတ်မကောင်းဖြစ်မိတယ်.. ကျွန်မရင်ထဲမှာ တခုခု ဆုံးရှုံးသွားသလိုပဲ..
ကျွန်မ ဘယ်တော့မှ ကဗျာရေးလို့မရနိုင်တော့ဘူးလား..
March လ (1) ရက်နေ့မှာ ကျွန်မ S’pore ကို ရောက်ပါတယ်..ဒီကို ရောက်ပြီး (၂) လလုံးလုံးမှာတော့ .. ကဗျာရေးဖို့ မပြောနဲ့ သူများရေးထားတဲ့ ကဗျာတောင် ဖတ်ချင်စိတ်မရှိခဲ့ဘူး..Suboo ကိုလည်း မ၀င်ဖြစ်ခဲ့ဘူး..S’pore ဟာ ကျွန်မရဲ့ အနုပညာအာရုံကို အသေသတ်ပစ်လိုက်တယ် လို့တောင် ထင်မိပါရဲ့..
****************************************************************
အပြောင်းအလဲ အချိုးအကွေ့ အမျိုးမျိုးနဲ့ မကြာခဏ ကြုံလာခဲ့ရတဲ့ ကျွန်မရဲ့ ကံကြမ္မာကိုသာ ကျေးဇူးတင်မိပါတယ်..အသစ်သစ်သော ပတ်ဝန်းကျင်တွေမှာ ခဏလေးနဲ့ adapt လုပ်နိုင်ခဲ့တာဟာ အဲဒီ ကံကြမ္မာ ဆိုတာက လေ့ကျင့်ပေးခဲ့တာကြောင့်ပါပဲ.. ဘယ်လို ခံစားချက်မျိုးပဲ ဖြစ်ဖြစ် ကျွန်မအတွက် တာရှည်လဲ မခံခဲ့ဘူး..
အလုပ်ရပြီးတဲ့နောက်ပိုင်း နောက်ကျိ နေတဲ့ စိတ်တွေ အနည်ထိုင်အောင်ကြိုးစားရင်း “ချစ်သူ” ကို ရေးဖို့ ဖြစ်လာပါတယ်.. အလုပ်ကပြန်လာပြီး Computer ရှေ့မှာ တထိုင်တည်း ရေးပစ်ခဲ့တဲ့ ကဗျာပေါ့..(Type ရိုက်ပြီး ပထမဆုံး ရေးဖြစ်ခဲ့တာပါ)
တကယ်တော့ Blogger သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာကို ဖတ်မိရင်းက ..သူ့ ကဗျာ Theme လေးကို မှီးပြီး ရေးခဲ့ရတာပါ…Post တင်ပြီးတဲ့နောက် ဖုန်းပြောဖြစ်တဲ့ တညမှာတော့ အဲဒီ သူငယ်ချင်းက (ခပ်ရိရိ)ပြောပါတယ်… ”ဘယ်ကဗျာကို မှီးထားမှန်းမသိရလောက်အောင်ကို ပြောင်မြောက်ပါတယ်ဗျာ” တဲ့…(သူမသိချင်လို့သာ မသိတာ..ကျွန်မ မှီးထားတဲ့ သူ့ကဗျာ နဲ့ အခု ကျွန်မ ရေးတဲ့ ကဗျာ ခေါင်းစဉ်တူတူပါ)
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်..
ကျွန်မရဲ့ တကျော့ပြန် ကဗျာလေးကို ဖတ်ပြီး comment တွေချန်သွားတဲ့ Suboo အဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်ပါတယ်..
ဒီကဗျာ ရေးဖြစ်အောင် အခြေနေတွေ ဖန်တီးပေးခဲ့တဲ့သူတစ်ယောက်ကိုလည်း တကယ်ပဲ ကျေးဇူးတင်မိပါတယ်..
(ကျွန်မ မှားခဲ့တာတွေအတွက် ဒါလောက်လေးနဲ့ မကျေနိုင်ဘူး ဆိုတာ သိပေမယ့်လည်း …ကဗျာရေးပြီးတောင်းပန်တယ် ဆိုတာ ကျွန်မ အတွက်တော့ အလေးအနက်..အနူးအညွတ်..အနေအထားပါဆိုတာ သူသိစေချင်လှပါတယ်…)
အေးမြတ်မြတ်ကို
Labels: AMMK, Acknowledgement, Blog



7 Comments
Saturday, 16 August 2008
Monday, 11 August 2008
Monday, 11 August 2008
Sunday, 10 August 2008
Sunday, 10 August 2008
Sunday, 10 August 2008
Sunday, 10 August 2008
Would you like to comment?
Sign up for a free account, or Sign in (if you're already a member)