Sign Up
lost your password?
တေလေတစ်ဆူရဲ့လင်းပွင့်မှုများ
ပန်းငုံခေတ်ဝတ်ရုံအောက်က အိပ်မက်များ
မနက်ခင်း
Friday, September 3rd, 2010
မနက်ခင်းတွေအကြောင်းပြောဖို့တောင်မကောင်းတဲ့ မနက်ခင်း၊
မနေ့ညက တွေ့ခဲ့ရတယ်........ နေရယ်၊ လရယ်၊ ခဏခဏပြန်စုထားတဲ့ ပန်းခြောက်စတွေလို
မနက်ခင်းမှာ အတူကောက်ဖူးလိုက်တာနဲ့တင် ချယ်ရီတွေက လွမ်းလောက်အောင်ပွင့်လို့၊
နှုတ်ခမ်းလေးစူထားရုံလောက်မှာ သိပ်သိပ်ပြီးကို လွင်လဲ့လဲ့လေးလင်းလာမယ်.......... မနက်ခင်း
ဒီလိုယုံကြည်မှုလေး အတူခူးပြီး၊ စည်းနှောင်ထားတဲ့ ဆံနွယ်လေးတွေ ပန်ကာ
ချစ်သူသိပ်လှလိုက်တာကွယ်..... အဲဒီလိုနဲ့ အလံတွေ အဖြူရောင် ပွင့်ပေးတဲ့...... မနက်ခင်း
နောက်....... လေညင်း......... ကန်စပ်လေးပေါ်ဖြတ်၊ အရောက်လာပေးသူ လေညင်း
ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ငါ့မှာ လေသန့်သန့် အပြည့်နဲ့ အဆုတ်တစ်ခုလုံးပြည့်ရင်း
နှလုံးသား နာမကျန်းဖြစ်နေရပေါ့......... မနက်ခင်း............ ပခုံးထက်မှာ သူမနဖူးလေးထိ
ငြိမ်းချမ်းသက်သာ တိတ်တိတ်လေး အိပ်နေလိုက်စမ်းပါ.... မနက်ခင်းနောက်က လေညင်း၊
မျက်လုံးဝိုင်းဝိုင်းလေးမှိတ်ထား.......... မျက်ရည်တွေကို သိမ်းထားပါ.. အခု မနက်ခင်း
လျှပ်ရောင်အသီးခိုင်ခိုင်တွေ စီရရီတွဲလဲချ ခေတ်သစ်ရေသတ္တ၀ါဝမ်းထဲမှာ...... အိပ်မက်မူးတူး....
မနက်ခင်း ........... မနေ့ညက ...... မနက်ခင်း............. ပင်လယ်လေညင်း.......တွေရူး
ရင်အပေါက်နဲ့ ချစ်သူ့ပုံရိပ်တွေ လိုက်ကောက်၊ ကန်စပ်လေးဆီက မနက်ခင်း.........၊
နောက်.......... ချစ်သူရနံ့မပါတော့ သိပ်မသန့်တဲ့ ခပ်သန့်သန့် လေညင်း....
ပင်လယ်ဆီက ..........မနက်ခင်း........ ၊ မျက်ဝန်းလေးမှိတ်ထား............
ငါ့ပခုံးပေါ်မှာ.......... မနက်ဖြန်နဲ့ မနက်ခင်း........
အေးလေ.......... မနက်ဖြန်နဲ့မနက်ခင်း........ စကားပြောရင်း.. တိတ်လေး နွေးနွေးထွေးထွေး
ဖွဖွလေး........... လှမယ့် ............... မနက်ခင်း၊ လွမ်းတယ်
ဘုန်းသန့်ခန့်
http://www.phonethantkhant.co.cc
Labels:
ပိုးမျှင်အိမ်ထဲက ခြေသံဖွဖွ
Tuesday, July 6th, 2010
မျက်ဝန်းလွှာထဲကို
တဖျပ်ဖျပ်လဲ့နေတဲ့ အီလက်ထရွန်မှုန်လေးတွေက
စာသားအသွင်ပြောင်းပြီး ၀င်ရောက်လာရဲ့။
အာဒံက ဧ၀ကို ပြောခဲ့မယ့်စကားလား။
ဟင်း……သိပ်မသေချာပါဘူး။
ချစ်သူကတော့ ပြောလိုက်တာ သေချာလိမ့်မယ်။
နှုတ်ခမ်းလေးကို ဖွဖွဖိကိုက်ပြီး စဉ်းစားတော့
အဲဒီရက်စွဲလေးဟာ
တယုတယမှတ်မိစရာကောင်းနေရဲ့…….။
ကမ္ဘာလုံးဆိုင်ရာ ပင့်ကူအိမ်ကြီးထဲက
ပိုးမျှင်ကြိုးလေးနှစ်ချောင်း…….
ဖျပ်ဆိုပေါင်းဆုံမိတဲ့နေ့……..
အဲဒီနေ့က ခေါင်းအုံးလေးပိုက်ရင်း
အိပ်မပျော်ခဲ့ဘူး။
ဒီလိုနဲ့ပဲ…
ပင်ကူကြိုးမျှင်ပိုင်းလေး နှစ်စဟာ
တစ်ပင်နဲ့ တစ်ပင်နွယ်လို ငင်ချင်ခဲ့…၊
သက်တန့်မဖြစ်ပါစေနဲ့လို့
          မိုးနတ်ဘုရားဆီ ဆုပန်ရဦးမယ်။
တချို့ပုံပြင်တွေက ဆိုတယ်
၁။ ဒုတိယ ကမ္ဘာသစ်
(အိပ်မက်တွေချည်းပဲတဲ့)
၂။ ပုံရိပ်ယောင် ရပ်ဝန်း
(မုသားတွေနဲ့ ဆစ်သထားရဲ့တဲ့)
၃။ လက်ချောင်းဖျားက စကြ၀ဠာ
(မာယာတွေတောင်လို သွန်းထားတယ်တဲ့)
ကိုရယ်………
          အဲဒီပုံပြင်တွေကို အတည်ပြုခွင့်မပေးပါနဲ့ကွယ်။
ပထမဆုံးဆိုပြီး တံဆိပ်ကပ်မထားပေမဲ့
ဖျပ်ကနဲ ပွင့်ပေးလိုက်တာပါ။
အမွှေးမြဆုံးပန်းပါကွာ……..
ပန်းပင်လေးတစ်ရုံလုံး တုန်ခါပြီးမှ ဖူးပေးလိုက်မှာပါ။
ဒစ်ဂျစ်တယ်ခေတ်မှာ ပွင့်လာမိတဲ့…
ဝတ်မှုန်စင်စစ် ပန်းပါကွယ်….
ချစ်သူရယ်….
          မြေသားရနံ့နဲ့ လမ်းတွေမပါပေမဲ့
          သတ္တုလမ်းကျဉ်းထဲ အတူစီးဆင်းကြမယ်။
          ပန်းရနံ့တွေ မလွှင့်နိုင်သေးစေဦး
          ပန်းပုံရိပ်တွေငေးရင်း ငြိမ်သက်နေချင်ရဲ့…..
ချစ်သူ့လက်ရေးမဟုတ်တဲ့ ချစ်သူ့လက်ရေးကို
          စေ့စေ့ကြည့် ကြည်နူးရင်း…………….
“I sat up and saw the glow of the
Milky Way above my window,
Like a world of silence on fire,
and I wondered if at this moment
she had a dream that rhymed
with mine.”
………….တနေရာက ခြေသံဖွဖွကို
                     တဒုန်းဒုန်း ကြားနေရဲ့လေ။
                                               ဘုန်းသန့်ခန့်
                                      A011508JUL08
"..." By tago
ကောင်မလေးတစ်ယောက်က အင်တာနက်ထဲမှာ သူ့ကို ချစ်တယ်လို့ပြောထားတဲ့
ချစ်သူအတွက် ချစ်တယ်ဆိုတဲ့ အဖြေပေးဖို့ စောင့်စားနေတဲ့အကြောင်း
ကဗျာလေးတစ်ပုဒ်ရေးပေးပါလို့ ပြောတုန်းက ရေးထားတဲ့ဟာလေးပါ။ ရေးတော့
ရေးထားဖြစ်ပေမဲ့ အဲဒီကောင်မလေးဆီလည်း မပို့ပေးဖြစ်ခဲ့ပါဘူး။ အဲဒီကောင်မလေးလည်း
သူ့ချစ်သူနဲ့ အဆင်ပြေလားမပြေလားလည်း မသိပါဘူး။ အခုမှ ကိုယ်ပိုင်ကွန်ပြူတာလေး
ရှိလာတာနဲ့ တင်လိုက်တာ။ အဲဒီသူငယ်ချင်းမလေးလည်း ဖတ်ဖြစ်ပါစေပေါ့။
Labels:
လင်းပွင့်ချင်တဲ့ လူ့သွေးတော်
Tuesday, June 8th, 2010
အခန်းတံခါးတွေကို တင်းတင်းကျပ်ကျပ်ပြန်ပိတ်လိုက်တယ်။ ဟိုး…… အရင်လိုပေါ့၊ ဖွင့်ကြည့်ခဲ့ပြီးပြီပဲ။ လေညင်းတွေကို တမ်းတလို့ မိုးမုန်တိုင်းတွေမိခဲ့ပြီ။ ပြန်မပိတ်ဘူးလို့ စိတ်ဒုန်းဒုန်းချလိုက်စဉ်ကတော့ ပိုးမျှင်တွေ၊ ပိုးမျှင်တွေ ရစ်ရစ်တွယ်တွယ်တက်နေတဲ့ ပြတင်းတွေက သိပ်လှလိုက်တာ။ နောက်မှ၊ နောက်ထပ်ထပ်ပြီးကြာတော့မှ ဖုန်ထပ်ညစ်နွံ၊ ရှင်းသန့် သန့်စင်ပြီးကာမှ ပြန်လှမယ်မှန်းသိပေမဲ့ ပိတ်ထားလိုက်ပါ့မယ်။ လေပြေတွေကလည်း တခါခါမှာ ရက်စက်တမ်းတမ်းကြမ်းလိုက်တာကွယ်။ ကျွန်တော်အခန်းလေးမှာ စိတ်အလင်းနဲ့ ကိုယ့်ကိုယ်ကို ပြန်ထွန်းမယ့်ရက်……. တစ်ကနေစ ပြန်တွက်မယ်။ အလင်းများလာမလားလို့ မျှော်လင့်မိပါရဲ့………. လည်ပြန်လှည့်ကြည့်လိုက်တဲ့နေ့မှာမှ ဗျပ်စောင်းသံတွေ ကျိုးကျကုန်ရဲ့…………….။ ဘယ်လိုပြန်တီးခတ်ရမလဲဆိုတာကို သိမှု့၊ ဖျောက်ဆုံး၊ နိဂုံးဆင်ဖိုနီ၊ ကိုယ်ခတ်ထားတဲ့ စည်းကို ပြန်ရုန်းထွက်ရတာလောက် ခက်ခဲ့တယ်။ ထူး၊ ဆူး၊ မီးတောက်ရူးရူး။ အခန်းတံခါးကို တင်းခတ်ခတ်ပြန်နွယ်တက်လိုက်ပါ။ ၀ပ်ကျောင်းတော်ကိုစွန့်လို့ ကိုယ်းကွယ်ခဲ့တဲ့ကောင်……. ထောက်ထားတဲ့ ဒူးတွေကို ဖုန်မှုန်မှုံ ခါပြန်သုတ်လို့ အောင်လံကို ပြန်တင်မယ်………. လရောင်တို့ဖြင့်မလင်းသောညကို လို၏။ တဆင့်ခံလင်းပွင့်မှုများ၊ ကြားနေသပ် ရောင်ခြည်၊ လရောင်ဖြင့် မလင်းသောညကို လို၏။ မှောင်သောည၊ မမိုက်သော လူသားက ကိုယ်ပိုင်လင်းပွင့်လိုက်တဲ့ည၊ သရဖူအပ်လို့ ကိုယ်းကွယ်မိသူ နောင်တ၊ ထိုညတွင်းတွင်ပင် ကျွန်တော်ပြန်နိုးထလိုက်သည်။ ဖျပ်ကနဲလက်လာတဲ့ အောင်လံတံခွန်မှ တံဆိပ်ကို မြင်မိခိုက် အသားကျဒူးတို့ ညွှတ်ဆင်းလိုကြလား။ ငါက နတ်ဘုရားပဲ …….. နောက်ဘယ်တော့မှ မ၀ပ်တွား၊ ငါ့နန်းကို ငါတက်မည်။ ထိုမာန်ဖြင့် ခုတ်ပိုင်းချလိုက်သောည၊ အဆက်ဆက်ငုံ့ခဲ့သော ခေတ်များကို ပြန်ရေးသူ ဇွဲမာန်လှိုင်းထလို့………….. အောင်လံတော်မှာ ငါ့ပုံတော်နှိပ်တဲ့ည၊ ပုလ္လင်ထက်မှာ ငါသာမြန်းကြွ၏။ မြှောက်စည်သံတိတ်ပါ……….. မြှောက်ပြောသံတိတ်ပါ………. တိတ်ဆိတ်လင်းပွင့်ည။ နှဲ့ပါများသော ငုတ်တိုင်ဘ၀…… အစမှ ကျွတ်ထွက်လိုက်ပြီး မြားတစ်စင်း တမဟုတ်ချင်းဖြစ်ထွန်း ပစ်ခွင်းလိုက်တယ်။ မိုးထက်က လာသမျှတွေ၊ ဟောဒီရင်မှာ လျှံသမျှတွေ၊ ဘယ်သူမှမသုံးတဲ့အခါ ချက်ချင်း ကိုဓထုတ်ရုတ်သိမ်းလိုက်စမ်း။ ဒီလိုအာဏာကို ငါပြန်သိမ်းတယ်။ မေတ္တမုဒြာကိုသာ ညွန်းခဲ့တဲ့လက်လေးမှာ ဟောဒီဓားထက်ထက်ကို ပြန်တပ်ပေးလိုက်ရတာ…………၊ ကိုယ့်ကိုယ်ကို အားနာပါရဲ့………. မေမေ။ ကျွန်တော်ပေးခဲ့သမျှတွေကို ဘယ်သူတိုင်းကမှ တရိုတသေ နေနေသာသာ ပြီးလွယ်စခတ်တောင် ရောင်ပြန်မဟပ်ခဲ့ဘူး။ အဲဒီ ထူးတွေကို ကျွန်တော်ဘယ်သူအတွက်ဆက်ခက်တော့မှာလဲ။ ယဉ်ကျေးမှု နာမတပ်ပြီး ကိုယ့်ကိုယ်ကို မလိမ်တတ်ပါဘူး….. အရှင်၊ အဲဒီအတွက်နဲ့ပဲ ဒီလိုလူကို ကိုယ့်ကိုယ်ကို ဖန်ဆင်းခွင့်ပေးလိုက်စမ်းပါ။
ဒီမာန်ဟုန်ထက်ထက်ဓားနဲ့ လောကတစ်ခွင်ကို အခန်းကျဉ်းထဲမှာ နန်းထိုင်အုပ်စိုးချင်တယ်။ တေးတွေကို တီးတဲ့လက်ကို ဓားတပ်ပြီး စစ်ကိုချီမယ်ဟန်နဲ့ တပ်တော်ကို အောင်စည်တီးဖြန့်မယ်။ ဟန်မှုရာဘီအိပ်မက်နဲ့ တဖျပ်ဖျပ်လက်လာတဲ့ ငယ်သွေးငယ်ရောင်ကြောင့် နတ်ဘုရားတို့ ၀ပ်တွားစေရမယ်။ ငါက နတ်ဘုရင် ဖြစ်တယ်။ လောကထပ်ထောင်သောင်းကို ဖောင်းကနဲ မီးဟုန်းပန်းပန်းပြန်ကန်ထွက်မယ့် သည်းခံလွဲရင်ခွင်ကိုဝတ်ဆင်ပြီး……… ငုံ့ခံခဲ့တဲ့ကောင်လေးကို အခန်းကျဉ်းထဲမှာ မြင်နေရပြန်ပေါ့….။ မီးဗုံးတစ်လုံးပြီးတစ်လုံး ဆင့်ဆင့်မျိုသလိုမျိုး အံကြိတ်ခံခဲ့မိသူဘ၀မှာ အရာရာဟာ နှင်းဖုံးကာထပ်ဝါး။ ပစ်ချတော့မယ် သေနတ်မောင်းကို တစ်နှစ်သုံးရေတင်သလိုမျိုး နံပါတ်စဉ်တပ် ငုံ့ခဲ့သူ ကို ဘယ်သူကယ်ပါ့၊ အိုလောက………… ။ ငါက မြတ်သောမာန်ကို ထန်ထန်ရောင်ထွက်ပြီး တသသသွေးနေခဲ့တဲ့ကောင်၊ ယူရေနီယံလူသား….. ဒီတော့ နင်းခဲ့သောခြေများ၊ ကန်ခဲ့သော ခြေများ၊ စုံစုံစေ့စေ့မှတ်သားပြီး တိတ်တိတ်လေး ဓာတ်ကြွနေတဲ့ကောင်၊ ကဲအခု…….. ငါ……………. ခေါင်းကိုမော့၊ ရင်ကော့ပြီး တဖောင်းဖောင်းထ ပေါက်ကွဲမယ့်ည၊ စွယ်ရောင်ဖွေးဖွေးနဲ့ လင်းပွင့်ရောင်လား၊ လင်းယောင်လား။ အိုလောက…… မှားသောလမ်းကို ထွင်နေသူကို ဘယ်သူကယ်ပါ့…….. မေတ္တမုဒြာကို လှသည်ထက်လှအောင် သုံးနိုင်သူဟောင်းကို သွေးစက်စက်ဓားနဲ့ ဘယ်သူမြင်ပါ့…… တဒင်္ဂသော ဥာဏ်မိုက်စဉ်ကို ဘယ်သူပြင်ပါ့….။ ငါက နတ်ဘုရား ဟော့ဒီ ငါ့ထက်လျှလျှလင်းယောင်ဓားနဲ့ ငါ့အလင်းကို ဖန်ဆင်းမယ်။ ငါဟာ လင်းပွင့်နိုင်သူဖြစ်တယ်။ ငါဟာ လင်းပွင့်နိုင်သူဖြစ်တယ်။ ငါ့ကို မလင်းဝံ့သူထင်လို့ ဖိနှိပ်ဖယ်ခွာခဲ့သူတိုင်းကို မာန်ဓားဝံ့ဝံ့ ၀ပ်တွားစေမယ်။ ငါက နတ်ဘုရား……….. ငါက နတ်ဘုရား။ မေတ္တမုဒြာကို မှန်ယောင်ဟပ်လွဲသုံးမိသူကို ဘယ်သူကယ်ပါ့……. သမုဒယနှောင်ကြိုးကို အတ္တကြိုးလဲ ဖြတ်ချင်သူကို ဘယ်သူကယ်ပါ့။
ငါက နတ်ဘုရား….။ ဘယ်သူ ကယ်ပါ့။ ငါက နတ်ဘုရား…..။ ဘယ်သူ ကယ်ပါ့။
ငါက နတ်ဘုရား……။ ဘယ်သူ ကယ်ပါ့ငါက နတ်ဘုရား…..။ ဘယ်သူ ကယ်ပါ့
ငါက နတ်ဘုရား…။ ဘယ်သူ ကယ်ပါ့ငါက နတ်ဘုရား။ ဘယ်သူ ကယ်ပါ့။
ဘယ်သူ ကယ်ပါ့။ ဘယ်သူ ကယ်ပါ့။ ဘယ်သူကယ်ပါ့။
“အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဋ္ဌာယတနံ၊ သဋ္ဌာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ၊ ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။”
မိုးခါးတွေရွာနေလို့ မထွက်လာသေးတဲ့ အလင်းကို မျှော်နေကြသူတွေကြောင့် တနေ့တခြားပိုပူလာတဲ့ လောကမှာ နေရထိုင်ရခက်လိုက်တာ။ တမဟုတ်ချင်းလင်းပွင့်နိုင်တဲ့ မီးအိမ်တွေဘေးချပြီး လမ်းပြသူကို ဘေးဖယ်ချ……. လမ်းမထက်က သွေဖယ်နေရတဲ့ဘ၀တွေများလိုက်တာ။ အဲဒီအမွှေးတိုင်တွေကို ဖယ်လိုက်ကြ၊ အဲဒီ မီးခိုးတွေကို ဖယ်လိုက်တဲ့အခါ ကြာဖြူပွင့်မြတ်ရှင်းသန့်လာမယ်။ အဲဒီ ပန်းစုံမှိုက်တောကို ရှင်းလိုက်ကြ၊ အဲဒီ ချိုချိုအီရနံတွေ ဖယ်လိုက်တဲ့အခါ ကြာဖြူပွင့်မြတ်ရှင်းသန့်လာမယ်။ ငြိမ်းချမ်းရာအရပ်မှာ ကြာဖြူပွင့်တွေ၊ ဂျူံဖြူခင်းတွေ၊ ………..တွေ၊ ……….တွေ………………… သူ့ဟန်နဲ့သူ သိပ်ကိုလှတယ်တဲ့….. ကျွန်တော့်ကို ဖန်ဆင်းခွင့်ပေးလိုက်စမ်းပါ……..။ အစကနေအဆုံး၊ မျှော်တော်ယောင်ရွှေပေလွှာတွေကို ဖယ်ပြီး ကျွန်တော် ပြန်ဖြူစင်ချင်ပါပြီ။ ထီးလေးတစ်လက်မိုးပေးပါ။ ကျွန်တော့်ဓားကို အပ်ပါတယ်။ ရင်ခွင်ပေါ်မှာ ဘယ်လက်ပေါ်ညာလက်အုပ် ဟောဒီလောကကို  မေတ္တာဆေးသုတ်ပေးပါ့မယ်။ မှန်ယောင်ထင်ဟပ် အဲဒီစိတ်လမ်းဖျက်တွေကို နွံတွင်းမှာ ဖြူဖြူလင်းလင်းပွင့်လာတဲ့ ကြာမြတ်ဖြူလို ထွန်းခွဲပွင့်လဲ့မယ်။ လူတူလူတွေကြားမှာ နေရင်း စိတ်ရှင်းလက်ရှင်းဖြူစင်လိုက်ပါ့မယ်။ ကံကြမ္မာလို့အမည်တပ်ပြီး ကိုးကွယ်လာမိတဲ့ အားငယ်စိတ်၊ တလွဲမာန်၊ မှားယွင်းလွန် သည်းခံမှုကနေ မြင့်မြတ်ငြိမ်းသော သစ္စာတရားဆီ သွားချင်ပါတယ်။ လောကတွင်းမှာ နေရင်း ကိုယ်ပိုင်အလင်းနဲ့ လင်းချင်ပါတယ်။ လင်းပွင့်ရောင်ခြည် ……..၊  လရောင်တို့ မလိုပါ။ ထိုညသည် မိုက်မှောင်ခွင့်ကို ပေးပါ၏။ သို့သော် ရင်မှ ထွက်သော လင်းပွင့်ရောင်ခြည်ဖြင့် လောကထောင်ထောင်ကို တိတ်တိတ်လေး လင်းပေးလိုပါ၏။ လရောင်တို့ မလိုပါ။ ကိုယ်ပိုင်သော အလင်းတို့ဖြင့် ချင်းချင်းလင်းစေ့ပါမည်။
“ Do not go by revelation or tradition, do not go by rumour, or the sacared scriptures, do not go by hearsay or mere logic, do not go by bias towards a notion or by another person’s seeming ability and do not go by the idea “ He is your teacher”. But you yourself know that a thing is good, that it is not blamable, that it is praised by the wise and when practiced and observed that it leads to happiness, then follow that thing.”
Doors, closed already, closed?
How can I reopen?
The Sin of Son of the man
Still the sin of son of the man?
I want to be A Liberated Being.
I want to be A Liberated Being.
Doors, closed already, closed?
Verily I say unto you,
If ye have faith as a grain of mustard seed
Ye shall unto this mountain,
Remove thee to yonder place:
And if shall remove;
And nothing shall be impossible unto you.
ထိုသို့ဖြင့် တံခါးတို့ ဟင်းလင်းပွင့်၏။ မီးကား တောက်ထသည်။ သို့သော်မပူ။ ငြိမ်းမြသော မီးလျှံအေးအေးဖြင့် တလက်လက်လင်းလာသော စိတ်သည် ငြိမ်းချမ်းမှုတိုဖြင့် အတိပြီး၏။ မည်သို့သော လူသားကမှ ထိုမီးလျှံကို မငြိမ်းနိုင်။ အေးမြ၏။ လင်းပွင့်၏။ ခိုလှုံသူများကို အေးမြစေ၏။ ဆင့်ဆင့်ပွား လင်းပွင့်စေ၏။
လေညင်းအေးအေးလေးကို တ၀ရှိုက်သွင်းရင်း………… လောကကို ကြည့်မိသည်။ လှလိုက်သည့်ဖြစ်ခြင်း။ ကောင်းကင်ကလည်း လှသည်။ အေးမြသည်။ ရေပြင်ကလည်း လှသည် အေးမြသည်။ ရောက်ရာပေါက်ရာ လေလိုဘ၀မှာ ခဏခဏခေါက်ခဲ့ဖူးသော တောက်ခေါက်သံတို့ ဝေးသွားခိုက်တွင် သိပ်ကိုလှလာသည်။ ဥပေက္ခာတရားကို တကယ့်အစစ်အမှန်သိသွားခိုက်မှာ သံသယတို့ကို ကင်းရှင်းပစ်လိုက်နိုင်လာ၍ ပိုလှလာသည်။ အရာရာကို အမြင်သစ်ဖြင့်၊ မြင်လူတိုင်းကို စာနာစိတ်ဖြင့် ကျွန်တော်ကြည့်တတ်အောင် ကြိုးစားရဦးမည်။ ကျွန်တော်၊ ခင်ဗျား၊ လူသား။ နှလုံးသားအသစ်နဲ့ ကျွန်တော်၊ ခင်ဗျား၊ လူသား လောကဆီပြန်မွေးဖွားလိုက်မည်။ ကျွန်တော်၊ ခင်ဗျား၊ လူသား …….. လင်းပွင့်နိုင်တဲ့ လူသား။
မှန်သောစိတ်ဖြင့် လင်းပွင့်တတ်ကြပါစေသတည်း…….
မှန်သောစိတ်ဖြင့် လင်းပွင့်နိုင်ကြပါစေသတည်း………..
မှန်သောစိတ်ဖြင့် လင်းပွင့်နိုင်ကြပါစေသတည်း………..
                                                                    ဘုန်းသန့်ခန့်
                                                           A122030MAY10GMT+10
Labels:
လွတ်ကျသွားသော ရွှေလင်ဗန်း
Thursday, June 3rd, 2010
ဒီတစ်ခါတော့….
ခုံတန်းလေးမှာ ထိုင်ပြီးပြုံးရယ်နေတဲ့
ကလေးငယ်လေးက
ရွှင်ရွှင်မြူးရယ်မောပျော်ရွှင်လို့………..
(သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။)
ကစားကွင်းထဲက လွတ်လပ်စွာပျော်နေတဲ့ ဟန်ပန်နဲ့
သူ့ရင်ထဲက တစ်စင်းတည်းသော
အလင်းတန်း
စကားတွေ တတွတ်တွတ်ဆိုလိုက်တာဗျာ။
(သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။)
ဒီတစ်ခါတော့…..
တိရစ္ဆာန်ဥယျာဉ်ထဲမှာ ကလေးငယ်လေးက မေးရဲ့
“လူဆိုတာ ဟိုး…….. မျောက်တွေက ဖြစ်လာတာလား” တဲ့။
“မဟုတ်ဘူး။ လူဆိုတာ ဟောဒီ……
 လက်ဝဲရင်ထဲက ဖြစ်လာတာ။”
(“လက်ဝဲရင်ထဲက ၀င်းကနဲ ထွန်းလိုက်တာပါ”..
ပညာရှင်လေး စဉ်းစားသွားရရော……
(သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။)
ပုံပြင်ဆုံးတဲ့အခါ
သူငယ်လေးက အိပ်ပျော်သွားပြီ။
သူ့မှာသာ လုံးချာဝန်းချာလိုက်လို့
သန်းခေါင်ထက် နက်ခဲ့ရဖူးရဲ့……..
(သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။)
ပုံပြင်ထဲမှာတော့
စုန်းအိုကြီးလက်က သားကို
အဖေက မေတ္တာတရားနဲ့ ကယ်ဆယ်နိုင်ခဲ့တယ်။
ဒီပုံပြင်စာအုပ်လေးကို
အစကပြန် ထပ်ကာထပ်ကာ ဖွင့်ဖွင့်ဖတ်မိပေါ့……
(သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။)
လမင်းကြီးကတော့ သာနေတာပါပဲလေ။
ရွှေလင်ဗန်းကြီးကိုင် ထမင်းဆီဆမ်းတွေကိုတော့
မတောင်းပေးဖြစ်တော့တာ ကြာပြီ။
(သားလေးကို သူ ပွေ့ချီမထားမိတော့ဘူး။)
သူပဲယောင်ရမ်း လွှဲမိသွားတာလား။
လေပဲတိုက်လိုက်လို့လား။
ဒန်းငယ်လေးက ရယ်ရင်းမောရင့် လှုပ်ရှားလို့………….
                                                ဘုန်းသန့်ခန့်
                                                UN08
အဲဒီ ကဗျာလေးကို ကျွန်တော် လူတစ်ယောက်အတွက်ရေးပေးခဲ့တာပါ။ သူကလည်း ကျွန်တော့်ကို မသိဘူး။ ကျွန်တော်ကလည်း သူ့ကို မသိဘူး။ ပိုဆိုးတာက ဒီကဗျာလေးကို သူ့အတွက် ရေးပေးလိုက်တယ် ဆိုတာတောင် မသိပါဘူး။ လက်ဘက်ရည်ဆိုင်ထိုင်နေရင်း ကြားလိုက်ရတဲ့ စကားလေးတစ်ခွန်းကြောင့် ကျွန်တော်ရေးဖြစ်သွားတာ။ ဖခင်တစ်ယောက်ဆိုပြီး ကိုယ့်ကိုယ်ကို စတင်ဂုဏ်ယူကာစ၊ ဖခင်တစ်ယောက်ရဲ့ ရင်တွင်းစေတနာကို ကိုယ်တွေ့သိကာစ၊ တီတီတာတာ စကားတတ်ကာစ သားငယ်လေး၊ နောက်ပြီးအများကြီးပေါ့……….. လွတ်ကျသွားတဲ့လူတစ်ယောက်၊ သူ့ကိုယ်သူပြန်တည်ဆောက်နေတဲ့ အကြောင်းလေးပေါ့……..
Labels:
ဟိုးရှေးရှေးတုန်းက ( ၁ )
Friday, May 28th, 2010
ဟိုးရှေးရှေးတုန်းကပေါ့……..
လက်ဘေးလက်ဖက်ရည်ဆိုင်လေးရဲ့ ထောင့်စားပွဲမှာ
ခြေပစ်လက်ပစ်အိပ်မက်တွေ ထိုင် နေတယ်..
လူငယ်လေးတစ်ယောက်နဲ့အတူပေါ့။
ဟိုးရှေးရှေးတုန်းကပေါ့………
မှီထားတာကြာလာတော့လည်း သူ့ကျောပြင်နာလာတယ်။
ဒါနဲ့ပဲ…… တံတိုင်းပေါ်တက်ထိုင်ရင်း…
သူနေထိုင်ရာမြို့လေးကို တမျှော်တစ်ခေါ်လှမ်းခေါ်ကြည့်လိုက်တော့….
ချယ်ရီနံ့တွေတသင်းသင်းကြားမှာ မျက်ရည်စိမ်းစိမ်းရနံ့၊
သူ့ဆီကသူပြန်ရလိုက်တာများ……
ကျောင်းတော်ခေါင်းလောင်းထိုးသံကို ငှက်ဆိုးသံရောကြားလိုက်ပြန်ပြီ။
ဟိုးရှေးရှေးတုန်းကပေါ့…..
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်… တံတိုင်းအိုမှာ ကျောပြင်ရာလေးကပ်ရပ်ကျန်ပြီး
ကျောပိုင်ရှင်က အဝေးဆီသွားခဲ့ပြီတဲ့…
ကံကောင်းစေတဲ့ကြွေအိုးလေးကို ပိုက်…. ငါလေ……………………..
ကြွေအိုးလေး……. ကံကောင်းပါစေကွယ်။
သံလွင်ခက်လေးထိုးလို့ လောကငြိမ်းချမ်းရေးမှာ
အမြဲမြင့်မြတ်နေပါစေ…
ဒီလိုနဲ့ပဲ …
လူကြားသူကြားမှာ တောခေါင်ခေါင်တွေ သူ့ကို ၀ိုင်းခဲ့ပြန်ပေါ့။
ဟိုးရှေးရှေးတုန်းကပေါ့…….
သူ့လက်က ကြမ်းပေမယ့်… ပန်းတွေ နုနုလွင်လွင်ပွင့်ချလိုက်တဲ့အခါ…
သူ့ကိုယ်သူပြန် အံသြနေရသေးရဲ့။
သူ့မှာ ချစ်သူမရှိပါဘူး…. ဒါပေမဲ့…
သူက မှော်အတတ်နဲ့ ဖန်ဆင်းတယ်၊
တစ်စင်းပြီးတစ်စင်းလင်းလင်းပြသလိုနဲ့
ဝတ်မှုန်ဆိုတာ သူ့ရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်လေးဖြစ်တယ်။
သူ………….ချစ်သူဆီကို ခေါ်နိုင်လိမ့်မယ်လို့
နှစ်ရည်ရူးသွပ်… ၀တ်မှုန် ဆိုတဲ့နံပါတ်လေးကို စိတ်နံရံမှာ ထုံးတို့မှတ်ထားမိသတဲ့။
ဟိုးရှေးရှေးတုန်းကပေါ့……..
ဆက်သွယ်မှုအေရီယာတိုင်တွေရဲ့ အဝေးမှာ ခွာခွာဝေးနေရင်း
သူ… ဖွဖွလေး ရွတ်ရွတ်ကြည့်တဲ့အခါ
သူချစ်သူနာမည်လေးကို စိတ်နဲ့ပေးလိုက်တယ်…
နှင်းဝတ်မှုန်လွင်…………….
ငါသာ ရှေးဦးလူသားဆိုရင် နင်က နတ်ဘုရားပဲ…
ဘယ်သူတွေဘယ်လိုပဲခေါ်ခေါ်………..
ငါနင့်ကို ၀တ်မှုန်လို့ လှမ်းလှမ်းခေါ်နေပါ့မယ်။
Labels: ဟိုးရှေးရှေးတုန်းက
အပြန် ( ၂ )
Friday, May 28th, 2010
ဟိုးအရင်က ရက်တွေကို ပြန်လွမ်းသလိုမျိုးပေါ့.........
လမ်းမထက်မှာ လေနှင်ရာလွင့်ခဲ့တဲ့ရက်တွေကို ပြန်ကောက်ပြီး
တစ်ရွက်ပြီးတစ်ရွက်ထပ်ထပ်ချုပ်ထားချင်တယ်။
ဝတ်မှုန်၊ ပြီးတော့ မီးတောက်ရစ်သမ်........
ငါ့သတ္တမ၀ိဥာည်၊ ကော်ဖီကြမ်းခါးခါး၊
မလောက်မငမက်ခဲ့ရတဲ့ ဘ၀၊
တစ်ယောက်တည်း၊ ပြီးတော့ 
နှစ်ယောက်တွဲ........
သိပ်ပျော်ဖူးတဲ့ ရက်နဲ့လ၊
ဒီလိုနဲ့မှာပဲ အသားမကျခင် လွင့်ရာကျလို့
အခုတော့ ဘာမှမရှိတော့ဘူး..........။
ခဲဖျက်ဖြူဖြူလေးတောင်မလိုဘဲ ပျက်ပျယ်
ဘာတွေဖြစ်နေပြီလဲ.......
ငါမသိတာက........ များ၊
ငါမသိတာက.......များ၊
ဒီလိုနဲ့ တံခါးအထပ်ထပ်ကြားမှာ 
ငါ အရာရာနဲ့ ခြားလို့နေ..............
ငါ.......... 
လက်တွေက မလိုက်တော့တဲ့အခါ
ငါ့စကားလုံးတွဲလေးတွေ စိတ်နဲ့ပဲသေဆုံး၊
ခံနိုင်ရည်ရဲ့ အဆုံးစွန်မှတ်ကို နီးကပ်လာတိုင်း....
ဖွင့်ဟဖူးတဲ့ နာမည်တစ်စက်ကိုလည်း 
အကြောင်းကြောင်းအချက်ချက်နဲ့ဖျက်ပေးလိုက်ဖူးရဲ့.......
ဘယ်သူကို တိုင်တည်လို့ ငိုကြွေးပြရမယ်မှန်းမသိတဲ့အခါ
ငါ................
ငါ.................
ငါ..............
ဖေဖေ........ ဘ၀ကသာ ဒီလိုချည်းဆို 
သားပြန်တော့မယ်။
သားပြန်တော့မယ်။
သားပြန်တော့မယ်။
လူတွေက သိပ်ကို စွန်းပေလွန်းတယ်လေ။
                                    ဘုန်းသန့်ခန့်
Labels:
Dream of inferior
Thursday, April 1st, 2010
Dream, Dream, what the dream
                               Dreaming?
Nothing of everything; of course.
Soil rains grains.
............ will change what.
Inquiry, Enquiry, what inquiries?
Immortal of words?
                Text? Context?
No,------------ song, no, ----------
Inferior built towns
But not dawn.
----------- hanging over the ages, how?
Unbounded bound,
No limit too long, so pissy.
Inferior, you, me, who.
The newest is nearly oldest.
Dream of inferior how what when.
If you boring,
Please try to interpret your name
In Strange way.
WYSIWYG.
                            Phone Thant Khant
                              081stEDTBEF09
                              2ndEDTBEFSEP09
                             3rdEDTP104519OCT09
--
http://www.phonethantkhant.co.cc
Labels:
ခိုချင်သူမို့ မိုးလှည့်ပါ (၂)
Thursday, April 1st, 2010
မောင်က အနုပညာကို ဖက်တွယ်ကိုးကွယ်ထားသူမို့ ခံစားချက်ပါးလျှပြင်းထန်တယ်ဆိုတာ ကျွန်မသိပါတယ်။ ကောကင်ရှု ကဗျာပေါင်းချုပ်ကျမ်းကို ပြုစုခဲ့တဲ့ စုယယုကိဆိုတဲ့ ကဗျာက၀ိ ဂျပန်ကြီးက … “နွေဦးနံနက် ပန်းပွင့်သည်ကို မြင်ရသော အခါ၌လည်းကောင်း၊ ဆောင်းဦးညနေ ပန်းကြွေသည်ကို မြင်ရသော အခါ၌လည်းကောင်း၊ ဆီးနှင်းပြိုက်ကျ လှိုင်းများထသည်ကို ကြေးမုံပြင်၌ တစ်နှစ်ပြီးတစ်နှစ် စောင့်ကြည့်ရင်း သက်ပြင်းကြီး ချမိသောအခါ၌လည်းကောင်း၊ မြက်ပင်ပေါ်မှ ကျသော နှင်းပေါက်သည် ယခုမြင်၊ ယခုပျောက်သည်ကို ရှု့ရင်း၊ လူ့ဘ၀သက်တာ တိုတောင်းသည်ကို ဆင်ခြင်မိသော အခါ၌လည်းကောင်း၊ မနေ့က စည်းစိမ်ကျက်သရေတိုး၍ ယနေ့ ဓနဥစ္စာ ပျက်စီးလျှောကျခြင်းကို တွေ့ရသော အခါ၌လည်းကောင်း၊ မနေ့က ချစ်၍ ယနေ့မုန်းကြသော ဘ၀ကို တွေ့ရသော အခါ၌လည်ကောင်း၊ ကဗျာက၀ိ ပညာရှိတို့သည် လင်္ကာဖွဲ့၍ စပ်ဆိုကြကုန်၏” လို့ စာရေးသားဖြစ်ရခြင်းတွေကို ပြဆိုထားတယ်။ လွတ်လပ်လွတ်ကင်းတဲ့ အနုပညာနယ်ပယ်မှာ မောင်စိတ်ကြိုက် ကူးခပ်ခွင့်ရှိပါတယ်မောင်။ လောက အပူငွေ့တွေကို ထိတွေ့ရင်း ကဗျာလေးတွေ၊ စာလေးတွေကို အသက်သွင်းပေါ့မောင်။ ဒါပေမဲ့… မောင်ရယ် …….. အနုပညာကို အမိုးအကာလုပ်ပြီး ဝေလေလေလဲကျမပစ်ပါနဲ့။ ဖြူစင်မြင့်မြတ်တဲ့ အနုပညာနဲ့ မောင့်ဒဏ်ချက်တွေကို ကုစားပါ..မောင်။
          မောင့်… အနုပညာကြိုးပန်းချက်တွေကို ဘယ်သူတွေကမှ မတားပါဘူးမောင်။ မောင့် ဖေဖေ၊ မေမေလည်း မတားခဲ့ဘူး။ ကျွန်မကလည်း တားမြစ်ဖို့မပြောနဲ့ မောင့်စကားလုံးတွေ သေဆုံးသွားမှာကိုတောင် စိုးရွံ့နေသူပါ… မောင်ရယ်။ ဘယ်သူကများ တားမြစ်ပိတ်ပင်နေလို့လဲ။ ပြောပါမောင်…။ မောင်ရေးထားတဲ့ အနုပညာ အသီးအပွင့်တွေကို ဘယ်သူတွေချွေပစ်နေလို့လဲ။
          မောင်ရေးထားတဲ့ အက်ဆေးတစ်ပုဒ်ကို ဖတ်ပြီး အားမလိုအားမရဖြစ်သွားတဲ့ မောင့်.. ဖေဖေ၊ မောင်ရေးပေးတဲ့ နွေနဒီစာချစ်ဝိုင်း(မြစ်ငယ်)က ထုတ်တဲ့ အမေနေ့အမှတ်တရ စာအုပ်လေးထဲက “ခြင်းကြား” ကဗျာကို အလွတ်ကျက်ပြီး တဖွဖွ ပြန်ရွတ်နေတဲ့ မောင့်မေမေ။ သူတို့ကများ “သား… မလုပ်နဲ့”လို့ တားကာပိတ်ဆီးနေလို့လား။ ဒါမှမဟုတ်… ကျွန်မကများ တားဆီးနေလို့လား။ မောင်.. က အနုပညာကို ပုန်းခိုဖို့အတွက် ရွေးချယ်ခဲ့တာ မဟုတ်မှန်း သိပါတယ်.. မောင်ရယ်။
          မောင်..သိမှာပါ။ အနုပညာအတွက် အသက်စွန့်သွားတဲ့ အနုပညာရှင်တွေ အကြောင်းကို။ မြန်မာမှာရော ကမ္ဘာမှာပါ အများကြီးပါ။ ဒါပေမဲ့… မောင်၊ သူတို့က ရှင်သန်ချိန်မှာ အနုပညာကို နက်နှစ်လှိုက်ရှိုင်းဖက်တွယ်ရင်း ဘ၀မုန်တိုင်းထန်ထန်ကို ပန်းရနံ့လို အလွယ်တကူ လက်ခံရဲကြတယ်လေ။ အလွယ်တကူ ဖြေဖျောက်ပစ်ကြပြီး… အံ့ချီးဖွယ် အနုရသကို ညှစ်ထုတ်ချယ်မှုန်းပြတတ်ကြတယ်။ ဘယ်သူတစ်ယောက်ကမှ လောကဓံကြမ်းလှချည်ရဲ့ဆိုပြီး မောင့်လို ပျော့တွဲချော်လဲမနေကြဘူး။ “အနုပညာ၊ အနုပညာ”.. လို့ နှုတ်က မဟစ်၊ ရင်က ဟစ်ကြွေးပြီး နောက်ဆုံးသွေးတစ်စက်ထိ လောကမုန်တိုင်းဘီးလူးကို သားစားမကြူးရဲအောင် ဆုံးမပြခဲ့ကြတယ်လေ။ “ဘ၀နာလေ အနုပညာသာလေ”ဆိုတာကို သက်သေပြခဲ့ကြတယ်လေ။ ကဲမောင်…. ဘယ်လိုလဲ။ အနုပညာကို ဒိုင်းလုပ်ပြီး ကြောက်စိတ်ကို မကွယ်ဝှက်စမ်းနဲ့။ အနုပညာဓားနဲ့ လောကဓံကို ဦးနှိမ်ကြမယ်လေ… နော်။
          မောင်….ပြီးခဲ့တာတွေကို ကြည့်ပြီး နွမ်းလျမနေနဲ့။ အခုလက်ရှိ ခဏလေးမှာ လက်တွေ့ကျကျ ပိုင်းခြားရင်ဆိုင်ပစ်စမ်းပါကွာ။ “ငါသည် အိပ်သော အချိန်တွင် မီးမှိတ် ထားတတ်သော်လည်း ရွန်းလဲ့ထွန်းလိုခိုက် စက္ကန့်တွင်းတွင် ၀င်းကနဲ တောက်ထနိုင်သည့် ကိုယ်ပိုင်မီးအိမ်နှင့် လူတည်း။ ထို့ကြောင့် ငါ့လမ်းမသည် ဖွင့်လင်းပွင့်ရှင်းစေသား။”*** အဲဒီ သစ္စာစကားကို ပြန်ကြားပါမောင်။ ပြီးတာတွေ ပြီးသွားပြီ။ လွှတ်ချပစ်လိုက်တော့။
          မနက်ဖြန်မှာ အရာရာလှပမယ်ဆိုတဲ့ ယုံကြည်ချက်ပြင်းပြင်းနဲ့ ကြိုးစားစမ်းပါကွာ။ မနက်ဖြန်မှာ ပန်းတွေပိုလှမယ်။ ကဗျာတွေ ပိုလှမယ်။ လိပ်ပြာလေးတွေ အရောင်ပိုစုံမယ်။ ကမ္ဘာကြီး အေးမြမယ်။ အို… အထွေထွေ အထူးထူးပါပဲ.. မောင်ရယ်။ အသံနဲ့ အခါခါသေနေမယ့်.. အစား တိုးတိုးလေးနဲ့ ထာဝရ ရှင်သန်နေကြမယ်လေ။ မောင်ကဗျာလေးတွေကို လက်တန်းရွတ်ရင် ကျွန်မက လိုက်မှတ်ထားပေးမယ်။ မောင်လမင်းကြီးကို ငေးပြီး တေးတွေဆိုရင် ကျွန်မက ကော်ဖီကြမ်းတစ်အိုးတည်းပေးပြီး ဘေးက နားဆင်မယ်။ မောင် အဝေးရပ်တွေဆီ စွန့်စားလှည့်လည်ခိုက်မှာ မောင့်ရနံ့ကို ပြန်မြင်ရင်း… မြဲမတ်မှန်ကန်သော သစ္စာအိနြေ္ဒနဲ့ စောင့်စည်းသစ္စာတည်မယ်။ ကျွန်မကိုယ်ပေါ်မှာ “ပန်းငုံခေတ် ၀တ်ရုံ” ကလွဲရင် ဘယ်ဝတ်ရုံကိုမှ လေတောင်အလွှမ်းမခံပါဘူး… မောင်။ ကဲ… မောင် သုန်မှုန်နေတဲ့ မျက်နှာ၊ လျှော့ကျနေတဲ့ ခံနိုင်ရည်၊ ပေါက်ပြဲလုနီး စိတ်ကို အသစ်လဲလိုက်တော့.. နော်။
          “ဘယ်လိုပဲ မြင့်မြင့်
          ရောက်အောင် လှမ်းတက်ပစ်မယ်။
          မိုးစက်တွေက တပေါက်ပေါက် ခုန်ဆင်းတားရင်တောင်
          ဂရုမစိုက်ချင်ဘူး။
          လက်ခုပ်နဲ့ ခံသောက်ပစ်ပြီး ဆက်သွားမယ်။
          ဟော… ကြည့်စမ်း။
          ကောင်းကင် နတ်ဘုရားတောင်မှ
          သူ့လက်တွေ မြေထိဝပ်တွားလို့
          ငါ့ကို ရို့ကျိုးနေပါပေါ့…..။”
          အို….. ကျွန်မ၀မ်းသာလိုက်တာ။ မောင်…၊ ကျွန်မရဲ့ သူရဲကောင်း။ လောကတစ်ထောင်ကို ဗိုလ်ဝင်ခံလုပြီ။ နေမင်းတောင် ဦးခိုက်လို့နေပေါ့။ ကျွန်မ၀မ်းသာလိုက်တာရှင်။ အယ်… အခုမှ သတိရတယ်။ ကျွန်မက သိပ်မေ့တတ်တဲ့သူကိုးရှင့်။ မောင်တယုတယ ပေးဆပ်သမျှတွေ၊ နေပူကျဲလဲ စောင့်ဆိုင်းရခြင်းတွေ၊ အဲဒါတွေအတွက် ကျေးဇူးတင်ဖို့မေ့ခဲ့ရဲ့။ ချစ်သူနှစ်ဦးကြားမှာ ဘာမှမဟုတ်တဲ့… “ကျေးဇူး…ချစ်သူရယ်” ဆိုတဲ့ စကားလေးက သိပ်အရေးပါတယ်ဆိုတာ “ကျေးဇူးတင်ပါတယ်.. မောင်ရယ်… တကယ်ပါ” လို့ ကျွန်မ ရည်မှတ်လေးနက်ပြောလိုက်ခိုက်မှာ ပြန်လည်ကြည်လင်စ မျက်ဝန်းတွေ ပိုမိုလင်းလဲ့သွားတဲ့ မောင့်မျက်နှာက သက်သေပြနေရဲ့။
          “အားမငယ်ပါနဲ့… မောင်ရယ်။ နေတွေလတွေ ဘယ်လိုပဲ ထန်ထန် ကျွန်မမောင့်ဘေးမှာ ထာဝရ ရှိနေမှာပါ”လို့ ပြောရင်း မောင့်လက်လေးကို တင်းတင်းဆုပ်ထားလိုက်တယ်။ “အားပေးစကား တစ်ခွန်းဟာ… ရွှေနဲ့ငွေနဲ့ချိန်စက်ဝယ်ပေးထားခြင်းတွေထက် ဆောင်းဥတုတစ်ခုလုံးနွေးထွေး နေစေတယ်”တဲ့။ ကျွန်မယုံကြည်ပါတယ်။ ကျွန်မစကားတစ်ခွန်းဟာ မောင့်အတွက် မဟာအင်အား မဖြစ်ရင်တောင် တစ်သောအတိုင်းအတာအထိ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ စိတ်ချပါမောင်ရယ်… မောင့်စိတ်ကို ရအောင်ဖတ်ပြီး နောက်ဆို.. ကျွန်မ အမြဲအားပေးပါ့မယ်။ မောင့်ကို ကျွန်မမြင်အောင် မကြည့်မိတာတွေ အတွက် ခွင့်လွှတ်ပါမောင်။ ချစ်လွန်းတော့ လစ်ဟင်းမိတာပါ။ အခု… ချစ်လွန်းလို့ ပြင်ဆင်လိုက်ပါပြီ… မောင်။
          ကဗျာလေးတွေ ရေးရင်း၊ တေးရောင်စုံတွေ ချယ်ရင်း၊ မောင့်ပခုံးလေးကို မီရင်း၊ တစ်ခါတစ်ခါ မောင့်လက်မောင်းလေးကို ဖွဖွဖိကိုက်ရင်း၊ ကျွန်မလေ… လောကဓံကို ပျက်ရယ်ပြုကာ မိုးထားပေးတဲ့… မောင့်ထီးရိပ်လေးမှာ ထာဝရ လုံခြုံချင်ပါရဲ့မောင်။
ခိုမှာပါ………. မောင်ရယ်။ မိုးပေးလှဲ့ပါ။ ထာဝရ ခိုချင်သူမို့ မိုးပေးလှဲ့ပါ.. မောင်။
                                                                                      ဘုန်းသန့်ခန့်
                                                                                      P120316MAY09
*** ဒိုင်ယာရီမှ
၁။ iceage
၂။ iceage
၃။ “ပိုးမျှင်အိမ်ထဲက ခြေသံဖွဖွ” မှ ။ဘုန်းသန့်ခန့်
၎။ ဒိုင်ယာရီမှ
၅။ “သစ္စာလမ်း”မှ ။ဘုန်းသန့်ခန့်
၆။ “တေလေစင်္ကြံ”မှ ။ ဘုန်းသန့်ခန့်
၇။“ကမာ့စာပေအညွှန်း”မှ။ ရေးသူ မမှတ်မိ
၈။“တေလေအားမာန်” ကဗျာ။ ဘုန်းသန့်ခန့်
တင်တိုင်း အကုန်မပါတာနဲ့ ခွဲတင်လိုက်တာပါ။ ကျွန်တော့်မှာ အားရပါးရ ဘာလို့ ဒီစာလေးရေးရတယ် ဆိုတာ ရှင်းပြပြီး တင်လိုက်၊ မပါလာလိုက်၊ အောက်က အညွှန်းတွေ မပါလိုက်နဲ့ မို့ပါ။ ရေးချင်တဲ့အချိန်ရေးပြီး တင်ချင်တဲ့ တင်တယ်တာ မှတ်လိုက်ပါတော့... ဟီး။ အစကတော့++ ၀မ်းနည်းပက်လက် အဲဒီအချိန်တုန်းက..  ငါ့ဘ၀မှာ ဒီလောက်ဆိုးတဲ့ အခြေအနေမရှိတော့ဘူးလို့တောင်ထင်ထားတာပါ။ အဲဒီအချိန်မှာ ရေးထားတာ။ ကိုယ့်ကိုယ်ကို ပြန်အားပေးတဲ့အနေနဲ့ပေါ့။ ဘာညာပေါ့... အားရပါးရ ရေးထားတာ အခုတော့ ..စုဘူးက ပို့စ်တွေမှာ စာလုံးကန့်သတ်ထားတယ်ထင်ပါ့ ... ခဏခဏတင်ရပါများတော့ ရယ်ပဲရယ်ချင်လာတော့တယ်။ ဘ၀မှာ အဆိုးဆုံးဆိုတာ မရှိပါဘူး။ ဆိုးတယ်၊ ခက်ခဲတယ်ဆိုတာ အချိန်နဲ့ပဲဆိုင်ပါတယ်။ ရင်ဆိုင်နည်းရွေးချယ်မှုကောင်းရင် အဆင်ပြေသွားတာပါပဲ။ အခက်အခဲဆိုတာ လှေကားလေးတွေလို့ မြင်မိပါတယ်။  နင်းတက်သွားတတ်ရမယ်။ ပေါ့ပေါ့ပါးပါးနဲ့ သွားတာဟာ အကောင်ဆုံးပါပဲ။ ပေါ့ပျက်ပျက်သွားတာနဲ့တော့ အပုံကြီးကွာမှာပါ။ အနာဂတ်အရာရာဟာ ကျွန်တော်တို့ လက်ထဲမှာရှိပါတယ်။ ပေါ့ပေါ့ပါးပါးနေပေမယ့် နက်ရှိုင်းမြင့်မားတဲ့ လူငယ်တွေ အများကြီးကို ရွှေရောင်မြေက ငံ့လင့်နေပါတယ်။ လူငယ်ဆိုတာ လင်းပွင့်နိုင်ရမယ်။ ဘယ်လိုမှောင်နေမှောင်နေ လင်းပွင့်နိုင်ရမယ်။ နေရောင်ဆောင်ထားတိုင် နေမဟုတ်ဘူး။ လရောင်ဆောင်ထားတိုင်း လမဟုတ်ဘူး။ အနာဂတ်မှာ လူငယ်တွေပဲ ရှင်ကျန်ရစ်မှာပါ။ ကျွန်တော်တို့ဘ၀ရဲ့ နေနဲ့လကို ကျွန်တော်တို့ လက်နဲ့ပဲတည်ဆောက်ကြရမှာ။ ဘ၀မှာ အားငယ်စရာတွေ ကြုံလာတိုင်း ငါတစ်ယောက်တည်း ဖြစ်နေတာမဟုတ်ဘူး။ ငါတစ်ယောက်တည်း ဖြစ်ခဲ့တာ မဟုတ်ဘူးဆိုတဲ့ စိတ်ကို သွင်းပြီး ကြိုးစားကြစမ်းပါ။ ယုံကြည်မှုမပျက်သုဉ်းသ၍ မကျဆုံးပါဘူး။ ဖြစ်ကိုဖြစ်မှာ ဆိုတဲ့ စိတ်လေးရှိလိုက်တာနဲ့ ... အားတွေအများကြီး တက်သွားတယ်။ ကျွန်တော့်လက်တွေ့ပါ။ အမှောင်ဆုံးအချိန်... ဟာ အရုဏ်တက်နဲ့ အနီးဆုံးအချိန်တဲ့။ ဒီစာလေးရေးပြီး နောက်ပိုင်းမှာ ကျွန်တော်တကယ်တွေ့ခဲ့ရတာပါ။ 
Labels: ခိုချင်သူမို့
ခိုချင်သူမို့ မိုးလှည့်ပါ
Wednesday, March 31st, 2010
          “နင်က ရိုမီယိုမဟုတ်
          ငါကလည်း ဂျူးလိယက်မဟုတ်၊         
          နင်က အာဒံ မဟုတ်သလို
          ငါကလည်း ဧ၀မဖြစ်ခဲ့ဘူး။
          ဧဒင်မဟုတ်တဲ့ ဥယျာဉ်ထဲမှာ
          ပန်းသီးမဟုတ်တဲ့ အသီးကို စားရင်း……..”
မောင့်ကို ကျွန်မသိပ်ချစ်တယ်။ ဘာဖြစ်လို့ ချစ်တာလဲလို့တော့ မမေးပါနဲ့……….မောင်။ အချစ်ဆိုတာ ဂဃနဏရှင်းပြလို့ မရဘူးလေ။ ပန်းပွင့်လေးရဲ့ ရနံ့ကို လိပ်ပြာလေး ချစ်သလို၊ လိပ်ပြာလေးရဲ့ နမ်းရှိုက်ခိုနားမှုကိုလည်း ပန်းပွင့်လေးက တမ်းတသလို နေမှာပေါ့…..မောင်ရယ်။ ကျွန်မရှင်းမပြတတ်ဘူး။ ကျွန်မ ပြောတတ်တာက ………………“မောင့်ကို အရမ်းချစ်တယ်… မောင်”။
ချစ်ခြင်းဆိုတာ သိပ်ကို ထူးဆန်းတယ်နော်။ ရနံ့ရှိုက်ဖို့ ပျံဝဲလာသမျှ လိပ်ပြာအကောင်ကောင်ကို လျှပ်ကနဲ၊ လျှပ်ကနဲ ခေါင်းခါငြင်းနိုင်ခဲ့သူ ကောင်မလေး၊ မောင်နဲ့မှ ခေါင်းခါဖို့ ဆွံ့အနေခဲ့သလားပဲ။ နှုတ်ဖျားက ထွက်ကျမလာတဲ့ စကားလုံးတွဲလေးတစ်စုံကို ကျွန်မ တအံတသြနဲ့တောင် ထုတ်ကြည့်နေမိရဲ့။
ကျွန်မ………..ထင်ပါတယ်။ တကယ်လို့ မောင့်နေရာမှာ တစ်ခြားသူတစ်ယောက်သာဆို လက်ငင်းရှင်းပေးလိုက်မှာ။ ခုတော့…….ဟီး…….. ဘ၀ပြန်တိုးနဲ့ ထာဝရလုံး မောင့်ကို ယူထားပါရစေနော်။ မောင်က “အကြွေးသီးခံပါ” လို့မှ ရေးမထားဘဲ။ မိန်းကလေးမို့ ကျွန်မချစ်တာ မခို့တရို့လေးများ ဖြစ်နေမလားဟင်။
မောင့်ကို ချစ်တယ်ဆိုတာ “အိပ်မက်ထဲက လမ်းလျှောက်ထွက်သလို ယောင်ရမ်း စိတ်ကူးယဉ်ပြီး ချစ်ခဲ့တာမှ မဟုတ်တာဘဲ”……..မောင်ရယ်။ “ပထမဆုံးဆိုပြီး တံဆိပ်တပ်မထားပေမဲ့ ဖျပ်ကနဲ ပွင့်ပေးလိုက်တာပါ။ အမွှေးမြဆုံး ပန်းပါကွာ… ပန်းလေးတစ်ရုံလုံး တုန်ခါပြီးမှ ဖူးပေးလိုက်မှာပါ။” မောင့်ကဗျာတစ်ပုဒ်ထဲကလိုပဲ ယုံကြည်မှုနဲ့ တည်ဆောက်ရင်း မောင့်ထီးရိပ်အလာကို နေပူပူမှာ ရပ်စောင့်နေ၀ံ့ပါပြီ….မောင်။
မောင်ရေ…….မောင်သင်ပေးလို့ တတ်ကျွမ်းလာတဲ့ ပန်းအက္ခရာတွေကို အနုလုံပဋိလုံ စဉ်းစားရင်း လှိုက်ဖို၊ ညလေးတွေမှာ ရောင်စဉ်ဝင်းတတ်နေပြီ။ လမင်းကြီးကိုငေးပြီး……. မောင့်မျက်ဝန်းတွေကိုသာ မြင်မြင်နေမိလို့……… သောကြာနေ့က ဆေးခန်းသွားပြတယ်။ ဗီးနပ်စ်ကပြောရဲ့ မောင့်မျက်ဝန်းတွေကို ခဏ ကြည့်ပါရစေတဲ့။ အို…………. ယူမပြ၀ံ့ပါဘူးကွယ်။ ဖြစ်နိုင်ရင် မောင့်ကိုတောင် မှန်မကြည့်စေချင်ဘူး…မောင့်မျက်ဝန်းအစုံကို ကျွန်မတစ်ယောက်တည်းပဲ ပိုင်ချင်ပါတယ်… မောင်ရယ်။
ဝမ်းနည်းအားငယ်တတ်တဲ့ ကျွန်မကို မောင်က ဖေးမတွဲခေါ်ခဲ့တယ်။ မျက်ရည်စို့စို့နဲ့ ပြိုတတ်တဲ့ကောင်ငယ်မလေးကို မောင်က မငိုဖို့ ဆုံးမခဲ့တယ်။ ကျေးဇူးပါ မောင်ရယ်။ကျွန်မက နွယ်ဆိုရင် မောင်က မီတွယ်ဖို့ သစ်ကောင်းပင်ကြီးပါပဲကွယ်။ မောင့်လက်ကိုသာ တွဲထားရရင် ကျွန်မ၀န်ရိုးစွန်းထိတောင် လျှောက်မိမလားဘဲ။ အယ်…….. ညောင်းလျပင်ပန်းရင်တော့ …….အဟီး……… မောင် ပွေ့ခေါ်သွားပေါ့ကွာ…. နော်။
တကယ်ပါ….. မောင်ရယ်…… တကယ်ပါ။ အရာရာဟာ မောင့်ကြောင့် လှပခဲ့တယ်။ ပန်းရုံမှာလည်း ပန်းတွေပိုဝေခဲ့သလိုပါပဲ။ ရဲရင့်ဝံ့စားတဲ့ နတ်သမီးတစ်ပါးလို့တောင် ကျွန်မကိုယ်ကျွန်မထင်လာသည်အထိ မောင်က မြင့်တက်စေခဲ့တယ်။ စိတ်ဓာတ်တွေ ခိုင်မာမြဲမြံပြီး၊ လမ်းကိုလည်း မကြောက်ဘူး။ ကမ်းကိုလည်း မကြောက်ဘူး။ အို……. ရှစ်ပါးတည်းရှိရုံနဲ့ ထောင်လွှားနေချင်တဲ့ လောကဓံကိုတောင် မောင်ရှိရင် မကြောက်ပါဘူးကွယ်။
ဟင်………. မောင်………….ဘာဖြစ်သွားတာလဲ။ ဘာများဖြစ်သွားလဲ။ ဘာဖြစ်နေတာလဲ။
          လောကဓံလေညင်း၊ အိပ်မက်သက်ပြင်းခိုး၊
          ခရမ်းရင့်စာချွန်၊ ခြေချော်ခရီးသွား၊ နွမ်းရိအတိတ်အို၊
          ပျော့တွဲပြိုအန္ဓ၊ လူမိုက်လဲကျ၊ လူမိုက်လဲကျ….
          ကိုယ့်ထူးကိုယ်ချွန် ပြန်မထ။
          အလို… ကျွန်မမျက်လုံးတောင် ကျွန်မ မယုံချင်ဘူး။ ရှင်မောင်မှ ဟုတ်ရဲ့လား။ မောင်… အစစ်မှ ဟုတ်ရဲ့လား……….. မောင်ရယ်။ လမ်းပေါ်ပြေး ၀ဲထိခွေးပေါက်လေးလို အရာရာကို ရွှံကြောက်တွန့်မုန်းတီးတဲ့ မျက်ဝန်းနံ့တွေ မွှန်းထလို့။ ခါးကျိုးကျနေဆဲ အလံရွက်ဆွဲ စစ်မြေပြင်ဟောင်းလို ဖရိုဖရဲလွင့်ကြေလို့။ ရှင်…. ကျွန်မရဲ့ မောင် မဟုတ်ဘူး။ ကျွန်မချစ်သူ မောင် မဟုတ်ဘူး။ မောင်ရယ်…………
          ကျွန်မ အသားတွေ တဆတ်ဆတ်တုန်လို့။ မျက်ဝန်းတွေလည်း စိုလာရဲ့။ ကျွန်မ… ကျွန်မ… ငိုမိတော့မယ်ထင်ပါ့။ ငိုမိတော့… အာ… ဘာလို့… ငို…. မျက်ဝန်း .. ခတ်…. သိမ်း….။ “မာန်ကို မတင်းနဲ့ စိတ်ကိုတင်းပါ…” မောင့်ကဗျာရွတ်သံ ပြန်ကြား။ “မျက်ရည်ဟာ အကောင်းဆုံးဖြေဆေးမဟုတ်ဘူး။” မောင့်စကားသံပြန်ကြား ။ “ကို.. ခလုတ်ထိခဲ့ရင်၊ လဲကျခိုက်မှ ထူမတ်ပေးပါ…ချစ်သူ” မောင့်တောင်းဆိုသံ ပြန်ကြား။ အို…ဟုတ်ပါရဲ့။ မောင်လဲကျနေခိုက်မှာ ကျွန်မပါ လိုက်ပါလှဲကျမိရင်…….. ဘယ်တော့မှ ပြန်ထနိုင်ဖို့ သေချာမှာ မဟုတ်ဘူးဘဲ။
          ကျွန်မကိုယ်ကျွန်မ တည်ငြိမ်အောင် ထိန်းတယ်။ ကျွန်မစိတ်ကို သန့်စင်တယ်။ ပြီး… မောင့်မျက်ဝန်းတွေကို စိုက်ကြည့်လိုက်ရင်း……..
          မောင်…….. မောင့်ရဲ့ လက်ဆွဲဆောင်ပုဒ်က “Only one but maned lion.” ဆို။ အခုတော့ ဘယ်လိုဖြစ်တာလဲ။ လောကဓမ္မတာကို တစ်စင်းတည်း ရင်မဆိုင်ဝံ့တော့ဘူးလား။ တစ်ယောက်တည်း သိမ်လျနေပြီလားကွာ။ မောင့်ရင် နှလုံးထဲက လှည့်ပတ်နေတဲ့သွေးဟာ ဘာသွေးလဲ မောင်မေ့နေရော့သလား။ မောင့်သွေးတွေ ကျဲတောက်ကုန်ပြီလား။ ပြောပါဦးမောင်။ စစ်မ၀င်ခင်က ကုန်နေတဲ့ မြှားကျိုးတစ်စင်းလို ရှင်သန်သွားချင်လို့လား။ ဘ၀ဆိုတဲ့ စာလေးနှစ်လုံးလောက်ကို ကြားရုံနဲ့ကြောက်ပြီးနေတာလား။ အဲလိုဆိုရင်တော့ မောင်သိပ်မှားနေပြီနော်။ လမ်းတွေေ၀၀ါးကုန်မယ်။ သတိလေးဝင်၊ အသိလေးယှဉ်ပါဦး…. မောင်ရယ်။
          မောင်..  သုံးလိုက်တဲ့ လောကတရားကို ရင်ဆိုင်နည်းများ နည်းနည်းယွင်းပါးနေလို့လားကွာ။ ကျောက်ဆောင်တွေ ဟောတဲ့တရားထက်၊ ဗေဒါလေး ပြောတဲ့ စကားကို ကျင့်သုံးပေါ့။ ကြံကြံခံနိုင်ခြင်းထက်၊ ကြာကြာတည်မြဲခြင်းက ပိုမိုမွန်မြတ်ရဲဝံတယ်လို့ ကျွန်မထင်တယ်… မောင်။ “ ငါသည် စုန်သောရေ၌ မျှောစီးသော လှေမဟုတ်။ ဆန်တက်သောရေကို ခွင်းထွင်းနှင်သော အရိပ်မဲ့ လူတည်း။ သို့ကြောင့်…. ငါ့လမ်းမသည် ဖွင့်လင်းပွင့်ရှင်းစေသား။”*** အဲဒီစကားသစ္စာကို မောင်မေ့များနေသလားလို့ပါ။ ကဲပါ မောင်…. အခု အိပ်မောလွန် မှိုင်းလျနေရာက ဖျပ်ကနဲရုန်းထပြီး ခရီးလမ်းကို ဆက်လိုက်တော့။ ကြုံလာသမျှ မုန်တိုင်းထန်ထန်ကို ရဲရင့်တည်ကြည်စွာနဲ့ ကျွန်မတို့ အတူရင်ဆိုင်ကြမယ်လေ…. နော်… မောင်။
          မောင်….အားတင်းထားပါ။ လောကဓံမှာ လက်နှစ်ဖက်မှ မပါတာဘဲ။ တင်းနစ်ဘောလုံးတွေလိုပေါ့… မောင်ရယ်… ရိုက်ချက်ပြင်းရင် ဝေးဝေးကြီးတောင် ရောက်နိုင်တယ်။ မောင်သိမှာပေါ့… “လက်ဖက်ခြောက်လိုလူ၊ ကြက်ဥလိုလူ၊ မုန်လာဥလိုလူ။ ရေနွေးပူပူနဲ့တွေ့တဲ့အခါ ပုံစံပြောင်းလဲသွားကြပုံ”ကိုလေ။ မောင်ပဲ… ကြက်ဥလက်ဖက်ခြောက်လုပ်မယ်ဆို။ ဒါနဲ့များ မောင်ရယ်… ဘာလို့ လောကရေဆူဆူမှာ မခိုင်ပျော့တွဲချင်ရတာလဲ။
          “ငါ့ လက်တို့ ဆန့်တန်းကာ ကောင်ကင်းလမ်းထက်မှ ပျံမည့်သူတို့ကို ကောင်းချီးပေး၏။ အချည်းနှီးသော စကားဖြင့် လှမ်းပေါက်လိုသူတို့ကိုကား… ကျောကို ပုတ်ကာ သတိပေးအံ့”*** တဲ့။ မှတ်မိသေးရဲ့လား… ကိုယ်ရေးထားတဲ့ နီတိစကားတွေကို။။ ဒီလိုသာ ကွဲကျေနွမ်းလျနေမယ်ဆို … မောင် သူတို့ရဲ့ ကျောကို ဘယ်လိုမှ မီမှာမဟုတ်ဘူး။ ခြေဖျားကို ခတ်လှုပ်သတိပေးမယ့်လူကို ဘယ်သူက ကြည်ညိုနာခံပါ့မလဲ။ ထစမ်းပါ…မောင်။ ကျွန်မရဲ့ လက်မှာ မောင့်ရဲ့ “အညတြလက္ခဏာတော်”ကို ထင်းနေအောင် တံဆိပ်တော်ခပ်နှိပ်စမ်းပါကွာ။ ထင်းထင်းထင်နေလေ… ကျွန်မဂုဏ်ယူလေပါပဲ.. မောင်ရယ်။
          မီးတွေ၊ လေတွေ တ၀ုန်းရဲရဲထနေတဲ့လမ်းကို ရဲရဲလျှောက်မယ့် မောင်လိုလူအတွက် ဘေးရံအပါးကနေ လက်ကိုဆွဲ လိုက်ပါခွင့်ရတာ…။
          “ကိုယ့် အောင်လံတံခွန်ဟာ
          လေမှာ လွင့်ဆဲ မင်းဆံနွယ်ညိုလေးတွေပေါ့။
          ဘယ်နက္ခတ်စီးချိန်မှာပဲ မြင်ရမြင်ရ
          ငုံထားတဲ့ ဦးခေါင်းဖြုန်းကနဲမော့၊
          လျှမ်းကနဲ ရဲရင့်၊ ဖျပ်ကနဲထွန်းတောက်ပစ်နိုင်တယ်။” လို့ မောင်ပြောတဲ့ ဆံညိုနွယ်တွေ ပိုင်ဆိုင်ခွင့်ရတာ…။ အို….ဂုဏ်ယူလို့ မဆုံးပါဘူး… မောင်။
Labels: ခိုချင်သူမို့
လေးနာရီခွဲအကြောင်း
Thursday, March 25th, 2010
ပြုံးပြလိုက်တာလား……..ချစ်သူ
မခို့တရို့လွမ်းသလိုနဲ့
နှုတ်ခမ်းလေးဖူးဖူးလွန်အောင်ပြုံးတယ်။
ကမ္ဘာအဆက်ဆက် ငါနစ်မျောဦးမယ့်တေးပေါ့……
လှမ်းထွေးနိုင်ဖို့……….နှစ်နှစ်ကာကာကြိုးစား
            ချစ်သူ…………ငါပေါ့ငါ……
မျက်ဝန်းတွေမှားလို့လားမသိ……
ရေပြာပြာတွေသာ တို့ခတ်မိ။
အိပ်မက်လေးရေ……..
              မနိုးဖို့တောင်းပန်ခွင့်ကမဲ့….
ပြက္ခဒိန်ကို မှောက်ထားတဲ့ဖဲချပ်လို ရွံတယ်။
အရာရာပြည့်စုံသလိုဆောင်ထားတဲ့ ငါ့အခန်းလေးမှာ
ချစ်သူ့ကိုယ်သင်းနံ့လေးထည့်ပေးကြပါ……။
နတ်ဘုရားတို့……..
ဘယ်နက္ခတ်ကြုံမှ လှုံရမယ့်ရင်ငွေ့လဲ၊
နှင်းတွေကျနေပြီတဲ့……..
ငါ့ချစ်သူလေး သိပ်ချမ်းနေရော့မယ်….
နာရီလေးရေ………..
လေးနာရီခွဲတိတိများ…… ငါပြန်ရနိုင်မလား……..
မြေပြင်မဲ့သူ မျက်ရည်ဝဲတာကို
တိတ်တိတ်လေးကြိတ်သိမ်းထားပေးပါဦး
ပြက္ခဒိန်တစ်အုပ်ကုန်မှ ပြန်ရမယ့်
ငါ့ရဲ့ ပျောက်ဆုံးယောင်ယောင် လေးနာရီခွဲရယ်…………
                                ဘုန်းသန့်ခန့်
P055525DEC09S’Pore
Labels: ချစ်သူအတွက်
ဒီနေ့ဆို…..
Friday, March 19th, 2010
ဒီနေ့ဆို…..
ကိုယ့်…ချစ်သူလေး
ဘွဲ့ဝတ်စုံတစ်ခုနဲ့ လှပခန့်ထည်နေမယ့်ဖြစ်ချင်း၊
မြင်ဖူးချင်လိုက်တာ။
ကလေးဆန်ဆန်တည်ငြိမ်ဟန်ဆင်
ကျွန်တော်ချစ်သော အဲဒီကောင်ငယ်မလေး….
ခေတ်အဆက်ဆက်ရင့်ကျက်ထားပြီးသား
အဓီပတိလမ်းပေါ်မှာ……….
ဂျပ်ဆင်ရှေ့လေးမှာ……..
ဘွဲ့နှင်းခန်းဆောင်မှာ……..
ခဏလေးဖြစ်ဖြစ် ငါ့ကို သတိရပေးလိုက်စမ်းပါ….ချစ်သူ။
ကိုယ်လေ မင်းအပါးမှာ
အမြဲကပ်ရပ်လို့ အရာရာကို
သေးစိတ်သေချာ…………
ကလေးတစ်ယောက်လို မင်းကို သိပ်ဂရုစိုက်ချင်ပေမယ့်
လေလွင့်ရာ ကြမ္မာဝေ့
ပင်လယ်ရပ်ခြားဝေး…………….
ဒီနေ့ဆို…….
ကိုယ့်ချစ်သူ
ဘွဲ့ဝတ်စုံလေး လှလှဆင်မြန်း
ဘ၀လမ်းလေး တစ်ဆင့်တက်ပြီ၊
ကိုယ် မြင်ဖူးချင်လိုက်တာ။
ဘယ်ဘ၀တွေကများ ဆုတောင်းမှားလိုက်သလဲမသိ…..
ချစ်သူနဲ့ ရေလျှင်ခြားခြားမှာ
ကျွန်တော်အလွမ်းနွံကျွှံနစ်နေပါရဲ့ ………… မဏိမေခလာ
ဖြစ်နိုင်ရင် ကျွန်တော်…..သူကို သိပ်ချစ်ကြောင်း
သွားပြောပေးလိုက်ပါ………..
တစ်ခါတစ်ခါ တင်းထားမိတဲ့ နှောင်ကြိုးတွေကလည်း
သိပ်ချစ်လို့ရယ်ပါဆိုတာ…………
ကျွန်တော့် နှင်းပွင့်သေးသေးလေးကို ပြောပေးပါ။
ဒီနေ့ဆို…….
သူ…………..၊ ကျွန်တော်သိပ်ချစ်ရတဲ့ နှင်းပွင့်ပျိုမလေး….၊
ဗျောသံတွေကြားမှာ
ရင့်ကျက်အောင်လိုက်မှတ်ရင်း ဖျပ်ခနဲ..ဖျပ်ခနဲ……..
ထပ်ထပ်ထင်းထင်လာမယ့် ကျောင်းတော်ဘ၀ကို
သူပြန်တမ်းတနေလိမ့်မယ်။
စာကျက်မရအောင် ဘေးကလိုက်ကပ်နေတဲ့
ကျွန်တော့်ကို မကြည်သလိုချစ်ရင်း……
စနောက်ပျော်ရွှင်စွာနဲ့ စိတ်ကောက်မခေါ်
လက်ချင်းဆုပ်ရန်ဖြစ်ရင်း…………
သူ့ကျောင်းကို ကျွန်တော်လိုက်လာလို့
ဖျက်ပစ်ရတဲ့ အတန်းချိန်စာတွေကို ပြန်ကူးရင်း…..
ကန်ဘောင်လေးကိုလည်း ………..
ကန်လမ်းလေးကိုလည်း ……………
စာကြည့်စားပွဲလေးကိုလည်း……..
သူ………….. လွမ်းနေလိမ့်မယ်။
မဏိမေခလာ…..နတ်ပျိုမရယ်
ကျွန်တော့်ကို ဒီအတိုင်းထားခဲ့ပြီး…….
သူ့ကို သိပ်ချစ်ကြောင်းသာ
ချစ်သူလေးဆီသွားပြောပေးပါ။
မဟာဇနကထက်………..
ဟောဒီမဟာသမုဒ္ဒရာမှာ ကျွန်တော်ရောက်နေတာ
လေးလပိုနေပါပြီ……….
ဒီတော့……..
ကျွန်တော့် ချစ်သူလေးဆီသာ
သူ့ကို ကျွန်တော်သိပ်ချစ်ကြောင်း….
မနက်မှာလည်း လွမ်းကြောင်း……
ညနေမှာလည်း လွမ်းကြောင်း……
နေပျောက်ကြယ်ရောင်မမြင်တာကြာပေမဲ့
သူ့မျက်နှာလေးကိုတော့ မြင်နေပါကြောင်း……..
ပြောပေးပါ။
ဒီနေ့ဆို…….
ချစ်သူငယ်လေး…….
ဘွဲ့ဝတ်စုံဆင်မြန်း…….
ကိုယ့်ကို လွမ်းများနေမည်လား။
ဒီနေ့ဆို ……..
ဒီနေ့ဆို…………
ဒီနေ့ဆို…………..
ကျွန်တော် မနက်ဖြန်တွေကို ခပ်မြန်မြန်ရောက်ချင်နေမိတယ်။
                                                          ဘုန်းသန့်ခန့်
                                                          P100009MAR10GMT8
Labels: ချစ်သူသို့........ အမှတ်တရ
လွမ်းလို့......
Saturday, March 6th, 2010
လွမ်းလို့......တစ်ခါတစ်ခါဆို ငြိမ်ငြိမ်လေးထိုင်နေမိတယ်
ဘာအကြောင်းစဉ်းစားမလဲပေါ့........
ဘယ်လောက်ထိ သူ ကျွန်တော့်ကို ချစ်လိုက်သလဲ၊
ဒါမှမဟုတ် ဘယ်လောက်ထိ ချစ်နေမှာလဲ၊
ကျွန်တော်ကရော....... ဘယ်လိုများကြောင့် ချစ်နေတာလဲ။
ဒီလောက်ပါပဲ...... လေးလေးနက်နက်လည်း မပေါ့ပျက်ချင်ပါဘူး။
လွမ်းလို့....... မျက်ရည်တွေမဝေအောင်ထိန်းထားရင်း
မိုးတွေစိုနေသလားပေါ့....... မိုးတွေ...
ဘယ်မိုးစက်က အရင်ကျသလဲ လိုက်တွက်ရင်း
မိုးတွေ............ ဒီလိုမှ .......မိုးတွေ
ဘယ်မိုးတိမ်က အရင် ရွာပေးလိုက်သလဲ... မိုးတွေး....မိုးတွေကြားမှာ စိမ့်စိမ့်လေးတွေးမိ။
သူ့ရင်ထဲမှာရော ဘယ်မိုးတိမ်ကို အရင်ရွာစေခဲ့တာလဲ။
ဒီလိုလေးနဲ့.......... မိုးတိမ်တွေကို တစ်လွှာချင်းချင်းဖယ်ရှင်း.....
ဟိုးဟိုး...........ဟိုး နေခြည်စပ်စပ်ဆီထိ
သူ့ရင်ထဲကို မြင်အောင်ကြည့်ပေးလိုက်တယ်။
လွမ်းလို့............ တစ်ခါတစ်ခါ ခေါင်းလေးခါမိတယ်....
ညီမလေးရယ်......လို့ တိတ်တိတ်လေးပြန်ခေါ်ပေးရင်း
သူ့ကျွန်တော့်ရင်ထဲကို ၀င်လာတတ်ဖို့ လမ်းတွေလမ်းတွေ
ပန်းတွေခင်းရင်း၊ ပန်းပွင့်လေးတွေခင်းရင်း...
အဲဒီ ပန်းတွေကို ကျွန်တော့် ကြယ်နှစ်စင်းက မိုးတိမ်လုပ်ပေးခဲ့ကြောင်း..
ပွင့်ရာမြေသည် လက်ဝဲရင်ဖြစ်ကြောင်း.....
ကျွန်တော် သိပ်ချစ်တဲ့ ကောင်ငယ်မလေးကို မပြောဖြစ်ခဲ့ပါဘူး။
သူ့ရင်သေးသေးလေးနဲ့ မဆန့်အောင် နာပေးလိုက်ရတဲ့ ရက်စွဲတွေအတွက်
ဖြေသိမ့်စရာ.. ဒါမှမဟုတ်....... သူ့စိတ်ဖြေရာ
ကျွန်တော်ဟာ သူ့အတွက် ၀တ်ကျောင်းတော်နေရာ ဖြစ်စေလိုက်တယ်။
လွမ်းတယ်.......ချစ်သူရယ်။
လွမ်းလို့........ ပြောရင် ယုံမှာမဟုတ်ကြဘူး...
အခု ကျွန်တော် မျက်ရည်ကျနေတယ်.....
ကြည်ကြည်လင်လင်စီးကျနေတာပါ...... ဘာမြူညစ်မှမပါဘူး......
ထာဝရထက်လွန်အောင် ချစ်လိုက်တာ.....
ဘာလို့များ ငါ...... ခုမှပိုသိလာရတာလဲ
ဝေးခိုက်မှ...... ချစ်သူရယ်။
သူကျွန်တော့်ရင်ထဲကို ခေါင်းလေးဝှေ့တိုး
ဆိုးချင်ဆိုးပါစေလေ......
လောကငြိမ်းချမ်းရေး မဟုတ်ရင်တောင်
သူ့စိတ်ကလေး ငြိမ်းချမ်းနေပါစေ။
လွမ်းလို့..... မှန်ရာကို ပြောကြေးဆိုရင်တော့
ကျွန်တော့်မှာ သံသယတွေနဲ့
မှိတ်တုပ်မှိတ်တုပ်ချစ်နေခဲ့ဖူးတယ်။
ပေါ်လာလိုက်ပျောက်သွားလိုက်နဲ့
ရေစက်တွေကျနေတဲ့ ရေပြင်လိုပဲ
ကြည်လင်လိုက် ၀ဲကယက် ယဲ့ယဲ့ထလိုက်နဲ့ပေါ့........
မှတ်မှတ်ရရဆိုရရင် မနေ့က
အချိန်တော့အတိအကျ မပြောတတ်ဘူး....
သေချာတာ မနေ့က
အဲဒီရေစက်တွေကြောင့် ကျွန်တော်ဆိုတဲ့
ရေပြင်ငြိမ်ငြိမ်လေးကို လောကအလယ်မှာ
သူ့အတွက်မွေးဖွားစေလိုက်တယ်ဆိုတာ သိလိုက်တယ်။
ဝဲရိုင်းကယက်တွေ ဝေးဝေးပြေး......
ချစ်တယ်ဆိုတာ
သိပ်ချစ်တယ်ဆိုတာ
သိလိုက်ရတယ်။
ကိုတာရာ့စာတစ်ပုဒ်ထဲကလိုပါပဲ
နောက်ဆုံးဘာမှ မရှိတော့ဘူးဆိုတာ သိခိုက်မှာ
အင်အားတွေ.......
ကျွန်တော်ဟာ သူ့ကောင်းကင်ကြီးဖြစ်တယ်။
ကျွန်တော်ဟာ
ကျွန်တော်ဟာ
ကျွန်တော်ဟာ
သူဖြစ်တယ်။
သူ့ကောင်းကင်ကြီးဖြစ်တယ်။
လွမ်းလို့...... လွမ်းလို့........
တဖြည်းဖြည်းပိုချစ်လာလိုက်တာ.............လွမ်းလို့နေမှာပေါ့.....
ဘုန်းသန့်ခန့်
Labels: ချစ်သူအတွက်
လူငယ်တစ်ယောက်၏ တည်နေရာ၊ နယ်နိမိတ်နှင့် အကျယ်အ၀န်း [ ၁ ]
Thursday, March 4th, 2010
ကျွန်တော် အခု မတ်မတ်ရပ်နိုင်ပြီလား။ တစ်ခါကတော့ လေးဖက် တွားသွားဖူးပါသည်။ ခက်ခဲပါလိမ့်မည်… လမ်းစလျှောက်တတ်စမှာတော့ လဲကျတာမဆန်းကြယ်လောက်ပါဘူးလေ။ လဲကျမည်။ ပြန်ထရမည်…။ ကျွန်တော်ပြန်ထတတ်အောင် ဘယ်သူသင်ပေးခဲ့သည်လဲ။ မေးခွန်းများ များပြားနေရုံနဲ့ မလုံလောက်ပါ….။ မြေပေါ်ကို နင်းရင်း ကောင်းကင်ဆီ လက်ဆန့်မြှောက်နေသူများထဲမှ ရုန်းထွက်လိုပါ၏။ ဘာတွေချွတ်ချခဲ့ရမည်လဲ။ တောင်ပံတွေလား။ ခြေနင်းတွေလား။
ကျွန်တော်သည် ၀မ်းနည်းတတ်သူ တစ်ဦးသာ ဖြစ်ပါသည်။ မက်ကျည်းဖျော်ရည် များများသောက်သင့်မည် ထင်သည်။ ဒါမှမဟုတ်တစ်ခြားနည်းလမ်းများလည်း ရှိဦးမည်။ ကျွန်တော်ဆိုသော ကောင်ငယ်လေးသည် လျှောက်နေကျလမ်းများကိုသာ သုံး၍အိမ်ပြန်လေ့ရှိသူ တစ်ဦးဖြစ်ခဲ့သော်………. လမ်းစလျှောက်တတ်စမှာ လဲကျတတ်သူများ……….. ပြန်ပြန်ထသူများ………. လှဲချတတ်သူများ…….. လဲကျန်စေသူများ…… လှဲချန်တတ်သူများ………. မကြာခဏမြင်ပါများ၍ ရိုးနေသော မြင်ကွင်းများကြားတွင် အသားမကျတတ်သူမှာ ကျွန်တော်သာဖြစ်နေသည်။
ကျွန်တော်က စကားနည်းသည်။ မလိုအပ်လျှင်မပြောတာမျိုး…….. စည်ဆိုတာတီးမှ မြည်တာ.. စသော ခံယူချက်များကြောင့်မဟုတ်။ လူတစ်ယောက် စိတ်ဝင်စားအောင် ဘယ်လို ပြောရမည်လဲဆိုတာကို မစဉ်းစားတတ်၍ ဖြစ်သည်ဟုလည်း မယူဆပါနှင့်။ အလေ့အကျင့်ကြောင့်သာ နည်းရခြင်းဖြစ်ပါသည်။ ဟိုးငယ်ငယ်လေးကတည်းက ကျွန်တော့်မှာ စကားပြောဖော်သိပ်မရှိခဲ့။ ရွယ်တူကစားဖော်များကလည်း ကျွန်တော့်ကို မဖော်ရွေ……. သူတို့အတွက် ကျွန်တော်သည် မုန့်တစ်ထုပ်ပေးတတ်သော… ထိလွယ်ခိုက်လွယ်သော……….. အာလူးဘူးသီးတစ်လုံးသာဖြစ်နေခဲ့သည်ပဲလေ။ တစ်ယောက်တည်း နေတတ်လာသည်။ တစ်ကိုယ်တည်းကစားတတ်လာသည်။ တစ်ကိုယ်တည်း မေးခွန်းများထုတ်ကာ ဖြေတတ်လာသည်။ တစ်ဖြည်းဖြည်း……..တစ်ဖြည်းဖြည်း….. တိတ်လေးကြိတ်ကာ…………. မွန်းကျပ်လှောင်.. ၀န်းကျယ်ကြီးရဲ့ တစ်ခုသော မာလကာပင်လေးအောက်မှာ… တစ်ပင်သော ဆိပ်ဖလူးပင်အောက်မှာ… မညီလှပ စီထားတဲ့ ကျောက်ဆောင်တန်းလေးထက်မှာ… ဒါဟာအိပ်မက်ဆိုရင် နိုးပါရစေလို့ ဆုတောင်းဖူးတယ်။ ဒါဟာအိပ်မက်ကြီး မနက်နိုးလိုက်ရင် အားလုံးပြီးသွားမှာပါလို့ တွေးတောမိရဲ့။
ကျွန်တော်ထိုင်တတ်တဲ့ ကျောက်ဆောင်တန်းလေးပေါ်ကနေ လှမ်းကြည့်ရင် လူတွေအများကြီး ရှိပြီး ဆော့ကစားနေတတ်တဲ့၊ တစ်ခါတစ်ခါဆိုရင် ကဗျာတွေရွတ်နေတတ်တဲ့ နေရာကြီးတစ်ခုကို မြင်ရတယ်။ သူတို့တွေက မနက်ဆိုကျွန်တော်ကြည့်နေရင်းမှာပဲ ကဗျာတွေရွတ်လို့ရွတ်၊ ကစားလို့ကစားနဲ့ အိုး…….. သိပ်ကို ပျော်စရာကောင်းတဲ့နေရာလေးနေမှာ။ ကျွန်တော်သိပ်ရောက်ချင်လိုက်တာ။ မေ့မေ့ကို ပြောမိတယ်… သားကို အဲဒီနေရာလေးဆီပို့ပေးပါ..မေမေ.. သား သိပ်ပျော်ဖူးချင်လို့ပါ။
ဒါပေမဲ့… ကျွန်တော် မပြောဖြစ်ခဲ့ပါဘူးလေ။ ကျွန်တော်က တောင်းဆိုတတ်တဲ့လူတစ်ယောက်လည်း မဟုတ်ခဲ့ဘူး။ လိုချင်ပေမဲ့ ………… ကျွန်တော်သိပ်လိုချင်ခဲ့ရင်တောင်……….. မတောင်းဆိုတတ်တော့ဘူး။ ကျွန်တော် မှတ်မိပါသေးတယ်။ တစ်ခုသော ညနေ….. ဖေဖေပြန်အလာမှာ ကျွန်တော် မုန့်ဝယ်ကျွေးခိုင်းဖူးတယ်။ ဓားလှီးကိတ်လို့ ခေါ်တဲ့မုန့်လေးပေါ့…….. အထပ်လေး သုံးထပ်နဲ့။ ယိုတွေရော… မြေပဲတွေရော..  မုန့်လေးက စားချင်စရာလေးပေါ့။ ကျွန်တော်မြင်ထားတာကြာပြီ… ။ ဖေဖေက ၀ယ်ကျွေးတယ်။ ပျော်လိုက်တာဗျာ….. တကယ်ပါ………….။ မုန့်လေးက စားလို့လည်းအရမ်းကောင်းတာပဲ။ အဲဒါနဲ့ ကျွန်တော်ထပ်ဝယ်ကျွေးဖို့ ပြောမယ်ဆိုပြီး…. မေမေနဲ့ အဖွားတို့က မသွားနဲ့လို့ ပြောကြတယ်.. ကျွန်တော်ကတော့မသိဘူးဗျာ… ဖေဖေက လာခဲ့… ဆင်းလာခဲ့လို့ပြောတာနဲ့ပဲ အိမ်ပေါ်ကနေဆင်းသွားလိုက်တယ်။ ဖေဖေက အောက်မှာလမ်းလျှောက်နေတာလေ။ ကျွန်တော်က မုန့်ရတော့ အိမ်ပေါ်တက်စားနေတာ။ ပါးစပ်မှာတောင်မုန့်တွေက ပလုပ်ပလောင်းကျန်နေသေးတယ်။
အောက်ရောက်တော့……….. ကွပ်ပျစ်လေးပေါ်မှာ ကျွန်တော့်ကို ဖေဖေရပ်ခိုင်းတယ်.. ပြီးတော့……… ကျွန်တော်နောက် ဘယ်တော့မှ မတောင်းတော့ပါဘူးဖေဖေ……….. ပါးစပ်ထဲမှာ မုန့်တွေက ပလုပ်ပလောင်း…. ကျွန်တော်မြိုချမိလိုက်သလား… ကျွန်တော်လုပ်နေကျ အလုပ်တစ်ခုကိုပဲ လုပ်ခဲ့တာသေချာပါတယ်။ ဘယ်သူမှ မထိခိုက်ပါဘူးလို့ထင်ပါတယ်…….. အသံတွေတုန်လားပြီး ပါးပြင်မှာ မိုးတွေလား… ဒါမှမဟုတ် မိုးတွေလား။ အဲဒါဟာ ကျွန်တော်အတွက်ဖြေသိမ့်ရာပါပဲ… ပြီးရင် ကျောက်ဆောင်လေးဆီသွား ဟိုတောင်းစွန်းဆီလှမ်းကြည့်ရင်း …………… ဒီလိုနဲ့ ကျောက်ဆောင်စွန်းဆီလှမ်းကြည့်ရင်း……..။
ကျွန်တော်… က ရဟတ်ယာဉ်သံတွေကို သိပ်ကြောက်တတ်တယ်…ဖေဖေ။ တစ်ခုသော အချိန်ရဲ့ အနိဍာရုံအသံတွေနဲ့ သိပ်ပြီးဆင်လို့နေမှာပေါ့။ ရဟတ်ယာဉ်သံတွေကြားရင် ကျွန်တော့်မှာ တစ်ယောက်ယောက်ဆီပြေးရတာအမောပေါ့။ သိပ်ကြောက်တယ်။ ခိုကိုးရာမဲ့သလိုပြေးလွှား…။ ဒါပေမဲ့ ဖေဖေကပွေ့ထားတယ်။ ပြီးတော့ ရဟတ်ယာဉ်ကြီးကို လက်ညှိုးထိုးရင်း တာ့တာပြခိုင်းတယ်။ အဲဒါဟာကြောက်စရာမဟုတ်တော့သလို…. ကြာလာတဲ့အခါ………. ရဟတ်ယာဉ်တွေအလာကို ကျွန်တော်မျှော်တတ်လာတယ်။ လာတဲ့အခါ.. ကစားဖော်တစ်ယောက်ဆီ… သိပ်ရင်းနှီးကျွမ်းဝင်တဲ့ ကစားဖော်တစ်ယောက်ဆီ……. အဝေးကြီးဝေးနေရာက ကိုယ့်ဆီတကူးတက ပြန်လာတဲ့ ကစားဖော်ဆီ အပြေးသွားကာ လက်လေးပြနှုတ်ဆတ်………….. ပျော်နေတတ်ပြန်တယ်။ အခုလည်း ကျောက်ဆောင်စွန်းလေးမှာ ရပ်…….. ကစားဖော်ကိုမျှော်နေသူမှာ မျက်ရည်ပလုပ်ပလောင်းနဲ့……..။
ဒီလိုနဲ့ တစ်နေ့မှာ ကစားဖော်လေးတစ်ယောက် ကျွန်တော့်ဘေးရောက်လာတယ်။ ဘယ်သူလာချပေးလိုက်တာများလဲ။ ကျွန်တော်နောက်တစ်ယောက်ထပ်မတောင်းဆိုပါဘူးနော်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မရိုက်ပါနဲ့။ နားလည်တတ်ပါတယ်။ လူသားတစ်ယောက်စစ်စစ်ပါ။ ဘာမှမဆိုးထားတဲ့ … လာဆိုးခဲ့ရင်တောင် မထင်တတ်တဲ့… လူသားစစ်စစ်ပါ။ သူနဲ့ကျွန်တော်…… အတူကစားခဲ့ကြတယ်။ သူများတွေဆော့ကစားသလို ရန်စကားတွေမပါဘဲ၊ အနိုင်အရှုံးတွေမပါဘဲ၊ ဆော့ကစားကြတာ……….. ပျော်ရင်းပျော်ရင်း ပေါ့….။ ပြက္ခဒိန်တွေက ရေမချိုးဘဲ အ၀တ်အစားအသစ်လဲကြပြန်ပြီ။ သူတို့တွေလည်း ချမ်းကြရှာမှာပေါ့…။ မနက်ခင်းမှာ နှင်းတွေကြားမီးလှုံရင် ခေါ်ပါ့မယ်။ တစ်နေ့မှာ ကျွန်တော့်သူငယ်ချင်းလေး မနက်ခင်းမီးလှုံရာနေရာကို ရောက်မလာဘူး။ နောက်မှသိရတယ် သူနေမကောင်းဘူးတဲ့။ ကျွန်တော်က ခေါက်ဆွဲပြုတ်သောက်ဖို့ ပြောလိုက်တယ်။ ကျွန်တော်ဖျားတိုင်း ခေါက်ဆွဲပြုတ်သောက်ရပါတယ်။ ပြီးရင်ပျောက်သွားတာကိုး။ အဲကောင်.. ခေါက်ဆွဲပြုတ်မသောက်ဖူးထင်တယ်…….. အကြာကြီးပဲ မပျောက်ဘူး။ ကျွန်တော်သူနဲ့ တွေ့ချင်ပါတယ်… မသွားရဘူး။ သူ့မျက်လုံးတွေဝါနေတယ်။ အသားတွေလည်း ၀င်းလို့ဝါလို့ပဲ။ အဲဒါကလွဲရင် သူလည်း ကျွန်တော်လို့ ပါပဲ။ လူသားပါပဲ။ ပြောင်းလဲသွားတာမှ မဟုတ်တာ။
တစ်နေ့မှာ ကျွန်တော် ကျောက်ဆောင်တန်းလေးပေါ်ထိုက်နေခိုက် သူငယ်ချင်းလေး…. အိပ်ပျော်နေတယ်။ ဘယ်ကို ခေါ်သွားကြမှာလဲ။ သူ့ကို ကျွန်တော်နှိုးပေးပါ့မယ်။ သူထလာမှာပါ။ သူက ကျွန်တော့်ရဲ့ စီးတော်မြင်းလေးပါ။ ကျွန်တော်က ဘုရင်ကြီးလေ။ စီးတော်မြင်းဆိုတာ ဘုရင်နှိုးရင်ထရတယ်တဲ့.. သူပြောဖူးပါတယ်။ ကျွန်တော့်ကို သူနေတဲ့ ကျောင်းဆိုတာဆီ ခေါ်သွားမယ် ပြောထားတယ်။ ကဗျာတွေသင်ပေးထားပါတယ်။ ကျွန်တော်ဆိုပြရမလား။ “ညအခါ လသာသာ၊ ကစားမလား။ နားမလား။” ကျွန်တော်က မနားချင်ပါဘူး ကစားတာပေါ့လို့ ပြောရင် သူက ညီလေးကတော့လေလို့ ပြောလိမ့်မယ်။ လူကြီးတွေပြောတဲ့စကားကို သူအတုယူပြောတာပါ။ သူနဲ့ကျွန်တော်က သိပ်မကွာလှပါဘူး။ ကျွန်တော် သူ့မမကို မေးလိုက်တယ်။ “မမ… ကိုကို အိပ်နေတာ ကြာလိုက်တာဗျာ… အခုဘယ်ခေါ်သွားမလို့လဲ။” အဝေးကြီးသွားမယ်လို့ ပြောပါတယ်။  ကျွန်တော့်ကို စက္ကူလှေလေးတွေလုပ်ဖို့ စာရွက်တွေစုထားဖို့နဲ့ စာအုပ်တွေ  မဆုတ်ပစ်ဖို့မှာသွားကြောင်းပြောတယ်။ ဘာလို့ငိုတာလဲမမ… ဘာလို့ငိုတာလဲ။
ကျွန်တော် ကျောက်ဆောင်လေးပေါ် ပြန်ထိုင်တယ်။ နေ့ခင်းကြောင်တောင်မှာ တိမ်တွေ အိမ်ပြန်နေကြပြီ။ ဟိုးကောင်းကင်အစွန်းစပ်မှာ ………. ကောင်းကင်အစွန်းစပ်မှာ…………. ပြပြလေး … ကျွန်တော် ဘာကို မြင်တာလဲ..။ ဘာကို မြင်တာလဲ။ ခြံစည်းရိုးပင်က အသီးဝါ၀ါတွေကို မေးပါသေးတယ်။ သူတို့ မဖြေတတ်ကြဘူး။ ကစားဖော်လေးကို ဘယ်သူခဲဖျက်ဖြူဖြူနဲ့ ဖျက်ပစ်လိုက်သလဲမသိပါဘူး။ ကျွန်တော်ပုံလေးသာ ကျန်ရစ်… ကျွန်တော်ပုံလေးသာ ထီးတည်းရပ် တိတ်တိတ်ထင်ကျန်ရစ်…..။
။    ။ တစ်ခါတစ်ခါ တွေးမိတယ်....ကျွန်တော် ဒီဘ၀ဆိုတဲ့ အိပ်မက်ကို ဘာလို့ရခဲ့တာလဲ။ ဘာအတွက်လဲ။ ဟိုးငယ်ငယ်လေးကတည်းကနေ အခုထိ ဖြတ်သန်းဖူးသမျှလေးတွေကို စိတ်စိတ်ပိုင်းရှာရင်း ရေးဖြစ်ထားတာတွေပါ။ ကျွန်တော့်ဘယ်ဘက်လက်ပြင်တစ်ခုလုံး မကြာခဏ အောင့်နာကျင်လောက်အောင်ကို ခံစားခဲ့တာတွေလည်းပါမယ်။ မသိခင်ကပေါ့။ သိလာတဲ့အခါ စိတ်ဖြေရာ တွေကို ပြန်ပြန်ရှာပေးလိုက်တဲ့အခါ ကျွန်တော်.............။ အခုထိတော့ နေသာနေပါတယ်။  ဘယ်ချိန်အထိဆိုတာ မသိနိုင်သေးပါဘူး။ တတ်နိုင်သလောက်တော့ ခပ်ရှည်ရှည်လေးရေးကြည့်ချင်ပါတယ်။   ။
Labels: လူငယ်တစ်ယောက်အကြောင်း
ချစ်သူဖတ်ဖို့…………
Wednesday, February 24th, 2010
ဘာလို့များလေလဲ…. ဒီနေ့လေးမှာမှ ပိုပိုလွမ်းလိုက်တာ။
အိပ်မက်တောက်လျှောက်သွားတာတောင် မမောနိုင်ပါဘူး…။
ဟိုးပုံရိပ်တွေပြန်မြင်ရင်း…..
ငါတို့ သူငယ်ချင်းနှစ်ယောက်လို ဖူးပြီး
ချစ်သူတစ်စုံအဖြစ် မွှေးပျံသင်းသင်းပွင့်ပစ်လိုက်တာ..
နေလုံးနီနီကြီးတစ်ပတ်တောင် ကြာကြာကျော်ခဲ့ပေါ့။
လွမ်းတယ်ကွယ်၊
ဘာမှ မပြောခိုက်မှာတောင် ဒီစကားတော့ ကြားပေးပါ။
မိနစ်ကိုးဆယ်လောက်ပြန်ရဖို့ကို
စိတ်မျှော်ထင့်ထင့်စောင့်နေရသူ…
ငါလေ……………………………………
ပင့်ကူမျှင်တွေကြားက ပိုးကောင်ငယ်ငယ်လို
တွေးရင်းနစ်ရင်း……. ကျစ်ထားတဲ့ ကြိုးလေး
ခိုင်ပါစေကြောင်း…… ခိုင်ထားသော ကြိုးလေး
မြဲပါစေကြောင်း…… မြဲထားသော ကြိုးလေးရေ…………
လင်းတလွင့်လွင့်လွမ်းလို့
ကြိုးကြာလေးတွေအကြောင်း…
ကြယ်ပွင့်လေးတွေအကြောင်း…
မင်းလက်လေးကိုင် ထိုင်ကာပြောချင်နေပြီကွယ်။
အသားတကျအဆင်မပြေမှုတွေနဲ့
သက်ပြင်းလှိုက်နေထိုင်လှုပ်ရှား
ချစ်သူ…….
မင်းက ငါ့သမိုင်းရဲ့ တိုးတက်မှုမှတ်တမ်းပုရပိုဒ်လေးပါ..
မီးတောက်ကနေစ…. ကိုယ်းကွယ်လာတာ
အခုဆို…. နတ်ဘုရားတွေတောင်ဖြစ်ထွန်းနေပြီ…
ငါပခုံးပေါ် ကြွေကျမယ့် နဖူးပြင်လေးကို
တယုတယလွမ်းမိရဲ့…………
မိနစ်ကိုးဆယ်ပြန်တူတဲ့အခါ
ပန်းအက္ခရာတွေအကြောင်း
ငါပြောပြရင် ခေါင်းလေးငုံလို့ မပုန်းပါနဲ့ကွယ်။
                                      ဘုန်းသန့်ခန့်
                                      P100022FEB10FRE-AUSI
Labels: ချစ်သူသို့........ အမှတ်တရ
ဆုံခွင့်ရက်တွေ နီးနေပြီ
Thursday, February 18th, 2010
မခိုဘူးဆိုရင်တောင် မိုးပေးချင်ခဲ့သူ
ဒီမိုး စွတ်စိုရွဲတွေကြား…… ထီးလေးကိုင် မတ်မတ်ရပ်
မိုးတိတ်ဖို့ဆုတောင်းရမှာလား။
နေထွက်ဖို့ဆုတောင်းရမှာလား။
ချစ်သူရေ….
ငါက ထီးလေးကိုင် မိုးစက်ကြား …
မင်းက ရပ်စောင့်မျှော် နေပူတောက်တောက်ကြား
မှန်မြတ်ရပ်ကာ…..
ငါတို့ စောင့်တော့စောင့်နေကြတယ်။
ကကြီးကနေ..ဟိုး ကမ္ဘာအသင်္ချေထိ တွက်ရင်….
ငါတို့ ဝေးနေရတာ ခဏလေးပေါ့…လေ၊
မနက်ဖြန်ဆိုရင် ငါတို့ ပြန်ဆုံဖို့ တစ်ရက်နီးလာမယ်၊
သဘက်ခါဆို ငါတို့ ပြန်ဆုံဖို့ နှစ်ရက်နီးလာမယ်၊
ဒီလိုပဲ ရေတွက်လိုက်ပါကွယ်။
လွမ်းတဲ့အခါ တိတ်တိတ်လေး..
မင်းအကြောင်းပြန်တွေးလိုက်တာနဲ့ ငါ့ရင်ခွင်လေးနွေးလို့၊
ဖြေးဖြေးလေးပြုံးနိုင်လာတယ်။
ချစ်သူ…
မင်းဟာ.. ငါ့အတွက် ဂျိုကာရုပ်လေးဖြစ်ရဲ့…
တစ်ခါတစ်ခါ..
သိပ်ဆိုးနွဲ့တတ်တဲ့ ညီငယ်မလေး..
တစ်ခါတစ်ခါ..
တည်ငြိမ်သွန်သင်တဲ့ အမကြီးဟန်နဲ့…
တစ်ခါတစ်ခါကျတော့…
ချစ်ယုယဖို့ကောင်းတဲ့ ကလေးငယ်ငယ်လိုမျိုး….
အိပ်ပါကွယ်… ကိုယ့်ပခုံးထက်မှာ မင်းဆံနွယ်လေးတွေသာ ၀ဲကျထိခွင့်ရှိတာပါ။
မျက်လုံးဝိုင်းဝိုင်းလေးရယ်....
စိတ်ဆိုးတယ်ဆိုရင် ပြုံးပြီးစကားမပြောဘဲမနေနဲ့..
ကိုယ့်မှာ ကျယ်ကျယ်လောင်လောင်ကျဉ်းကျပ်လို့ပါကွယ်။
ကိုယ့်လက်မောင်းကို ဆတ်ဆတ်ကိုက်
ပြီးရင်.. ပြန်ခေါ်ကြမယ်လေ၊
မသိမသာခိုးကြည့်ရင်း တစ်ယောက်စအခေါ်စောင့်ရတာ
ကမ္ဘာဆက်တိုက်ကြာလို့ပေါ့….
တစ်ခါတစ်ခါ.. ငါတို့ဟာ
မတည့်အတူနေ သူငယ်ချင်းနှစ်ယောက်လည်းဖြစ်တယ်။
တစ်ရက်တစ်ရက်နဲ့ ပြန်နီးဖို့နီးကပ်လာနေပေါ့…
တွေးမိတိုင်းအခါခါ ပျော်မိလာတယ်..
သဘက်ခါအလွန်ရောက်ဖို့…
ပြက္ခဒိန်အကြောင်းကို ခဏမေ့ထားရင်း…
ငါတို့ ဆုံစည်းကြဖို့
ရက်တွေသိပ်နီးနေပြီကွယ်…
ဘုန်းသန့်ခန့်
သဲလေးဖို့….. ချစ်သူများနေ့……….. အမှတ်တရ………. :-*
ဝေးကွာနေသော ချစ်သူတိုင်း ပြန်နီးဖို့…………..
Labels: ချစ်သူသို့........ အမှတ်တရ
မိုးရေထဲမှာ ရပ်နေသူ
Monday, February 15th, 2010
ငါက တအားမျှော်လင့်တတ်သူဖြစ်တယ်...
အိပ်မက်တွေရယ်.. ကောင်းကင်ပြာပြာရယ်..........
အရာရာရယ်ပေါ့...........
ဒူးထောက်ထားလို့...ပါတဲ့ ငါ့လက်လည်းမြှောက်ခဲ့ပါတယ်။။
လေးမြားကို ချ ...........
ငါလက်လည်းမြှောက်ခဲ့ပါတယ်....
တော်ရုံတန်ရုံပေါ့ကွယ်....အရာရာ
မှာ .......
ငါခါးပါတာများပြီလား.......
မြယာပင်ကြီးကို မေးချင်ပါတယ်...
သိုးဆောင်းဂစ်တာတစ်လက်ရဲ့မှတ်တမ်းမှာ ငါ့ကို ရေးပေးပါ။
ငါ ခါးပါတယ်... မ၀ါးပါနဲ့....
ထွေးမယ့်ထွေး အခုထွေးပါ...
ဒါမှမဟုတ် နွေးအောင်ထွေးပါ..
တင်းကျပ်ရုံတင်ဆို ငါ ... အော်ငိုတတ်တယ်။
အဲဒီလိုနဲ့ပဲ ငါက လျှော့ပေးလိုက်ပါ့မယ်။
အမှားတစ်စက်တောင် မတင်အောင် နေပေးနိုင်ခဲ့ပေမယ့်...
သံသယမျက်ဝန်းတစ်စက်တောင် မတင်အောင် နေပေးနိုင်ခဲ့ပေမယ့်.....
ငါက မတိုးတက်သူဖြစ်တယ်။။
သိပ်ပြီးရှေးရိုးဆန်ခဲ့လိမ့်မယ်။။
ငါ့မှာလည်း သိပ်ခင်မိသူရှိပါတယ်...။
စည်းသပ်သပ်မကအောင်ကို တားပေးထားလိုက်တာများ.. ဘယ်သူ့အတွက်
ငါ့ ကိစ္စတွေကို အသေးအမွှားဖြစ်စေခဲ့တာလဲ။
တစ်ချို့တွေက ပြောဖို့မလိုဘူး..။
တစ်ချို့တွေက ....
တစ်ချို့တွေက...
ဒီလိုနဲ့ မြရာပင်တစ်ရုံလုံးတုန်အောင်...
ငါ................
မီးတောက်ရစ်သမ်..ကို အပြန်ပြန်ဖတ်...
တစ်ခါတစ်ခါ သိပ်ကို..ငါ
အမှောင်လက်ချောင်းတွေနဲ့ ဆောက်လိုက်တဲ့တိမ်...တွေ
မိုးလိုသွန်းသွန်းဖြိုးရွာ.....
...
ငါ ထီးပိတ်ပြီး မိုးထဲရပ်နေမိတယ်။
ငါနောက်တစ်ကြိမ်ထပ်ပြောမိပြန်ပြီ..
သိပ်လွမ်းမိပါရဲ့.... ချစ်သော နှင်းဝတ်မှုန်ငယ်...
တကယ်မရှိခဲ့တဲ့ အရိပ်လေးကို
ငါက နှစ်ရှည်လများစွန့်ပစ်လိုက်မိတော့..
ဟိုးအရင်ကလို ငါ မတက်ကြွတော့ဘူး..
ငါမလန်းဆန်းတော့ဘူး...
ကော်ဖီတွေလည်း မသောက်ဖြစ်တော့...
ကဗျာတွေလည်း ... ဝေး၀ါး...
နင်...ငါ့စိတ်ထဲက စစွန့်ခွာစဉ်ကတည်းကပေါ့... 
ချစ်သော... ချစ်မိသော... စိတ်ကူးချစ်သူ... ၀တ်မှုန်ငယ်..
ငါ့စကားတွေကို နင်သာ ထပ်တလဲလဲနားဆင်...
လွမ်းမိပါရဲ့...... လွမ်းမိပါရဲ့...
ငါမိးကို ကိုယ်းကွယ်စကတည်းက စွန်ခွာသွားသူရယ်..
                          ဘုန်းသန့်ခန့်
Labels:
နေတို့ကွဲအက်ချိန်
Saturday, January 30th, 2010
ထိုသို့ဖြင့်ပင် နေတို့ ကွဲအက်လိမ့်မည်။
ဒူးထောက်ပေးခဲ့သူဘ၀များ….
ဖေဖေ….
မပြေလည်မှုတွေကြားမှာ ဘယ်လိုအင်အားတွေနဲ့များ ရှင်သန်ရဲဝံ့ခဲ့သလဲဟင်။
သားကို သင်ပေးပါ။
လက်ကို မမြှောက်ဘူး……
ငါက မြေပြင်မို့လို့ ဒူးထောက်ဟန်နဲ့ပေမင့်
လက်စုံမမြှောက်ဘူး။
အရာရာဖြတ်ချပြီး အသစ်လို့ လုပ်ပစ်လိုက်ထားရတဲ့
ဘ၀မှာ… ဘယ်သူတွေများ အားကျနေတာလဲ။
ဘာမှမရှိကြောင်းသိအောင် ပြောချင်ပါရဲ့………
ဖေဖေ…
ဘယ်လိုလူကမှ နားမလည်ကြဘူး…….
ထိုသို့ဖြင့်ပင် နေတို့ ကွဲအက်ခိုက်မှာ
လမ်းလွင့်လွင့်မှောင်နေသော….
ညများ……နေ့လား…….နေ့များ…….ညလား……..
ငါက မပါတော့သော………. ဇာတ်ရုပ်တစ်ခု…
ဝေးဝေးရောက်အောင် ဟုန်းဝုန်းထထန်ချင်ခဲ့လည်း………
ခေါင်းကို ရမ်းလှုပ်ငုံ့ရင်းခါ……….
ဖေဖေ………
မပြေလည်မှုတွေကို ဘယ်လိုအားတွေနဲ့ ရင်ဆိုင်ခဲ့ပါသလဲ။
သားမျှော်လင့်ခဲ့တဲ့………. ဘ၀အစဟာ ဒီလိုမဟုတ်ဘူး။
အရာရာကို သိအောင်လိုက်မလုပ်တော့ပါဘူးလေ။
သားဘ၀က ဟော့ဒီ
ကွက်ကွက်လေးမှာ ဆုံးတော့မယ်တဲ့လား…….
ခြူးပြားတွေများများလာတိုင်း….
ကျွန်တော်…….အသားကျ……..
အခုဆို စိတ်မှာ အရိုးပဲကျန်တယ်…
ဒီလိုနဲ့ရောက်လိမ့်မယ်ပေါ့……….မနက်ဖြန်……….
ဘယ်သူတွေက မှန်လိမ့်မလဲ…..
ဘာမှမကျန်အောင်……….ဖျက်လိုက်သလို
ဘာမှမရှိသလိုနေထိုင်ရင်း…………
မိုးကို မြှောက်ထားသောလက်ကိုလည်း ရုတ်လိုက်ပြီ။
မြေကို နင်းထားသော ခြေကိုလည်း ကြွလိုက်ပြီ။
ထိုသို့ဖြင့် ငါ့ကို မေ့သွားကြလိမ့်မည်။
ငါ………… ရွာဖူး၏။
ငါ……….. သာဖူး၏။
သို့သော်…………. မသိကြ…….
ထိုသို့ဖြင့်ပင် ငါ့ကို မေ့သွားကြလိမ့်မည်။
မထူးဆန်းခဲ့ပါ………..
ငါက ခေါက်မုန့်လေးတစ်ခုပဲလေ
ချိုးလိုက်ရင် ကြေ……..
လေတိုက်တော့ လွင့်………
ရေထိတော့ ပျော့……..
ဒါပေမယ့်……..မှတ်ထားကြကွယ့်….
ငါဟာ…………
ထိုသို့ဖြင့်ပင် နေတို့ကွဲအက်ကုန်ကြပြီ။
                             ဘုန်းသန့်ခန့်
                             P112030JAN10P’Klang
Labels:
လောင်အောင် ပူတဲ့နေ….
Saturday, January 23rd, 2010
ငါကလည်းငါပဲ…..သူကလည်းသူပဲ။
မတူဘူးဆိုတာနဲ့တင် ကွဲပြားမှာပါ…။
အတင်းတူ ပေးဖို့တောင်းပန်ကြည့်လိုက်မှ
ပိုကွဲပြားတာတွေ့ရ၊
ဟိုးလယ်ကွင်းပြင်ထဲမှာ ထွန်တုံးရယ်…နွံရုန်းနေတဲ့နွားတစ်ကောင်ရယ်
နေကလည်းသိပ်ပူပြင်းလှရဲ့………..
ခမောင်းဆောင်းထားတဲ့လူကလည်းငါ… ထွန်ရှေ့ဝင်ကျူးမိတဲ့ကောင်လည်းငါ…….
အတင်းတူပေးဖို့ တောင်းပန်ကြည့်လိုက်မှ ပိုကွဲပြားတာတွေ့ရ၊
ကိုတာရာရေးခဲ့သလိုပေါ့…….
ငါက သတိရသူမို့ မိုးကိုကြည့်တယ်…….
အဲဒီအခါ မိုးက ငါ့ကို ပြန်ကြည့်နေလား။
အတင်းတူပေးဖို့ တောင်းပန်ကြည့်လိုက်မှ ပိုကွဲပြားတာတွေ့ရ။
ဟယ်လို..ဟယ်လို…လို့ ခေါ်ရင် ပြန်ထူးတတ်အောင်
သင်ကြားပေးလို့ဖြစ်မလား…ဒါမှ မဟုတ်
သူ့နံပါတ်လေးကို တစ်ယောက်တည်းခေါ်ခွင့်ရှိမလား။
မင်းကဘယ်သူလဲဟင်လို့…မေးလိုက်တဲ့အခါ
ငါ့ကို ပြန်ဖြေမှာလား…….
ငါကဘယ်သူပါလို့ မမှတ်ထားနဲ့…………………
တိတ်တိတ်လေးသာ
ခမောက်ဆောင်းထားတဲ့လူကလည်းငါ …. ထွန်ရှေ့ဝင်ကျူးမိတဲ့ကောင်လည်းငါ….
နေကသိပ်ပူခဲ့တယ်။
နေကပူပူ ……….. ငါ့ကို တံလျှပ်ပေးပြီး
နှစ်သိမ့်လှိုက်ဆူစေ………….
အတင်းတူပေးဖို့ တောင်းပန်လိုက်ကာမှ
ပိုကွဲပြားတာတွေ့ရ……..
ငါ့ခေါင်းကိုစားရင် မင်းဖြစ်မှာလား။
ရူးသလိုပေါသလိုနဲ့ ခြံစည်းရိုးပေါ်တက်
ရင်ကော့ပြီးလင်းကြက်လို့ ဘာသာတွန်ပြခဲ့ရ၊
ဥဒေါင်းမင်းလည်း ညွှတ်ကွင်းမှာမိတာ…
နေထွက်ချိန်မို့ထင်ပါ့…
ငါ့မျက်လုံးတွေတဖြည်းဖြည်းပြာလို့လာ…၊
အော်……….တခါတရံဆိုတာ..တခါတရံဆိုတာ
ပေါင်းလိုက်တော့သိပ်များသွားလိုက်တာ…..
ဘုရားအိုနံဘေးချောင်မှာ ကုပ်ကပ်ထိုင်ရင်း ငေးငေးတွေဝေနေတဲ့
ကောင်းလေးငယ်နဘေးမှာ မျှော်လင့်ချက်အစုံ၊ ယုံကြည်မှုတွဲပစ်ချ
ငါဘယ်တော့မှပြန်မထချင်လောက်အောင်………………….
………………………………………………………………………………..
…………………………………………………………………………………..
         *  *             စစ  ဓဓ
…………………………………………………………………………………….
………………………………………………………….
လက်ချောင်းတွေချိုးရတာညောင်းလာပြီ။
သစ်ရွက်လေးနှစ်ဆယ့်သုံးရွက် ကြွေသာကြွေခဲ့ရတယ်…….
နောက်ဆုံး၊ သည်းခံ့၊ အောက်ကျို့၊
မတတ်နိုင်တော့တဲ့အထိ တတ်နိုင်လို့………….
ကြွေကျပေးဖူးပြီ……..
မုန့်အိပ်ခွံလေးတွေနဲ့အတူ…………..၊
ခြေရာသေးသေးလေးတစ်စုံ၊ အခန်းကျဉ်းကျဉ်းလေးတစ်ခု၊
နော    က်……..
………………..နောက်…………………..
………………………….နောက်…………….
ပြန်လှည့်ဖို့ မဖြစ်တဲ့ကွင်းပြင်တစ်ခု……
ဘယ်သူက ငါ့ကို နက်ထွင်းဖောက်ဖောက်နားလည်းမလဲ။
ဘယ်သူက ငါ့လို ဘုရားအိုဘေးမှာ ငေးနိုင်မလဲ။
ငါ့စကားကို ကြားအောင်နားထောင်သူ လက်ညှိုးတစ်ဝက်စာမပြည့်
လယ်ကွင်းပြင်တစ်ကျောလုံးလောင်အောင်ပူတဲ့ နေ……………….
                                                  ဘုန်းသန့်ခန့်
                                                P0904200110PER0ZI
Labels:
ထိုသို့ဖြင့်......အကြိမ်ကြိမ် သိခဲ့သည်
Monday, January 18th, 2010
တစ်ခါတည်းနဲ့တင် ငါက ပြာကျချင်ခဲ့တယ်
အိပ်မက်တစ်ခုတည်းသာ ထပ်တလဲလဲမက်ချင်သူကိုး
ငါက တစ်ခါတည်းနဲ့ပြာကျ........
ငါအထပ်ထပ်ကြိုးစားမိတာ အကြိမ်ကြိမ်........
ဒါပေမဲ့ ငါသာ အကြိမ်ကြိမ်ကြိုးစားမိသူ..
ငါက ဘာလဲ........
ထီးချက်စောင့်နတ်လား.....
နန်းစောင့်ဘုရင်လား..........
ဟား...ဟား.....ဟုရယ်မိသော်......
ငါက ဘာလဲ..............
တစ်ပါးတည်းပွင့်ဖို့မေ့ခဲ့တဲ့ နတ်ဘုရားလား။
အရာရာမှာနောက်ကျသူ....ပေါ့.......
တင်ကြိုပြောတတ်တဲ့ဖန်လုံးတွေထဲမှာ
ရယ်စရာအရုပ်သာမြင်ရသူ.......လေ။
သိပ်ကို ၀မ်းသာမိတာပေါ့
လက်ပြသူမဲ့စွာ..........
ထွက်ခွာ.........
ငါက ပါးစပ်ဗျောက်တောင်မဖေါက်တတ်ခဲ့ဘူး။
စည်းကျနည်းကျ.......အင်းလေ..ဘာမှသင်မရခဲ့သူပဲ။
ဒီလိုနဲ့........ပြန်တွဲတွဲထားရတဲ့ မျက်ရည်စက်တွေ
ငါ့မှာ..........ငါ့မှာ...........
ကလေးဘ၀ကလို ခေါင်းလေးခါလိုက်.......နောက်...
ကျောက်ဆောင်သေးသေးလေးပေါ်တက်ထိုင်ရင်း....
အဝေးကို ငေး..........
ငါက တစ်ခါတစ်ခါမှာ
သိပ်ပြီးရှေးရိုးဆန်တတ်တယ်။
ငါ့ကပဲမှားတာဖြစ်ပါလိမ့်မယ်။
လူတိုင်းကပြောဖူးတာပဲ။ငါက မှားတတ်တယ်။
သိပ်ပြီးတစ်ကိုယ်ကောင်းဆန်တတ်သူလေ။
ငါ့ကို လူဝင်မဆန့်ဘူးလို့ပြောပြီး.....
စည်းသားပိတ်ပင်.......ငါဝင်မလာပါဘူး။
သိပေမဲ့ဝင်မလာပါဘူး။
ငါက ရွာချဖို့သာ လာခဲ့တဲ့မိုးတိမ်ပါ....မချိမ်းပါဘူး။
မမှောင်ပါဘူး................။
တစ်ယောက်တည်း.......ကြိတ်ပြီးထိုင်ခဲ့ရတာ
တစ်ယောက်တည်း.......စကားပြောခဲ့ရတာ
ငါ့စကားကို ငါ့နားတစ်ခုကပဲမပျင်းမရိနားဆင်ပေးခဲ့တယ်။
လုံလောက်ပါပေါ့ကွယ်...........
ရွာဖို့သာလာခဲ့သူမို့...............
မနှစ်သက်သမျှကို မျက်ကွယ်ပြုသွန်းဝံ့ပါတယ်....
ချိုးချင်သူတို့...........ပျော်ကြပါစေကွယ်.....
ငါကတော့.......ငယ်ငယ်ကလို.....
ဘုရားအိုတံတိုင်းပေါ်မှာ....
တိတ်တိတ်လေးထိုင်ရင်း...
ငါယုံကြည်တဲ့ကမ္ဘာလေးက ငါ့ကိုလှောင်ပြောင်ရင်း...
အရာရာကို ............
ဘုန်းသန့်ခန့်
Labels:
ကိုယ့်ခေတ်လေးကို လွမ်းပါကြောင်း…
Sunday, January 10th, 2010
ကိုယ့်ခေတ်လေးကို လွမ်းပါကြောင်း…………
ချစ်သူလေးက ပြုံးပြီးကိုယ့်ကို ကြည့်နေရဲ့….
ဒီနေပေါ့…ဒီနေ့……….. ညနေပျိုပျိုမှာ နှစ်ယောက်တည်း ရင်ပြင်တော်ပေါ် တွဲတက်ခဲ့တဲ့နေ့………. ချစ်သူက ချစ်ကြောင်းသိလို့ ပန်းငုံခေတ်လေး လင်းရောင်ဖွင့်တဲ့နေ့……..
ချစ်သူလေးက ပြုံးပြီးကိုယ့်ကို ကြည့်နေရဲ့……..
ဒီနေပေါ့ ….ဒီနေ့……….. ပန်းလေးတစ်ပွင့် ဖွားဆို ရနံ့တွေကြားစတင်ပြီး ဖူးငုံလင်းတောက်တဲ့နေ့…. ပြီးတော့….. ပန်းလေးရဲ့ သတင်းတော်ကို ငါ့ဆီ “၂၁”ကြိမ်မြောက်…. ပို့ဆောင်တဲ့နေ့…………………………………..
ချစ်သူလေးက ပြုံးပြီးကိုယ့်ကို ကြည့်နေရဲ့……..
နှုတ်ခမ်းဖူးဖူးလေးက ကိုယ့်လက်မောင်းကို ကိုက်ဖို့……….
မျက်လုံးလင်းလင်းလေးက ကိုယ့်မျက်ဝန်းကို ကျက်မှတ်ဖို့……
ပါးပြင်နုနုလေးက ကိုယ့်သက်မောတွေ အေးမြဖို့………….
ဒီနေ့ပေါ့……… ဒီနေ့…………..
ချစ်သူလေးက ပြုံးပြီး ကိုယ့်ကို ကြည့်နေရဲ့……..
ကိုယ်တစ်နေ့လုံး ပင်ပန်းနွမ်းလျလို့……….
ကိုယ့်ဦးထက်က ချွေးစက်တွေ ပင်လယ်ထဲကျနေတာကို နှစ်သိမ့်ဖို့ပေါ့……….
ကိုယ့်ပါးပေါ်စီးကျလာတဲ့ချွေးစက်တွေကို တမြတ်တနိုးသုတ်ပေးမယ့် လက်လေးကို လွမ်းလိုက်တာ………..
ကဗျာတွေသာ ရေးတတ်ခဲ့တဲ့ ကိုယ့်လက်ဖ၀ါးလေး…. ခုဆို……
မင်းတင်းတင်းပြန်ဆုပ်လိုက်ရင် မှတ်မိပါဦးမလား…………
ရွက်တွေလွှင့်ရင်း……..ထုသားပေသားကျ မာကျောကြမ်းလို့နေပြီ………
ချစ်သူလေးကတော့ ကိုယ့်ကို ပြုံးပြီးကြည့်နေရဲ့…………
ပျော်ရွှင်ဖွယ်နေ့မြတ်လေးပါ.. ချစ်သူ…………
ချစ်သူဆံစလေးကိုင်ပြီး ကိုယ်ကပြောတယ်……………
ပျော်ရွှင်ဖွယ်နေ့လေး………………..
အဲဒီဆံနွယ်ညိုညိုလေးတွေအောက်မှာ
ချစ်သူ့နဖူးပြင်လေးမရှိတော့………….
ပျော်ရွှင်ဖွယ်နေ့လေး…………………
ယွန်းဗူးလေးကို ကိုင်ထားသူ ……….
ကိုယ်က သိပ်ပြီး နုနယ်လွန်းတယ်ထင်ပါ့……….
မငိုပါနဲ့ကွယ်လို့ ချစ်သူကို ချော့ဖူးသူ…………..
သူ့ကိုရော ဘယ်သူချော့………..
ချစ်သူလေးကတော့ ကိုယ့်ကို ပြုံးပြီးကြည့်နေရဲ့………
ကိုယ်ပြန်ပြုံးပြနေတာ အခါခါ………..
ငါ့ဝတ်ရုံလေးကို နင်လုံအောင်ခြုံထားပါကွာ……….။
မျက်လုံးပြူးပြူးလေးနဲ့ ကိုယ့်ကို လာကြည့်နေတဲ့ သူငယ်တန်းက ကောင်ငယ်မလေးကို
ကိုယ်အိပ်ပြီနော်………..ညီမလေးလို့…….ပြောပြီး…………..
ညတွေ……………
        ညတွေ…………………
                ညတွေ……………
တွေတွေဝေေ၀နဲ့ …………………..
ပျော်ရွှင်ဖွယ်မွေးနေ့လေးပါချစ်သူလို့…………………..
တိတ်တိတ်လေးကြိတ်ပြောကြည့်တယ်…….
စကားတတ်စကလေးငယ်လိုပေါ့……..
ပြောချင်တာတွေများနေလို့ ထင်ပါတယ်လေ…….
တိုးတိုးလေးတောင်မကြားရ…………
ချစ်သူကတော့ ပြုံးပြီးကြည့်နေဆဲ…………..
ပင်လယ်ရေတွေငံရခြင်းအကြောင်းကို
ရွက်လွှင့်လက်တွေကသာသိရဲ့…………..
အခန်းငယ်ထဲမှာ သက်ပြင်းတွေဝေရင်း……….
ငါတို့က သူရဲကောင်းတွေမဟုတ်ခဲ့သလို.........
        ဒဿဂီရိတွေလည်းမဟုတ်ခဲ့ဘူး…………
စိတ်ရောလူပါ……….. နွမ်းအောင်ရုန်းကန်ရင်း…….
အဝေးရပ်ဆီက ပြုံးပြနေတဲ့လူတွေအကြောင်းကို တွေး…………
မနက်ဖြန်အတွက် အားတွေပြန်သစ်ခဲ့ပြီ။
ဒီနေ့ပေါ့………….ဒီနေ့………..
ပါးပြင်လေးကို လွမ်းတဲ့အကြောင်း………..
ကိုယ့်ကို ဆုံးမတတ်တဲ့ စကားသံလေးကို လွမ်းတဲ့အကြောင်း……..
နောက်…ကိုယ့်ပါးပေါ်မှာ တင်နေဆဲချွေးစက်လေးအကြောင်း………….
အဲဒါတွေပြောပြတော့……..
ချစ်သူလေးက ပြုံးတယ်………..
ပင်ပန်းမှုတွေဝေးလွင့်……
ချစ်သူလေးက ပြုံးတယ်………..
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေကွယ်……………
ကိုယ်ပျောက်ဆုံးထားတဲ့ လေးနာရီခွဲလေး ပြန်ရရင်……..
မင်းကို ယုယုယယလေးထွေးလို့ ထပ်ပြောပါ့မယ်…
ပျော်ရွှင်ဖွယ်မွေးနေ့လေးမှာ အေးချမ်းပါစေ…….ချစ်သော…..ပန်းမြင့်ဝေ………
                                                                ဘုန်းသန့်ခန့်
                                                                A123507JAN10BRIOZI
Labels:
့ပန်းငုံခေတ်က စကားသံ
Wednesday, October 28th, 2009
အတူတကွ ရှိနေကြမယ်။
မျက်ဝန်းတွေကို လျော့ထား။
မျက်လွှာတွေကို ချထား။
တစ်ဦးလွှင့်တဲ့ ရနံ့ကို တစ်ဦးက လေညှင်းမရောဘဲ ရလို့.............။
မိုင်ပေါင်းအင်္သချေယျ ဝေးစေ............
သာမာန်မျက်မြင်.............မိုင်ပေါင်းအင်္သေချေယျ ဝေးပါစေ..........
ရနံ့တွေ စက္ကန့် မခြားရလို.ပေါ့ ......
ထာဝရ အလွန်က နီးစပ်ခြင်း။
ကောင်းကင်ထောင့်ချိုးကနေ ပန်းမိုးတွေရွာသွန်း......
မြေပြင်ဟင်းလင်းကနေ မီးရှူးစုံပစ်ဖောက်........
ရွှေဓားကိုင် တိုက်ပွဲဆီလျှောက်တဲ့ နေ့များ.......
ငါတို့ကြားမှာ သစ္စာတရားကလွဲရင်
ဘယ်အက္ခရာမှ ၀င်ရောက်ခွင့်မပြုနိုင်ဘူး။
အိပ်တယ်။စားတယ်။သွားတယ်။လာတယ်။
တာဝန်တွေမပျက်ကွက်စေဘဲ....
လူသားဆန်ဆန် ငါတို့ လွမ်းကြည့်ကြမယ်။
ကမ္ဘာတစ်ခြမ်းစီပိုင်းမှ သူတစ်ခြားတွေနှစ်သက်ကြလို့
ကိုယ်က ကမ္ဘာတစ်ခြမ်း၊ မင်းက ကမ္ဘာတစ်ခြမ်း
ကိုယ်စီကိုယ်ငှ ၀တ္တရားတွေ ထမ်းနေရပေမဲ့....
နားနေဆိတ်ငြိမ်ခိုက်မှာ ကိုယ်တို့လေ......
“ဟယ်လို” သံမပါဘဲနဲ့ နီးစမ်နေမှာပေါ့။
အာရုံတွေကို ဖျော့၊ စိတ်ခန္ဓာကို လျှော့....
တစ်နေ့တာ တပင်တပန်းတင်းထားရတဲ့
သံပတ်စုံကို ဖော့.....
ကိုယ့်ဘေးမှာမင်း၊ မင်းဘေးမှာကိုယ်
ငါတို့ကို ဘယ်သူတွေကမှ ခွဲခြားမထားနိုင်ဘူး။
ငါတို့ကို ဘယ်တံတိုင်းတွေကမှ ပိုင်းခြားမထားနိုင်ဘူး။
ငါတို့ နီးစပ်နေကြတယ်။
ငါတို့ ပေါင်းဆုံနေကြတယ်။
ငါတို့ကို ဘယ်လိုလက်တွေနဲ့ မှ ဆွဲခွာလို့ မရဘူး။
ငါတို့ကို ဘယ်နယ်နိမိတ်တွေ နဲ့ မှ ကန့်သတ်လို့ မရဘူး။
ဝေးကွာပေမဲ့ မကွဲကွာတဲ့ ရပ်ဝန်းမှာ
             ရုပ်လွှာချင်းဆက်
ငါတို့ နီးကပ်နေကြမယ်။
ကောင်းကင်ထောင့်ချိုးကနေ ပန်းမိုးတွေရွာသွန်း......
မြေပြင်ဟင်းလင်းကနေ မီးရှူးစုံပစ်ဖောက်........
ဓားအိမ်ဆီ ဓားပြန်ရောက်တဲ့နေ့မှာ
ငါတို့ကြား......မေတ္တာတရားကလွဲရင်
ဘယ်အက္ခရာကိုမှ ၀င်ခွင့်မပြုနိုင်ဘူး။
ဤစကား လူသားတို့ ကြားပါစေသတည်း။
ဤစကား နတ်ဘုရားတို့ ကြားပါစေသတည်း။
ဤစကား ကမ္ဘာမြေ ကြားပါစေသတည်း။
                                         ဘုန်းသန့်ခန့်
                                      A125613FUG09
http://www.phonethantkhant.co.cc
Labels: ချစ်လေးဖို့..................
ကိုယ်ရံတော်
Friday, October 23rd, 2009
မမေ့တတ်သူအတွက်တော့ အရာရာဟာ
အမှတ်တရတွေချည်းပေါ့......။
ဖျပ်ကနဲလက်သွားတဲ့ အကြည့်များ၊ ငဲ့စောင်းလုက်တဲ့
လည်တိုင်ကျော့ကျော့၊ ဖြည်းဖြည်းလေးတိုက်နေဆဲ
လေညင်းနုနုကို ပိုလှသွားစေသော ရယ်သံသဲ့သဲ့.....။
အရာတွေပေါ့.....အရာရာတိုင်းမှာ..........။
အမှတ်တမဲ့မထားတတ်သူအတွက်
မေ့ဖို့ သိပ်ခက်ပါရဲကွယ်။
အတူလက်တွဲလို့ လမ်းလေးပေါ် ကျော့ကျော့လျှောက်ရင်း
လျှပ်ဆိုတဲ့ အကြည့်ခိုးလေး၊ အလိုကျလို့ ထင်ပါရဲ့.....
တွန့်ကွေးသွားတဲ့ နှုတ်ခမ်းပြုံးပြုံးလေး......။
အရာတွေပေါ့.....အရာရာတိုင်းမှာ..........။
ဟောဒီ ........လက်ဝဲယွန်းယွန်း အရပ်မှာ
တစစ်စစ်ခိုင်ခံလို့......။
ခြေဆုပ်လက်နယ်ပြုစုခွင့်ရတဲ့ ရွှေဓားကိုင် ကိုယ်ရံတော်ဘဝ
သွားလာလှုပ်ရှား...........ပန်းတစ်ပွင့်အပါးမှာ
မြူတစ်မှုန်မညစ်အောင် ရံတားစောင့်ရှောက်.........
နန်းတော်ရိုးတစ်လျှောက်မှာ သစ္စတရားလွယ်ရင်း၊
စစ်မြေတလင်းမှာ သခင်မကို ဦးထိပ်ပန်ရင်း၊
မီးကို ၀ပ်ရို့သလို၊ တောင်ထွတ်ကို ရှစ်ခိုးသလို
ဝပ်တွားမှု မှားမှားမှန်မှန် သခင်မထံမှာသာ
ရို့ကျိုးချင်သူပေါ့.......။
ဗိုလ်ရူ့သဘင်မှာ အကျွန့်ကို သိမ်ပါ၊ နှိမ်ပါ။
လိုအပ်ချိန်မှာ အကျွန့်ကို ခိုင်းပါ၊ နွဲ့ပါ။
ပျင်းချိန်ခိုက်မှာ အကျွန် ပျော်တော်ဆက်ပါ့မယ်။
ဒါပေမယ့်..............
အရာတွေပေါ့.....အရာရာတိုင်းမှာ..........။
ငါ့အတွက်မဟုတ်တဲ့ ရာဇမတ်တွေ ခတ်လို့..........
မမေ့တတ်သူအတွက်တော့ အရာရာဟာ
အမှတ်တရတွေချည်းပေါ့......။
အမှတ်တမဲ့မထားတတ်သူအတွက်
မေ့ဖို့ သိပ်ခက်ပါရဲကွယ်။
ဟောဒီ ........လက်ဝဲယွန်းယွန်း အရပ်မှာ
တစစ်စစ်ခိုင်ခံလို့......။
တိတ်ဆိတ်စွာ တမြေ့ မြေ့နာကျင်............
လောကကိုတော့ ငါ..............အပြစ်မြင်ခွင့်ရှိမယ်ထင်ပါ့လေ......။
                                                     ဘုန်းသန့်ခန့်
                                                --
http://www.phonethantkhant.co.cc
Labels:
ရင်အပိုပစ္စည်း
Monday, October 19th, 2009
ပြောမယ့်သာပြောရတာ
ငါ့စကားလုံးတွေ အခြေချနေထိုင်ခွင့်ရမှာမဟုတ်ပါဘူး။
မိုးဘုံထက်က ငါမှ မဟုတ်တာ။
ငါက ဘာလဲ။ သူက ဘာလဲ။
မင်းဝေခွဲမရဖြစ်မနေပါနဲ့ ။ လူတွေပါပဲလေ။
ငါ့ကို မင်းက ရင်အက်တမ်တစ်ခုနဲ့ ချစ်တယ်။
ပြီးတော့.....
သူ့ကို ရင်ခွင်တစ်ဝန်းလုံးသုံးပြီး မုန်းပစ်လိုက်တယ်။
သိပ်ကို ဂုဏ်ယူဖို့ ကောင်းရဲ့...
ငါ့ဘေးမှာထိုင်ရင်း သူ့ကို မုန်းတဲ့အကြောင်းပြောတယ်။
ထမင်းစားတဲ့အခါ...၊ ရေသောက်တဲ့အခါ...
သူ့ကို မုန်းတဲ့အကြောင်းပြောတယ်။
မင်းအိပ်မက်ထဲထိတောင်
သူ့ကို မုန်းကြောင်းမက်သေးတယ်တဲ့...။
သိပ်ကို ဂုဏ်ယူဖို့ ကောင်းရဲ့...
ငါ့ အသိဥာဏ်တွေ ဂငယ်မကွေ့ဖို့
အတန်တန် ကြိုးစားခဲ့ပါတယ်ကွယ်။
ငါက မင်းကို တယုတယနဲ့ ချစ်တဲ့အကြောင်းတွေ
တဖွဖွ ပြောတဲ့အခါ....
မင်းက သူ့ကို မုန်းတဲ့အကြောင်းတွေ
တဖွဖွပြန်ပြော...
ကြာတော့ ချစ်တယ်ပြောဖို့  ကြောက်လာပြီ။
မင်းပျော်ပါစေလို့..... ကဗျာလေးတွေ ရွတ်ပြတဲ့အခါ
(ငါလုပ်တတ်တာဆိုလို့ ဒါပဲရှိတာကိုးကွယ်။)
မင်းက ငြိမ်ငြိမ်လေးနားထောင်တယ်ထင်ပါ့...။
မျက်လုံးတွေက အေးစက်သေလို့။
ကဗျာအဆုံးမှာ ၀ုန်းဆို မျက်ဝန်းစုံတောက်စားပြီး
“သူက ကဗျာတွေ မရွတ်ပြတတ်ဘူး။ မုန်းစရာကောင်းလိုက်ပုံများ”
အစချီတဲ့ အမုန်းဋီကာ ဖွင့်ပြန်ဦးမယ်။................ငါ.............
        စနစ်တကျ၊ တငွေ့ငွေ့၊ သေဒဏ်ကျ။
           စကားတစ်ခွန်း ငံ့လင့်နေသူ..................ငါ............
မနေနိုင်မထိုင်နိုင် “မင်းကို ချစ်လိုက်တာ”...လို့.................................
စမိရင်.... မင်းရဲ့ နှစ်နှစ်ကာကာ မုန်းတဲ့သူ့အကြောင်း
အစကနေ အဆုံးကြားရပြန်မှာမို့.....
       အိပ်မက်လေး....မက်ရင်းကြွေ..................ငါ...............
ချစ်သူမို့ အောက်ကျို့ ယုယပြသမျှကလည်း
သူဆိုမလုပ်ပေးဘူးသိလားဆိုတဲ့ ဆုလဒ်အတွက်.....
............ငါ....................
ငိုနေတယ်.....ငိုနေတယ်...... မျက်ရည်တော့မကျဘူးပေါ့...ချစ်သူရယ်..
တလွင့်လွင့်လူးနေတဲ့......... စိတ်တွေနဲ့    ကယောက်ကယက်ဖြစ်ရင်း
တပ်မက်ခဲ့သော ညတွေ....... တောင်းတခဲ့သော ရနံ့  တွေ
ငါဟာ တေးတွေကို မဆိုတတ်သူပေါ့.........ချစ်သူ။
ငါဟာ ချစ်ခြင်းနဲ့  ပြန်လည်သီကုံးထားတဲ့
ကျွမ်းပြီးသား ဖန်မီးမျှင်လေးပါ.......၀တ်မှုန်
အတင်းနားနှစ်ဖက်ပိတ်ပြီး
                         ငြင်းနေမဲ့အစား
ငါပြောတဲ့ စကားကျိုးလေးတွေကို နားဆင်ပေးပါလားကွယ်။
မေ့ထားလိုက်ပါတယ်.........အရာရာကို
စိတ်ကြိုက်ပြင်ဆင်ထားလို့   မှမရတာဘဲ........
လွဲခဲ့ရင်တောင်ကျေနပ်နေပါတယ်.........
တောင်းဆိုလို့   မရခဲ့တဲ့ အခါ ဘာမှမတတ်နိုင်တဲ့ မီးအိမ်လေးက
သူ့  ကိုယ်သူပြန်လောင်ကျွမ်းပစ်တယ်။
မီးတောက်ဟုန်းဟုန်းထန်၊ မီးမှုန်လွင့်လွင့်ရူး
အော်......နွေဥသြသံ တကူးကူမှာပေါ့............
ပူပူလောင်လောင်ဆွေးနေတဲ့ တံတားလေးတစ်စင်း
ခြေဖ၀ါးဒဏ်တက် ဖိနပ်တွေဒဏ်ကြောင့် ပြိုကျခဲ့ပြီတဲ့။
ဝပ်ပြုဆုတောင်းတွေ မပါဘဲ ငါတို့  ပြန်လည်တည်ဆောက်ကြမယ်လေ။
>>“ချစ်လို့  သေသည်
 ဆိုရမည်ဟူ
 ငါသည် ဆယ်ခါ
ဆယ်ပြန်သာ၍
အခါတစ်ထောင်သေ၀ံ့၏။”<<
ဒီလိုစကားကိုသာ အထပ်ထပ်ဆိုနေမဲ့..........လူတစ်စင်းမို့  
ကြယ်တွေက ကြွေပေးချင်ပါလိမ့်မယ်။
မျက်လုံးတွေဖြူစင်တဲ့ ရပ်ဝန်းမှာ ငါ လူဖြစ်ချင်တယ်လို့   ပြောပြီး
သေဆုံးသွားတဲ့ ချယ်ရီပင်အောက်မှာ ကိုယ်လက်နက်ချပေးလိုက်ပါတယ်...ချစ်သူ။
ဒါပေမဲ့........ချစ်သူ.........
ငါ့ကိုလေ ဖြစ်နိုင်ရင် မြင်ပုံအသစ်နဲ့   အဟောင်းအတိုင်းကြည့်ပေးပါလား။
ဘာကိုမှ မထိသင့်တဲ့ လက်ကိုပိုင်ခဲ့သူ မီးဒတ်လို ငါ လည်း ကြေကွဲနေရပေါ့....
ငါ့လက်နဲ့  ထိသမျှ ရွှေမဖြစ်ဘဲ........ ကြွေကြွေကျသွားတယ်။
တစ်ခြားသူတွေအဖို့ မီးလျှံဝင်းဝင်းဖြစ်ခဲ့ရင်တောင်
ဝတ်မှုန်အပါးမှာ ယုန်ဖြူငယ်ငယ်လေးပဲ ဖြစ်ချင်ခဲ့သူပါကွယ်။
ဝတ်မှုန်ရယ်.....
သူ့ကို မင်းဘယ်လောက်မုန်းကြောင်း ငါ့ရင်နဲ့ အမျှ
တနင့်တပိုး စူးအောင့်သိမှတ်မွန်းကြပ်နေပါပြီ။
ငါ့ကို ဘယ်လောက်လေးသာ ချစ်ကြောင်း....
သိပ်ကြားချင်ပါ့.....
............................ငါ့စက်ဘီးလေး....ချိန်းကြိုးပြတ်တော့
ယဉ်အပိုပစ္စည်းဆိုင် မသွားဖြစ်ခဲ့ဘူး။
အဲဒီ ချိန်းကြိုးဟောင်းလေးက သိပ်မုန်းစရာကောင်းတာကိုး....။
................စက်ဘီးလေး နံရံမှာ ကပ်ရပ်နေမြဲ.....
                                                     ဘုန်းသန့်ခန့်
                                                  1STEDTBEF0CT09
                                                  2NDEDTBEFOCT09
                                                  3RDEDTP114514OCT09
                                                    >>......<< by Lady Ukon
                                                       ref:ကမ္ဘာ့စာပေအညွှန်း
--
http://www.phonethantkhant.co.cc
Labels:
war
Saturday, October 17th, 2009
SPLIT,VALEDITORY,SECESSION
tear,Boiling Point,TEAR
CRUDE OIL,SKULLER,BORDERLAND
EGO,ADOPTION,PATIENCE
COFFIN,EXPLOTITATION,INTERFERENCE
dream,BOG,patient
famine,GREED,DEVIATION
truth,MAN,world
BLACK HOLE EXPLODED.
                           phone thant khant
                           BEF22OCT07
Labels:
မုန်တိုင်းနှင်နှင် အဝေး
Monday, October 12th, 2009
အဲဒီ မိုး...ကောင်းကင်မှာ ပျော်ပါစေ...
အဲဒီ မိုးကောင်းကင်မှာ ပျော်ပါစေ...
တိမ်တွေက ပုံမညီ ပြောင်းလဲ...
တိမ်တွေ ကပုံမညီ ပြောင်းလဲ...
အချင်းချင်း တိုးတိုက်ခြွေ ကြွေကြပြီ။
အတ္တကို ကွာတာ ဘ၀ ခွာလိုက်လာလို့
မငိုဖို့ ပြောပြီး  တစ်ရက်မပျက်ထစ်ထားတဲ့
လှေနံလည်း ရေနံချေးဝ...
ဘာများ ကျကျပျောက်နေတာလဲ။
ဘာများ ချချဖျောက်နေတာလဲ။
“အသုံးလုံး” မကြေဘဲ
လောကဓံကို အရာတ၀င်လုပ်မိတော့
=က( မန်း+ တန်း ){(လိုက်ရ) ( သွား+ စား + နား )}
စိတ် ဆာ...ရာဆီ သွားနေကြ။
စိတ် ဆာရာဆီ မရောက်ကြ။
သြော်...
 ငါက ကောင်းကင်အခြားမှာ
ပွင့်ချင်တဲ့ ကြယ်ကိုး
       လောကနဲ့
                 မုန်တိုင်းနှင်နှင်ဝေးတယ်။
                                         ဘုန်းသန့်ခန့်
--
http://www.phonethantkhant.co.cc
Labels:
လှိုက်ဟိန်းသံ
Saturday, September 26th, 2009
နုရွယ်ပျိုမြစ်ခြင်းခန်းမဆောင်...
အိုး...ပျော်ရွှင်မြူးခြင်းတွေ...
သိရုပ်လွှာပုံဟန်ဆောင် ပျံပျံ့ ကျဲ
ခုတော့လည်း...
ခြေမှုန့်ရာလေးမျှ မချန်ဘဲ...အဝေးနှင်တိမ်နှယ်လွင့်။
့ဖြူငယ်တယ်တယ် ဆည်းလည်းလေးတွေလည်း
ချွင်ရရွင်မဲ့ တိတ်တိုးငြိမ်ဆိတ်။
ပစ္စုပ္ပန်ဘ၀နဲ့...
ဟိုးသင်ပုန်းကြီးကျက်စဉ်ကာလာအကြောင်းကို...ကို...
ငါ့စာကြည့်စားပွဲလေးကသာ
              သိမြင်၊ မှတ်သား၊ အေးခဲ။
နံရံ...။ ဆိတ်ငြိမ်သက်သက်လေးရပ်နေရသော...
ခန်းဆောင်ပတ်လည်အရံအတားတွေထဲက၊
အဲဒီတစ်ခုသော နံရံလေး...
ဆေးအသစ်ပြန်သသထားတဲ့
                သင်ပုန်းချပ်အိုကြီးကို တွဲထူဖေးမနေဆဲ...။
စာသင်သားသူငယ်တွေ
      လွတ်ကျ၊ လွှတ်ချ၊ ပြုတ်ကျန်၊ ဖြုတ်ချန်၊
      ကျပျောက်၊ ချဖျောက်၊ ခြွေထား၊ ကြွေသွား၊
      ညပ်ကျန်ရစ်၊ ညှပ်ချန်ရစ်၊ ခွာချထား၊
      ကွာကျသွား၊ မြုပ်သွားသည့်၊ မြှုပ်ထားသည့်၊
အရာများနှင့်အတူ တစ်ဝက်ပဲ့မြေဖြူခဲလေး         
ခန်းမကြမ်းပြင်မှာ ကြိုးစုံပြတ်လဲကျနေ။
နုရွယ်ပျိုမြစ်ခြင်းခန်းဆောင်...
ဟင်...၀မ်းနည်းလှိုက်တမ်းတခြင်းတွေ...
သိရုပ်လွှာပုံဟန်ဆောင် ပျံပျံ့ကျဲ
                                                 ဘုန်းသန့်ခန့်
                                            P093525SEP09
တခါက ရေးဖူးသော ECHO ကဗျာကို ပြန်လည် ဖတ်မိရာမှ ဆင့်ပွားဘာသာပြန်ထားခြင်း.......
--
http://www.phonethantkhant.co.cc
Labels:
အိပ်မက်၊ သူမ၊ စိတ်ကူး
Sunday, September 13th, 2009
လေညင်းကို သံစဉ်ညှိရင်း
ဘယ်ဖက်ရင်အုံ စည်းချက်နဲ့ 
သူတို့   ဟာ ရိုးတံကိုမြှင့်ပြီး
အသွေးစုံတဲ့ ပွင့်ချပ်တွေခင်းဖြန့်
ဟော တစ်ပွင့်.....ဟိုမှာ....ဒီမှာ.....တစ်ပွင့်
         နှင်းစက်တွေ တွဲခိုလို့    .........
မြက်ခင်းများ လွင့်ကွယ်ပေး...
ခဏ ကြာရင် သူမလာလိမ့်မယ်။
ပြတင်းတံခါးတွေ ပိတ်ထားကြ
သူမဟာ မျက်ခုံးတွန့်  ကွေးရင်း
အလိုမကျစွာ ညှို့  ယူမယ်ဆို
လူတိုင်းမပါဝင်စေချင်ဘူး။
ဘာစာမှ လာမဖွဲ့   နေနဲ့  တော့
အားလုံးဟာ မြေမှုန်
သူမသည် ငါ ပေါင်းသင်၍
ပျိုးကျဲခဲ့သော အဆိပ်ပင်
ငါပဲ ရေလောင်းပါရစေ။
ဦးပေါင်းတို့   ညွှတ်ကြစမ်း။          ။
အပြာရောင်ကောင်းကင်မှာ
လေနတ်သားနဲ့  အတူ သူမဆံနွယ်တွေ
အောင်လံလွှင့်ထားပြီ
ငါ...............၀ပ်တွားခယလိုက်၏။
ကမ်းပါးယံထက်မှာ ထိုင်ပြီး
တေးသီဆိုသူများက၊ မိုးနဲ့  အတူခုန်ပေါက်ကခုန်
သူမဟာ ထီးတစ်လက်နဲ့  အတူ တွဲလာချိန်
ငါ့ အသိဥာဏ်မြုဆိုင်းနေလားပဲ။
ဒီမှာပါ...အရှင်မ
လိုအပ်သောအချိန်၊ လိုအပ်မယ့် အိပ်မက်တွေကို
                                ဆက်သပါရစေ။
မှော်ဆန်သော သူမဟာ
ကျူးပစ်ကို ရူးစေပြီး
အပြုံးတွေ စိုက်ပျိုးထားလိုက်တာ
ငါ့ ကမ္ဘာမြေမှာ အိပ်မက်စိတ်ကူးတွေနဲ့  အတူ
ကလေးငယ်လို သူမပုံရိပ်တုတွေ
                                               mr.ice(marine)
                                            UN07
                                            MMU နံရံကပ်စာစောင်မှ
--
http://www.phonethantkhant.co.cc
Labels:
လေ
Sunday, September 6th, 2009
သောကြာမီးအိမ်၊ ရင်နှင့်ချိန်စက်
    လှမ်းမျှော်လျှက်က၊ လင်းဖွင့်မမြ
    မှိတ်မှုန်ပြသည်၊ လွမ်းညစီကုံး
    ဤစာထုံးကို ငါရေးဘိ။
ပန်းကား ရွန်းသစ်၊ နုမြစ်လှသည်
    ငါကား မဝေ၊ လေလိုကြွေ၏။
လေတွင်လိပ်ပြာ ၀ဲခိုလာလျှင်
    ငါပြင်းမာန်တင့် လေဟုန်ဖွင့်လည်း
    ပျံလဲ့လိပ်ပြာ ပန်းဆီလာဘိ့၊
    မချိရင်းတွင်း ဖြတ်စီးရင်းမှာ
    မှောင်ဖွင့်သီစို မုန်တိုင်းငိုသည်၊
    ယုံသူရှာဖွေ မတွေ့  ချေကား။
ဝတ်မှုန်ခမ်းခြောက်၊ ၀တ်ရည်ပျောက်သော်
    ငါ့ကိုတို့   ခတ် ဖောက်ထွက်လျှက်ခွာ
    ဝေးလွင့်ရာ၏။
ပန်းငယ်မသိ မှုန်းချယ်ပွင့်သ
    တခဏတာ နတ်မိုက်ရာတွင်
   ရိုးတံညှိုးရော် လှိုက်စားပြိုခ
   ပန်းကြွေကျ၏။
လွင့်ကြထိုးဆင်း ပန်းခြေရင်းဝယ်
    လေညင်းရယ်ခံ နန်းဝယ်စံလော့။
    ထွေးသိပ်တေးဆို မင်းမငိုနှင့်၊
    ရပ်စုံဝဲကာ ဝေနှင်ကျဲလျှက်
   မိုင်ထောင်ဆက်မည် မြေမှုန့်  ၀ုန်းဟုန်း
   ထသည်ထိ။
                                             ဘုန်းသန့်  ခန့်  
                                             UN07
--
http://www.phonethantkhant.co.cc
Labels:
အပြစ်သား.....