ဘုရားပေးသော လက်ဆောင်များ
Sunday, August 17th, 2008
နိဒါန်း
"Singapore တစ်မြို့လုံး ငါ့ကျေးဇူးရှင်တွေကြီးပဲ" လို့ မကြာသေးခင်က သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောတော့ ပြောမိပါသေးတယ်။
ပြောရလောက်အောင် ဖြစ်ခဲ့တာတွေလည်း ရှိနေတာကိုး ..
Singapore ရောက်ရောက်ချင်း ကျွန်မ ဖေဖေနဲ့ အဒေါ် ရဲ့ အသိတွေ လိုက်တွေ့ရတာနဲ့တင် တပတ်လောက် အချိန်ကုန်ပါတယ် .. အဲဒီ တပတ်အတွင်း Singapore တခွင်လုံး နှံ့သွားသလောက်ပါပဲ။ (နောက်ပိုင်းမှာ အဲဒီအကြောင်း သူသိတော့ ဆူပါတယ် .. အလုပ်ရှာဖို့လာတာ အချိန်ကုန်ခံပြီး လျှောက်သွားစရာလားပေါ့ .. အော် လူကြီးတွေကဖိတ်မှတော့ မသွားရင်ကောင်းပါ့မလား)
ကျွန်မဟာ အလကားနေရင်း အတော် ဘ၀င်မြင့်တယ် ပြောရမလား သွေးနားထင်ရောက်တယ် ပြောရမလား .. လူကြီးမိဘ ဆွေမျိုးသားချင်း အကူအညီနဲ့ လူရာဝင်ရမှာ အင်မတန် ၀န်လေးခဲ့ပါတယ် ..
ဒါပေမယ့် ကျွန်မဟာ ဖေဖေနဲ့ အဒေါ်တို့ လျှောက်ခဲ့တဲ့ လမ်းကြောင်းပေါ်ကို ရောက်လာတဲ့အခါ သူတို့ရဲ့ကျယ်ပြန့်တဲ့ အသိုင်းအ၀ိုင်းကို ဘယ်လိုမှ မရှောင်နိုင်ပါဘူး .. ဘာပဲဖြစ်ဖြစ် ကိုယ်သွားလေရာ နေရာတိုင်းမှာ နှုတ်၏ဆောင်မခြင်း လူ၏ဆောင်မခြင်း တွေနဲ့ ကူညီမယ့်သူတွေနေရှိတာဟာ တန်ဖိုးဖြတ်လို့နိုင်တဲ့ အားဆေးတစ်ခွက်လိုပဲဆိုတာ (နိုင်ငံရပ်ခြားကို တစ်ယောက်ထီးတည်း ထွက်လာခဲ့တဲ့အခါမှာတော့) အသေအချာကို နားလည်ခဲ့ရပါတယ်။
အဲဒီ လူကြီးတွေနဲ့အတူ ကျေးဇူးတင်ရမယ့်သူတွေကတော့ ကျွန်မရဲ့ ချစ်စွာသောသူငယ်ချင်းတွေ ဖြစ်ပါတယ် ..
Singapore မှာ သူငယ်ချင်းတွေ ပြန်တွေ့ရင်လည်း အရင်လို အရသာ မရှိတော့ဘူးလို့ ကျွန်မပြောလေ့ရှိတာ ..ခုချိန်ထိပါပဲ ..
မြန်မာပြည်မှာတုန်းကတော့ တွေ့ကြရင် "ဟီးဟီးဟားဟား" လုပ်ပြီးပေါကြမယ် .. ပြီးရင် အဲဒီ အပျော်တွေဟာ အိမ်ထိ ပြန်ပါလာတတ်ပါတယ်..
Singapore မှာလည်း တွေ့တာနဲ့ ပါးစပ်မစေ့နိုင်အောင် ဟား နေကြတာချည်းပါပဲ .. စိတ်ပြောင်းသွားတဲ့သူ .. ဘ၀င်မြင့်သွားတဲ့သူ .. အချင်းချင်း ကျောချင်တဲ့သူ မပါတဲ့ အတွက် (အော် အားလုံးကလည်း ငပေါတွေချည်းပဲလေ) ဒီလို သူငယ်ချင်းမျိုးတွေရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမဆုံးပါ ..
အခြေအနေတွေကတော့ ပြောင်းလဲသွားပါပြီ .. ရယ်သံတွေရဲ့နောက်မှာ တာဝန်တွေပါလာပြီ .. ဘယ်တော့မှ သေချာမှာမဟုတ်တဲ့ ချိန်းဆိုချက်တွေရဲ့ နောက်မှာ stress တွေပါလာပြီ ..
နောက်ဆုံးတော့ သူငယ်ချင်းတွေ ပြန်တွေ့ရတဲ့ အခါ အရင်လို မဟုတ်တော့ဘူးလို့သာ ကျွန်မ အထပ်ထပ် ခံစားမိတော့တယ် .. Singapore ဟာ ကျွန်မတို့သူငယ်ချင်းတတွေရဲ့ အတွင်းစိတ်တွေကို မပြောင်းလဲနိုင်ခဲ့ပေမယ့် ပျော်ရွှင်မှုတွေကိုတော့ စုပ်ယူပစ်လိုက်နိုင်ပါတယ် .. သူငယ်ချင်းတွေနဲ့ဆုံပြီး အိမ်အပြန်မှာ အရင်လို အပျော်တွေမပါလာတော့ဘဲ အလွမ်းတွေသာကျန်ခဲ့တယ် ..
ကျွန်မကပဲ ရှာကြံ လွမ်းတတ်တဲ့သူတစ်ယောက် ဖြစ်နေသလား မပြောတတ်ပါ ..
အချိန်တွေကုန်သွားတာနဲ့ အမျှ အတိတ်က ပုံရိပ်တချို့ဟာ ဖမ်းဆုပ်လို့မရအောင် ပျောက်ဆုံးကုန်ကြပါတယ် .. အမှတ်တရတွေသာ ရင်ထဲမှာ ကျန်ရစ်ခဲ့ပြီး အလွမ်းတွေကို ဖန်ဆင်းတယ် ..
သူငယ်ချင်းများအား အမှတ်တရ
အေးမြတ်မြတ်ကို



2 Comments
Sunday, 17 August 2008
Sunday, 17 August 2008
Would you like to comment?
Sign up for a free account, or Sign in (if you're already a member)