' ရှိသည် ၊ဖြစ်သည် ၊ ရှိကြသည် ၊ဖြစ်နိုင်သည် ''
Tuesday, November 17th, 2009
' ရှိသည် ၊ဖြစ်သည် ၊ ရှိကြသည် ၊ဖြစ်နိုင်သည် ''
အခုတော့ အခန်းထဲတွင် မလတ်ဆတ်မှုများရှိနေသည်။ တစ်ချိန်ကရှိခြင်းများယခုမရှိ ၊ ရှိသကဲ့သို့ ထင်ရသော အရာများလည်းမရှိ ၊မရှိခြင်းတစ်ချို့ ရှိကြသည်...။
ကဗျာဆရာ နေနှင်းစက် လက်ထဲတွင် ဘောလ်ပင် နှင့် စာရွက်မရှိ (သို့ သော် သူ ကဗျာ ရေးနိုင်သည်) ၊ ချော်လဲရောငိုရှိသည်၊ ခရမ်းနုမရှိ ၊ မိယုရှိသည် ၊ ပန်းသီးမရှိ ၊
ဒီလောက်ဆို ရှိခြင်းမရှိခြင်း ကို ရှိကြောင်းမရှိကြောင်း သိလောက်ပြီထင်သည် ။
ယနေ့ နံနက်သင် အိပ်ရာထနောက်ကျလျှင် အရှေ့ ဘက်မှ နေထွက်တာ ကို မြင်ရမည် မဟုတ်တော့ပါ ။ ထို အခါနေထွက်ရာအရပ်ကို မျက်နှာမူပြီး လက်နှစ်ဖက်ကိုဆန့် တန်းပါဆိုသော
စကားသည်လည်းအပိုဖြစ်သွားလိမ့်မည်ဟု ကျွန်တော်ထင်သည် ။ စိတ်မပူပါနှင့်  ၊ နေ၀င်တာကို စောင့်ကြည့်ပြီး အနောက်အရပ်ကိုသိနိုင်ပါသေးသည် ။ ဓူဝံကြယ်တော့တွေ့ အောင်ရှာပေါ့ ။
ဗိုက်ဆာသည်။ '' ဗိုက် ဆာနေသလား မားမားကိုစား '' ဟု အိန္ဒြာကျော်ဇင်က ခေါက်ဆွဲထုတ်ပြုပ်ပေးမည်မဟုတ်ကြောင်း ကျွန်တော်သိနေပါသည် ။ '' ဗိုက်ဆာတယ် '' လို့  နေတိုး ပြောလျှင်တော့
'' သုံးမိနစ်ပဲစောင့် '' ဟု အပြောခံရသော နေတိုး ကို အားကျမိပါသည် ။ ဗိုက်ဆာနေသော ကျွန်တော့်ကို ခေါက်ဆွဲ ပြုတ်မကျွေးပဲ ရေတိုက်လို့ ရော ရေငတ်ပြေမည်ဟု သင်ထင်ပါသလား ။
ဗိုက်ဆာနေသော ကျွန်တော့် အတွက် နေတိုး က ခေါက်ဆွဲ အ၀စားပြနေရုံမျှ ဖြင့် ကျွန်တော် ဗိုက်ပြည့်သွားမည်မဟုတ်သလို ကျွန်တော့် ကိုယ်စား အ၀စားပေးသည့်အတွက်လည်း ကျွန်တော်က နေတိုး ကို
ကျေးဇူးတင်လိမ့်မည်မဟုတ်ပါ ။
ကောင်လေးရေ.... ကျိန်စာတွေ နဲ့ သာ အိပ်စက်ပါတော့ ။ အနက်ရောင်ငှက်များ ရုတ်တရက်ပြန်သွားကြသည် ။တမင်သက်သက်ခေါက်သိမ်းထားသော အလွမ်းသည် ပြက္ခဒိန်ဖြစ်သည် ။
မျှော်လင့်ခြင်းဆိုတာ ရူးသွပ်သူများ၏ ဘာသာဗေဒဖြစ်သည်။ ဆံနွယ်လေးတစ်မျှင်စာသံပတ်တင်းပြီးဖွင့်လိုက်ပါရဲ့ ။ ပြတင်းပေါက်မဲ့ ညများ နဲ့  အိပ်စက် ။ သူမ ။ တစ် ည သာခံတဲ့ စိတ်ကူးနဲ့  ဘ၀ တစ်ခုလုံးကို
လဘ်ထိုးပြီး အိမ်မက်တွေ အားလုံးကို အတုဖြစ်စေခဲ့သည် ။ အမြဲရှုံးစစ်ပွဲတွေ မှာ ရန်သူကို ပြုံးပြရတာ အခက်ဆုံးဖြစ်သည် ။
ညခင်းရဲ့  လမ်းမများသည် အင်ဂျင်စက်သံ ယဉ်ကျေးမှုနှင့်ထွန်းကားလျှက်ရှိသည်။ နောက်ပြန်လည်နေသော နာရီ၏စက်သံများကို ကြားနေ ရသည် ။ မြို့ အ၀င် ည ။ ရှိတ်စပီးယားကြိုက်သည်။ ရှယ်လီကြိုက်သည်။ ဘိုင်ရွန် ကြိုက်သည် ။ မွန်တယ်လီကြိုက်သည် ။ ကာဇူကိုကြိုက်သည်။ ကျွန်တော် ကြိုက်တာတွေ ချည်းပြောနေ လျှင်
သင် မကြိုက်မှာ စိုးရသည် ။ ကျွန်တော့်စိတ်ပဲထွက်သွားသည်။ သိုးနေသော ၀က်သားပေါက်စီအား သိုးများအငမ်းမရစားနေသည်ကို ငန်းတစ်ကောင်မှာ လမ်းတစ်ဝက်က ကြည့်နေသည်။
လူနှစ်ယောက် ကျားကစားသည် ။ လူနှစ်ယောက် ကျားက စားသည် ။ တစ်ခါတစ်ရံကို တခါတရံဟုရေးလျှင်မှားသည်ဟိုသိရသည် ။ အဘယ့်ကြောင့်ဆိုသော်.....
တစ်ခါတစ်ရံသာရှိပြီး နှစ်ခါနှစ်ရံ ၊ သုံးခါသုံးရံ မရှိလို့ ဖြစ်သည် ။ အသားတစ် , တစ် , တစ် ကို အသားတစ် တစ် တစ် ဟု အသံဆက်မဖတ်ပါနှင့် နားကလစ်ကလစ်ဖြစ်သည်။
(နား ကလစ်ကလစ်သည် ဆရာတာရာမင်းဝေ၏စကားလုံးဖြစ်သည် ) ။ စကားလုံးသည် စကားလုံးဖြစ်သည်။ စတားလုံးသည် ရမ်ဘို ဖြစ်သည် ။ ရမ်ဘိုသည် အိမ်ကခွေးကြီးဖြစ်သည်။
အိမ်ကခွေးကြီးနာမည်မှာ စတားလုံးဖြစ်သည်။ ထို့ အတွက် အိမ်ကခွေးကြီးသည် ခွေးဖြစ်နေဖို့ အရေးကြီးလှသည်။ လူတွေ သိုးနေအောင်အိပ်ချိန်တွင် ကဗျာဆရာတစ်သိုက်
ငါးဈေးတွင် အလေလိုက်နေသောအခါ ဘီယာမူးနေသော လူတစ်ယောက် အပေါ့သွားရန် နေရာကို လိုက်ရှာနေသည် ။ ထိုလူတစ်ယောက်သည် နေနှင်းစက် ဖြစ်နိုင်သည်။
ညီစိမ်းဖြစ်နိုင်သည်။ ဆူးခက်မင်းဖြစ်နိုင်သည် ။ ဖက်တီးဖြစ်နိုင်သည် ။ကျွန်တော်ဖြစ်နိုင်သည် ။ ဖြစ်နိုင်သည်တွေ များမနေဘူးလား ။ ဟုတ်ကဲ့....
ဖြစ်နိုင်လျှင်ဒီအက်ဆေး ကို ပါ ဒီနေရာတွင် အဆုံးသတ်ချင်ပါသည် ။

0 Comment
Would you like to comment?
Sign up for a free account, or Sign in (if you're already a member)