Sign Up
lost your password?

Life is a story

Life is a long story. I will wirte one plot after another till it ends.

လူငယ်တစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရာလမ်း

Wednesday, March 26th, 2008

ဒီနေ့ ဒီအချိန်မှာ ငါဟာ သိပ္ပံ နဲ့ နည်းပညာထက် စာပေအနုပညာကို ဘာကြောင့် စိတ်ဝင်စားခဲ့ရတာလဲ၊ အင်ဂျင်နီယာ၊ အိုင်တီပညာရှင်၊ စာရင်းကိုင်စတဲ့ ပရော်ဖက်ရှင်နယ်တွေကို ဘာကြောင့် မရွေးခဲ့ရတာလဲ လို့ နောင်တမရဘူး။
ဘ၀မှာ အာမခံချက်မရှိတဲ့ စာပေအနုပညာကို ရူးသွပ်ခဲ့တယ်။ လေ့ကျင့်ပျိုးထောင်ခဲ့တယ်။ ဆယ်စုနှစ် တစ်ခုကျော်ကြာလာပြီးတဲ့နောက် သက်လတ်ပိုင်းကို ၀င်ရောက်လာတဲ့အချိန် ငါ့မှာ ဘ၀အာမခံချက် မရှိပေမယ့် ငါ ၀မ်းမနည်းဘူး။ လူဆိုတာ ကိုယ်မြတ်နိုးရာ တစ်စုံတစ်ခုအတွက် sacrifice စွန့်လွှတ် အနစ်နာခံနိုင်ရမယ်။

ဒါပေမယ့် အခုအချိန်မှာ နားလည်သဘောပေါက်လာမိတာက ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ငါတို့နိုင်ငံမှာ သိပ္ပံနဲ့ နည်းပညာကို လေ့လာလိုက်စားမယ့် လူငယ်မျိုးဆက်သစ်တွေ အများကြီးလိုအပ်နေတယ်။
တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ သိပ္ပံနဲ့ နည်းပညာက အဓိကကျတယ်။
ဖွံ့ဖြိုးဆဲ၊ ရုန်းကန်နေရဆဲ ငါတို့နိုင်ငံအတွက် အဓိကနဲ့ သာမညကို ခွဲခြားနိုင်ရမယ်။ လမ်းကြောင်းတစ်ခုကို ပီပီပြင်ပြင်ရွေးနိုင်ရမယ်။

ဘာပဲဖြစ်ဖြစ်ပါလေ ကုန်လွန်သွားခဲ့တဲ့ အချိန်တွေအတွက် ကျေနပ်ပျော်ရွှင်မိပါတယ်။
ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ယနေ့မှ စကာ ကြိုးစားရုန်းကန်ရပါဦးမယ်။

အတိတ်ကို ခြေရာကောက်တော့ စာပေအနုပညာအပေါ် ရူးသွပ်ခဲ့သူတစ်ယောက်ရဲ့ သမိုင်းကို မှတ်တမ်းတစ်ခုက ဒီလို သက်သေခံထားပါတယ်။

၁၉၈၁ခုနှစ်မှာ ကျွန်တော်လူဖြစ်လာတယ်။ မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင် ဖတ်နိုင် တဲ့ ပထမတန်းအရွယ်ကတည်းက စတင်ပြီး စာဖတ်တဲ့ဝါသနာ အမြစ်တွယ်လာတယ်။ (၁၉၈၆-၈၇ ခုနှစ်များ)
ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ ဒို့ကျောင်းသား ... ထမင်းမေ့၊ ဟင်းမေ့ ဖတ်ရှုခဲ့ရတဲ့ စာစောင်တို့ရဲ့ နာမည်တွေပါ။

ရုပ်ပြ၊ ကာတွန်း

၁၉၈၈ ကျောင်းတွေပိတ်တော့ ရုပ်ပြစာအုပ်တွေကောင်းကောင်းဖတ်တတ်နေပြီ။
ရုပ်ပြစာအုပ်ရေးသူတွေရဲ့နာမည်ကို မှတ်မိသလောက်ပြန်ပြောရရင် ကာတွန်းအောင်ရှိန်၊ သော်က(အရိုင်း)၊ မြင့်သိန်း(စံရွှေမြင့်)၊ နန်းဦး၊ သန်းထွန်း(ထွန်းမင်းလတ်၊ အပါလွင်)၊ ရာမ၊ လက္ခဏ၊ သီတာ၊ မောင်ငြိမ်းချမ်း(စိုင်းဗေဒါ)၊ မင်းသိုက်၊ တင်မောင်ဝင်း၊ မြင့်ဆွေ(ဒီလုံး၊ မောင်စူပါ)၊ ပိုးဇာ၊ ဆွေမင်း(ဓနုဖြူ)၊ ဧကရာဇ်၊ ဧကရီ၊ မင်းလွင်၊ ဟိန်းမင်းဇာ၊ ငွေကြည်(ရုပ်စုံကမ္ဘာ)၊ ဖေသိန်း(ပုံပမာ)၊ မောင်ဝဏ္ဏ(သမိန်ပေါသွပ်)၊ မိုက်မိုက်(ပြည်)၊ တင်အောင်နီ(ပြာဂလောင်၊ ပြာလချောင်)၊ ကျော်ဖြူစံ(ဗုဒ္ဓ၀င်)၊ ဧရာ၊ ခိုင်တင်(ယခု သရုပ်ဆောင်)၊ အာကာမင်း၊ စိုင်းလားရှိုး၊ နန်းလားရှိုး၊ ကျော်ကျော်(ရာဇာ)၊ အောင်အောင်(ရွှေဂေါင်းပြောင်)၊ မိုကြိုး၊ အရိဒ္ဒမာ ....
ခေါင်းထဲပေါ်လာသမျှ မှတ်မိသမျှသာဖြစ်ပါတယ်။
ငယ်စဉ်က နေ့စဉ်တိုင်း ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်ကနေ ဖတ်ခဲ့သမျှ ရုပ်ပြတွေပါ။
နည်းနည်းစာဖတ်သက်ရလာတော့ ရုပ်ပြဖတ်ရုံတင်အားမရတော့ဘူး။ ၀တ္ထုဖတ်တဲ့အဆင့်မရောက်ခင် မဂ္ဂဇင်းတွေကို ဖတ်ဖြစ်လာတယ်။ မဂ္ဂဇင်းတွေထဲက ကာတွန်း၊ သတင်းနဲ့ ၀တ္ထုတိုတွေကို ဖတ်ဖြစ်ခဲ့တယ်။

ပုံပြင်

၁၉၉၀ နောက်ပိုင်းမှာ ပုံပြင်စာအုပ်တွေကို စဖတ်လာတယ်။ အဘွားပြောပြတဲ့ ပုံပြင်တွေနဲ့တင် မလုံလောက်တော့ဘူး။ တစ်ထောင့်တစ်ညပုံပြင်(သခင်ဘသောင်း) ကို ဖတ်ပြီး သဘောအကျကြီးကျခဲ့တယ်။
မောင်ခေတ်ထွန်း(သားရွှေစင်ပုံပြင်များ၊ တကယ့်သတ္တိပုံပြင်များ)၊ စကားပုံပုံပြင်၊ တစ်ထောင်တန်ပုံပြင်များ၊ ဂရင်းညီနောင်၊ မြန်မာ့ရိုးရာ၊ ဂျပန်ရိုးရာ၊ တရုတ်ရိုးရာ၊ နိုင်ငံတကာပုံပြင်များ၊ ဘုရားဟော နိပါတ်တော်၊ ငါးရာငါးဆယ်ပုံပြင်များ၊ ဓမ္မပဒ၊ ဗုဒ္ဓ၀င် .... ပုံပြင်စာအုပ်တွေကို မိဘတွေကလည်း ၀ယ်ပေးတယ်။ ကိုယ်တိုင်လည်း ၀ယ်ဖြစ်တယ်။

ရုပ်စုံစာစောင်

၁၉၉၅ လောက်မှာတော့ ရတဲ့မုန့်ဖိုးနဲ့ စာအုပ်ဝယ်သိမ်းတဲ့ အကျင့်စွဲနေပြီ။
အဲဒီတုန်းက ကလေးရုပ်စုံစာစောင်တွေ အပြိုင်အဆိုင်ပေါ်လာကြတယ်။ တူဒေးစာအုပ်တိုက်က ပလုတ်တုတ်၊ ပူတူးတူးလေး၊ ကလေးသုတ၊ ကလေးဂျာနယ် စတဲ့ စာစောင်တွေ ဆက်တိုက်ထွက်လာတယ်။ အဲဒီတုန်းက မှတ်မှတ်ရရ မုန့်ဖိုးတစ်ရက်ကို ကျပ် ၂၀ ရတယ်။ စာစောင်တစ်ခုကို ၄၀ ဆိုတော့ ၂ ရက်မုန့်မစားရင် တစ်အုပ်ရတယ်။ ပျော်စရာကြီး။

ဒီကြားထဲမှာ ကြိုကြားကြိုကြားဆိုသလို လုံးချင်း ၀တ္ထုရှည်တွေ ဖတ်ခဲ့တယ်။
၁၉၉၇ ဆယ်တန်းဖြေပြီးတော့ မဂ္ဂဇင်းတွေ ပိုဖတ်ဖြစ်လာတယ်။ မဟေသီနဲ့ ရွှေအမြုတေကို အဲဒီတုန်းက အကြိုက်ဆုံး။ ကြော်ငြာနဲ့ ဈေးဝယ်လမ်းညွှန်၊ မြားနတ်မောင်၊ မြင်ကွင်း၊ အပျိုစင်၊ သောင်းပြောင်းထွေလာ ရယ်စရာ အဲဒီမဂ္ဂဇင်းတွေ အများဆုံးဖတ်ဖြစ်တယ်။

အင်္ဂလိပ်စာ စာစောင်

အင်္ဂလိပ်စာတိုးတက်ချင်လို့ International, English for all, Light, The Best, Top, GEM စာစောင်တွေကိုလည်း ဖတ်ဖြစ်ခဲ့တယ်။
International magazine က အင်္ဂလိပ်စာတိုးတက်စေသလို၊ ကမ္ဘာ့စာပေနဲ့လည်း မိတ်ဆက်ပေးခဲ့တယ်။
၁၉၉၇ အကုန်မှာ ကွန်ပျူတာ စသင်တော့ ကွန်ပျူတာဂျာနယ်၊ ပီစီဝေါလ်မြန်မာ၊ Graphic Guide (Forever)စာစောင်တွေကို ဖတ်ခဲ့တယ်။

တက်ကျမ်း

အဲဒီကာလမှာ ခေတ်စားလာတဲ့ တက်ကျမ်းလို့ အလွယ်တကူ ခေါ်တဲ့ ဘ၀အောင်မြင်ကြီးပွားတိုးတက်ရေး စာအုပ်တွေကိုလည်း ဖတ်ဖြစ်ခဲ့တယ်။ ချစ်စံဝင်း၊ ဖေမြင့်၊ ဒေါက်တာမတင်ဝင်း၊ ချစ်နိုင်(စိတ်ပညာ)။ အဲဒီအထဲမှာ ဖေမြင့်ရဲ့ နှလုံးသားမေတ္တာအာဟာရ၊ ဒေါက်တာမတင်ဝင်းရဲ့ လူငယ်များနဲ့ စကားပြောခြင်း၊ ချစ်နိုင်ရဲ့ ချစ်လို့ပြောတာမှတ်ပါ စာအုပ်တွေကို သဘောကျနှစ်ခြိုက်ခဲ့တယ်။
စီမံခန့်ခွဲမှုဘာသာရပ်ဆိုတာကိုလည်းစိတ်ဝင်စားပြီး ခင်မောင်ကြွယ်(ဘောဂဗေဒ)၊ ကြည်မင်းတို့ရဲ့ စာအုပ်တစ်ချို့ကို လေ့လာဖြစ်တယ်။
စိတ်ပညာကို စတင်စိတ်ဝင်စားလာပြီး ဒေါက်တာကျော်စိန်၊ ခင်မောင်သန်း(စိတ်ပညာ)နဲ့ ဦးအေးမောင်တို့ရေးတဲ့ စာအုပ်တွေကို ဖတ်ဖြစ်တယ်။

ဂျာနယ်

၁၉၉၇ မှာ သတင်းဂျာနယ်တွေ မြန်မာစာပေလောကမှာ အပြိုင်းအရိုင်းဖြစ်လာတယ်။
လျှပ်တပြက်၊ မျိုးဆက်၊ ပြည်မြန်မာ၊ သတင်းလွှာ၊ ပေါ်ပြူလာ၊ အလင်းတန်း၊ အချစ်၊ သတင်းစုံ၊ မှုခင်းသတင်း ....။ သတင်းစာထဲမှာ သတင်းခေါင်းစီးတွေနဲ့ ကြော်ငြာထားတာဖတ်ရုံနဲ့ ပြေးဝယ်ချင်စိတ်ပေါက်နေတော့တယ်။

လုံးချင်း ၀တ္တုရှည်

လုံးချင်းတွေကို စွဲသွားတာက လွန်းထားထားရဲ့ စာအုပ်တွေကနေ စတယ်။ ကလျာ(၀ိဇ္ဇာ၊ သိပ္ပံ)ရဲ့ လျှို့ဝှက်သည်းဖိုတွေ ကြိုက်ခဲ့တယ်။ ဆွေလှိုင်ဦးရဲ့ ဘခက်ကို စိတ်ဝင်စားလာတယ်။ အဲဒီနောက်ပိုင်းမှာ ဂျူး၊ မင်းလူ၊ မြနှောင်းညို သူတို့စာအုပ်တွေကို အများဆုံးဖတ်ဖြစ်ခဲ့တယ်။
၁၉၉၇-၁၉၉၈ မှာ ၀တ္ထုရှည်တွေ အများကြီးဖတ်ဖြစ်ခဲ့တယ်။
သိန်းဖေမြင့်(တက်ခေတ်နတ်ဆိုး)၊ ဒဂုန်တာရာ(မေ)၊ ကြည်အေး(မေတ္တာမီးအိမ်၊ နွမ်းလျအိမ်ပြန်)၊ ဂျာနယ်ကျော်မမလေး(စိတ်)၊ ရန်ကုန်ဘဆွေ(သေသော်မှတည့် သြော်ကောင်း၏)၊ မင်းဆွေ(ဓါး)၊ တက္ကသိုလ်ဘုန်းနိုင်(သူ့ကျွန်မခံပြီ၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ)၊ ခင်နှင်းယု(ယဉ်မင်းပိုက်၊ ကုသိုလ်ကြမ္မာမမီပါခဲ့)၊ သော်တာဆွေ(ဘ၀ထိုထို၊ မခင်နှင်းဆီ)၊ ဂျူး(ပင်လယ်နှင့်တူသော မိန်းမများ၊ မြစ်တို့၏
မာယာ)၊ ငြိမ်းကျော်(ခုတော့လည်း သူစိမ်းတွေလိုပါပဲလား)၊ မင်းလူ(မိညီမ၊ အချစ်ရူးကြီးရူးတော့သည်)၊ နွမ်ဂျာသိုင်း(အိပ်မက်နှင်းတို့ မပြယ်မီ)၊ မြနှောင်းညို(ပန်းကြွေပွင့်ပုံပြင်၊ ငွေဗျိုင်းဖြူလေးဖြစ်ချင်သည်)၊ မင်းသိင်္ခ(ပုဏားဘကွန်း)၊ ၀င်းဝင်းလတ်(အချစ်၏နောက်ဆက်တွဲစာမျက်နှာ)၊ တာရာမင်းဝေ(အရှေ့မြို့ရိုးမှ မိုးရေစက်များ)၊ မစန္ဒာ(တိမ်ဖုံးပါလို့ လမသာ၊ နှင်းဆီ၊ ပန်းစကား)၊ နေနော်(ဆုံမှတ်တစ်ခုမှ ဝေးရာဆီ)၊ မြသန္တာ(မီးခြားလမ်း)၊လွန်းထားထား(ပေါက်ကွဲသံစဉ်)၊ လမင်းမိုမို(အမှောင်ထဲမှာ)၊ နုနုရည်(အင်းဝ)(မရဲတရဲ ဘာဝယ်မလဲရှင့်)၊ မောင်ကိုကို(အမရပူရ)(ရက်စက်သူ)၊ စိုးမြတ်သူဇာ(မောင့်အတွက်၊ အချစ်စစ်စစ်များ)..........။
အဲဒါတွေက စွဲကျန်နေတဲ့ စာအုပ်တွေထဲက အချို့................။

ဝတ္တုတို

အဲဒီနောက်ပိုင်း ၀တ္တုတိုပေါင်းချုပ်စာအုပ်တွေ ၀ယ်ဖတ်ဖြစ်တယ်။
ဖေမြင့်(လူသုံးကုန်ပစည်းရောင်းသူများ)၊ သုခ၏ ၀တ္တုတိုများ၊ မစန္ဒာ၏ ၀တ္တုတိုများ၊ မဟူရာ(လွိုင်ကော်)၏၀တ္တုတိုများ၊ ၁၉၉၇ ခံစားသူအကြိုက်မဂ္ဂဇင်းဝတ္တုတိုများ၊ ဂျူး၏ ၀တ္တုတိုများ(ကောင်းကင်မပါသောည၊ ရာဇ၀င်ထဲမှာ မောင့်ကိုထားခဲ့၊ ချစ်ခြင်းအနုပညာ၊ ကျွန်မချစ်သော ယောကျာ်းများ)၊ မိုးမိုး(အင်းလျား) ၀တ္တုတိုများ ၁ ၂၊ သိန်းဖေမြင့် ၀တ္တုတိုပေါင်းချူပ်သစ်(ရာပြည့်စာအုပ်တိုက်) ....။

မဂ္ဂဇင်း စာမျက်နှာတွေပေါ်က ၀တ္တုတို ဆရာတွေရဲ့ လက်ရာတွေကိုလည်း စောင့်ဖတ်ဖြစ်တယ်။
နေ၀င်းမြင့်၊ ကျော်ရင်မြင့်၊ ဆူးငှက်၊ ကိုငြိမ်း(မန္တလေး)၊ မောင်ကိုကို(အမရပူရ)၊ ဆောင်းဝင်းလတ်၊ ဖေမြင့်၊ မောင်ညိုပြာ၊ တာရာမင်းဝေ၊ မင်းခိုက်စိုးစန်၊ အေးမင်းစော၊ ကြူးနှစ်၊ ညီပုလေး၊ အဏ၀ါစိုးမိုး၊ ၀သုန်၊ မောင်သင်းထုံ(ကျောက်မဲ)၊ ပေါ်ဦးသစ်၊ ဂျိုဇော်၊ နိုင်ဇော်၊ ပိုင်စိုးဝေ၊ ကျော်စွာထက်၊ မင်းလူ၊ ကံချွန်၊ သုမောင်၊ နေမျိုး၊ တပေါင်း(ညောင်ဦး)၊ ခြိမ့်သဲ၊ မောင်လှမျိုး(ချင်းချောင်းခြံ)၊ ဂျူး၊ မိချမ်းဝေ၊ ခင်ခင်ထူး၊ ခက်မာ၊ မေငြိမ်း၊ မို့ချာ၊ ခင်ဆွေဦး၊ သရ၀ဏ်(ပြည်)၊ နန္ဒာစိုး(ဆင်ဖြူကျွန်း)၊ အေးဧရာမွန်(သချာင်္)၊ မ၀င့်(မြစ်ငယ်)၊ ၀င်းဝင်းမြင့်(နန်းတော်ရှေ့)၊ ငြိမ်း(ရွှေလီ)၊ ယဉ်မင်းဦး(ဆေးတက္ကသိုလ်)၊ သွန်းနှင်းအိမ်၊ သင်းသင်းသာ၊ ညိုခက်ကျော်၊ ရာသက်ပန်(တောင်ငူဆောင်)၊ ယုဒါ၊ နုနုရည်(အင်းဝ)၊ မကို၊ မေမောင်၊ မခင်လေး(ရန်ကုန်တက္ကသိုလ်)၊ ၀င်းဝင်းလတ်...............။

ကဗျာ

ငယ်ငယ်တုန်းက ဖေဖေက ကလေးကဗျာစာအုပ်လေးတစ်အုပ်ဝယ်ပေးဖူးတယ်။ ရေးသူရော၊ စာအုပ်နာမည်ကိုပါမေ့သွားပြီ။ ရေးသူက သရုပ်ဆောင် ဦးဝင်းဦးရဲ့ ညီတစ်ယောက်လို့တော့ ခပ်ရေးရေးမှတ်မိနေတယ်။
ခေတ်ပေါ်ကဗျာတွေကို စိတ်ဝင်စားစွာ ခံစားဖတ်ရှုဖြစ်ခဲ့တယ်။
၁၉၉၇ လက်ရွေးစင် မဂ္ဂဇင်း ကဗျာများ စာအုပ်ကို ကြိုက်ခဲ့တယ်။
မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ သောကခြေရာ ရတနာကဗျာတွေကို အထပ်ထပ်အခါခါ ဖတ်ခဲ့တယ်။
မဂ္ဂဇင်းစာမျက်နှာပေါ်တွေက ခရမ်းပြာထက်လူ၊ အေးမင်းစော၊ မောင်ကိုကို(အမရပူရ)၊ အောင်ဝေး၊ နရီမင်း၊ ပိုင်၊ နောင်၊ သုခမိန်လှိုင်၊ သိန်းဇော်၊ မြင့်သန်းတို့ကဗျာတွေကို သတိထားမိတယ်။

အဲဒီအချိန်တွေမှာ စာအရမ်းရေးချင်နေပြီ။
စာရေးဆရာကြီး အရမ်းဖြစ်ချင်နေပြီ
စာအုပ်တွေနဲ့ပဲ ငါလူလုပ်တော့မယ်တွေ ဖြစ်နေခဲ့ပြီ။
စာအုပ်တွေက ငါ့ ဘ၀ ဖြစ်လာပြီ။

အဲဒီနောက်ပိုင်းမှာ စာပေသဘောတရားနဲ့ သက်ဆိုင်တဲ့စာတွေကို ရှာဖတ်ကြည့်မိတယ်။
စာပေသဘောတရားများ၊ ၀ါဒများ၊ အယူအဆများ၊ သဘောထားကွဲလွဲမှုများ၊ မော်ဒန်၊ ပို့မော်ဒန်၊ ရီရယ်လစ်ဇင်....။ လိုက်လေ ဝေးလေ။

အထ္ထုပ္ပတ္တိစာအုပ်များ

အဲဒီစာအုပ်တွေလည်း စာရေးချင်စိတ်ကို တွန်းအားပေးတယ်။ ၁၉၉၄ တုန်းက ဖတ်ခဲ့တဲ့ လူထုဒေါ်အမာရဲ့ ကျမတို့ငယ်ငယ်တုန်းက၊ မန္တလေးသူ၊ မန္တလေးသားများ စာအုပ်တွေက စာရေးချင်စိတ်ကို ကောင်းကောင်းလှုံ့ဆော်ခဲ့တယ်။
တက္ကသိုလ်စိန်တင်ရေးတဲ့ ထင်ရှားသူ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အ
အထ္ထုပ္ပတ္တိစာအုပ်တွေကိုလည်း ဖတ်ခဲ့တယ်။ (ပုဂံဗိုလ်ချို၊ အနော်ရထာ) လင်းယုန်မောင်မောင်ရေးတဲ့
အထ္ထုပ္ပတ္တိစာအုပ်တွေကိုလည်း ကြိုက်ခဲ့တယ်။

ဒီလိုနဲ့ ကျွန်တော်လည်း အသက် ၂၀လောက်မှာ စာကြမ်းပိုးတစ်ကောင်ဖြစ်လာခဲ့ပြီး စာပေမှ စာပေ....။ စာပေအနုပညာထဲမှာ ဘ၀ကို မြှုပ်နှံလိုက်တော့မယ်ဆိုပြီး လေတစ်လုံး မိုးတစ်လုံးဖြင့် နောက်ထပ် နှစ်အနည်းငယ်အကြာမှာ ရန်ကုန်မြို့ စာပေလောကကြီးထဲကို အမှန်ကတယ် ရောက်ရှိသွားသော အခါ ...............................................................................................................။

http://www.lynnluaye.blogspot.com/

လင်းလူဧ

Labels:

ကျွန်တော့်ရဲ့ ဘလော့ဂ်

Tuesday, March 25th, 2008

Blogger.com မှာလည်း ကျွန်တော် ဘလော့ဂ်တစ်ခု လုပ်ထားပါတယ်။

စုဗူးက သူငယ်ချင်းတွေ ကြုံရင် ၀င်လည်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

လိပ်စာကတော့......

http://lynnluaye.blogspot.com/ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Labels:

လမ်းခွဲ

Monday, March 24th, 2008

လမ်းခွဲတစ်ခုမှာ ငါက ငြိမ်သက် ရပ်တန့်ကျန်နေခဲ့သူလား။

မဟုတ်ပါ။

လမ်းခွဲတစ်ခုသည် ဆူဝေလှုပ်ရှားလွန်းလှသည်။

အိမ်ပြန်ရတော့မည်။ အိမ်ပြန်ရောက်ရင် ဘာတွေသွားလုပ်မလဲ။ နံပါတ်စဉ်ထိုး တစ်၊ နှစ်၊ သုံး၊ လေး။ IELTS ဖြေမယ်။ နောက်ထပ် သုံးလအတွင်း။

Web Developing သင်တန်းတွေ တက်မယ်။ ဒါဆို ရန်ကုန်မှာ နေရမယ်။ 

ရန်ကုန်မှာ အခန်းပြန်ရှာ၊ ဒါမှမဟုတ် အဆောင်ပြန်ရှာ။ နောက်ထပ် ၆ လလောက်ပြန်ပြင်ဆင်ပြီးမှ နောက်တစ်ခေါက်ထပ်လာ။

အခုပြန်ရောက်ရောက်ချင်းတော့ မန္တလေးသွားမယ်။ ပြီးရင်း ဟိုးဇာတိရောက်အောင် ပြန်ဖို့ မပြန်ဖို့ မသေချာသေးပါဘူး။ အချိန်တွေ မကုန်ချင်ဘူးကွာ ဆက်ပြီးတော့။

ကြားထဲမှာ စာဖတ်ရဦးမယ်။ ဒီမှာ လျှောက်ထားတဲ့ ကျောင်းတစ်ခုက ၀င်ခွင့်ဖြေရလိမ့်မယ်။ ရန်ကုန်မှာ။ ဘယ်တော့လဲဆိုတာ အကြောင်းကြားတာကို စောင့်ရမယ်။ အဲဒါ အဆင်ပြေရင် သြဂုတ်လ မတိုင်ခင် ပြန်လာနိုင်မယ်။

မဟုတ်ရင် နောက်ထပ် ကျောင်းတစ်ခုက အောက်တိုဘာလမှာ ဖွင့်မယ်။

ဒီကြားထဲအချိန်တွေမှာ ၀က်ဘ် ဒီပလော့ပင်းပိုင်း သင်တန်းတက်မယ်။

ငါ အဲဒီလိုင်းကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလား။ နောက်ထပ် ဘယနှနှစ်ကြာအောင် သင်ယူရဦးမလဲ။ နောက်ထပ် ဘယ်နှနှစ်ကြာရင် အသီးအပွင့်ခံစားရမလဲ။

စိတ်လေတယ်။ ဒီအသက်ဒီအရွယ်အထိ ငါဟာ ဘာကောင်မှ မဟုတ်သေးဘူး ဘ၀မှာ ဘာမှလည်း ဖြစ်မလာသေးဘူး။

ကြိုးစားရမယ်။ အတိတ်ကအမှားတွေကို သင်ခန်းစာယူပြီး ရှေ့ဆက်ကြိုးစားရမယ်။ ဘာတွေမှားခဲ့သလဲ။ ဘာတွေ လွဲခဲ့သလဲ။

ဒီကိုပြန်လာဖို့အတွက် Technical skill တစ်ခုခုမရှိထားလို့မဖြစ်။ ကိုယ့်မှာက ဒီအသက်ဒီအရွယ်အထိ ဘာတစ်ခုမှ ဟုတ်ဟုတ်ငြားငြားမရှိ။ ပြီးရင် ဖင်ကောင်းက ကျယ်ချင်သေးတယ်။ ဂျီးများသေးတယ်။ ဟိုဟာ မလုပ်ချင်။ ဒီဟာ မလုပ်ချင်။ အလုပ်ကိုလည်း အဆင့်မြင့်မြင့်လုပ်ချင်သေးတယ်။ ရုံးအလုပ်မှ၊ အလုပ်ကြမ်းမဟုတ်မှ။ ဖလိုင်ယာစာရွက် ဝေတဲ့ အလုပ်မျိုးကိုတောင် သိမ်ငယ်တဲ့အလုပ်လို့ထင်တဲ့ကောင်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတာကို မေ့နေတယ်။

နံပါတ်တစ်စဉ်းစားတာက အိမ်မပြန်ရဘဲ ဒီမှာ ဆက်နေလို့ရအောင် ပရိုက်ဗိတ်ကျောင်းတက်လိုက်မယ်ဆိုပြီး။ တက်စရာက စာရင်းကိုင်ပဲ အဆင်ပြေတယ်။ စာရင်းကိုင်ဆိုတာကလည်း ဘာမှမသိခဲ့။ စိတ်လည်းမ၀င်စား။ ဒီမှာ စတေးရဖို့တစ်ခုတည်းအတွက်ဆိုရင် ပိုက်ဆံ ၃၀၀၀ အကုန်မခံချင်ဘူးဆိုပြီး အဲဒီအစီအစဉ်ကို စွန့်လွှတ်။

နောက်တစ်ခု ၀ိုင်းအကြံပေးကြတာက အော်တိုကတ်သွားသင်လာခဲ့တဲ့။ ဒါလည်း ကိုက အင်ဂျင်နီးယားရင်း ဘက်ဂရောင်းက မရှိ။ ဒီမှာလည်း သူများအော်တိုကတ်တိုင်း လိုက်ကတ်ကြလို့ များနေပြီ။ တစ်ချို့လည်း ပြေ။ မပြေသူလည်းရှိ။ လခကလည်း တစ်ထောင်ဝန်းကျင်သာ။ တကယ်မကျွမ်းကျင်ပြန်ရင် တက်လမ်းက မသေချာ။

နောက်ဆုံးတော့လည်း ငယ်ချစ်လို့ပဲပြောရမလား။ ငယ်ကြောက်လို့ပဲ ပြောရမလား။ အိုင်တီလိုင်းဘက် ပြန်လိုက်ဖို့ ...။

အခုအချိန်မှာတော့ မရတော့ဘူး။ စိတ်မ၀င်စားလည်း စိတ်ဝင်စားအောင်လုပ်ကိုလုပ်ရတော့မယ်။

အခုအချိန်ဟာ ငါ့အတွက် ထွက်ပေါက်။ ငါ့အတွက် လမ်းခွဲတစ်ခု။ ဒီထက် အောင်မြင်တိုးတက်တဲ့ ဘ၀တစ်ခုဆီသွားရာ လမ်း။ နောက်ဆယ်နှစ်အတွက် ဘယ်လိုပြင်ဆင်မလဲ။

စာရေးဆရာကြီး၊ သတင်းထောက်ကြီး အင်မတန်ဖြစ်ချင်ရှာခဲ့သော ....။ အခုနောင်တရနေပြီလား။ နိုးပါ။ အိတ္ဇမ္ဘယ္ပါ။ စိုင်းစိုင်းခမ်းလှိုင်ပါ။ အဲ.... ဘယ်တွေ ရောက်ကုန်ပြီလဲ။

နယ်ပြန်ပြီးဈေးမရောင်းချင်တဲ့ကောင်၊ နိုင်ငံခြားထွက်ပြီး အလုပ်ကြမ်းမလုပ်ချင်တဲ့ကောင်၊ မလုပ်နိုင်တဲ့ကောင်၊ ပညာတတ်ကြီးလုပ်ပြီး ပညာနဲ့ လိပ်ပြာသန့်စွာ အသက်မွေးချင်တဲ့ကောင်။ ရွေးလိုက်တဲ့ လမ်းကြောင်းက သတင်းနဲ့စာနယ်ဇင်း၊ စာပေနဲ့အနုပညာ။ နိုင်ငံခြားမသွားဘူး ပြည်တွင်းမှာပဲ နေမယ်ဆိုပြီး....။ နိုင်ငံကျော် ဘက်ဆဲလား စာရေးဆရာကြီးလုပ်မယ်ရယ်လို့ မာန်တင်းထားသူကြီးက ဘ၀တစ်ကွေ့မှာ ပိုက်ဆံရှာရန် အလို့ငှာ နိုင်ငံခြားဆိုတာကြီးကို ကားရာကားရားရောက်သွားသောအခါ.... ဒန်တန်တန်။

ဘ၀မှာ ဖင်ကောင်းကျယ်ခဲ့ဘူးတယ်။ မာနတွေ ကြီးခဲ့ဘူးတယ်။ တလွဲတွေ ဆံပင်ကောင်းခဲ့ဘူးတယ်။ နောက်ဆုံးတော့ အဲဒါတွေက ကိုယ့်အတွက် မကောင်းဘူးဖြစ်သွားတယ်။ ဟုတ်လား။ ငယ်တုန်းရွယ်တုန်း အနာခံနိုင်တုန်းမှာ ပြင်းပြင်းထန်ထန်ကြိုးစားထားကာမှ တော်ကာကျမယ်။

ကဲ...ကြည့်စမ်း။ ငါ ခုထိ ဒီတောင်ကို မကျော်နိုင်သေးဘူး။ ခုထိ မိဘဆီက လက်ဖြန့်တောင်းနေရဆဲ။ ငါကွာ။

အချိန်မီပါသေးတယ်။

ဖင်ကောင်းတွေဇွတ်ကျယ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ် ကွန်ပျူတာစသင်တော့ ပရိုဂရမ်မင်းမတ်လည်း လူလုပ်လို့ရတယ်။ တရုတ်စာ မတတ်လည်း လူလုပ်လို့ရတယ်။ ငါလုပ်ချင်တာ ငါလုပ်မယ်။ ငါ စိတ်ဝင်စားတာ ငါလုပ်မယ်။ ငါဝါသနာပါရာ ငါလုပ်မယ်။

ခုတော့...။ နောင်တလား။ မရဘူး။

ဘယ်လို ရှေ့ဆက်မလဲ။ အဲဒါတစ်ခုပဲ ငါ့အတွက် အရေးပါတယ်။

လမ်းခွဲတစ်ခုသည် မီးတောင်တစ်လုံးကဲ့သို့ လှုပ်ရှားနေပါသည်။

 

 

Labels: Memior

မငိုပါနဲ့ (၀တ္ထုတို)

Wednesday, March 19th, 2008

ရွှေအမြုတေ၊ teen နဲ့ အလင်းတန်းဂျာနယ်တွေကို အွန်လိုင်းမှာ ဖတ်လို့ရပါပြီ။ လိပ်စာက http://shweamyutay.com ဖြစ်ပါတယ်။

မတ်လထုတ် teen မှာပါတဲ့ ကျွန်တော့် ၀တ္ထုတိုကို အခု ပြန်တင်ထားပါတယ်။

စုဗူးထဲက သူငယ်ချင်းတွေ အားလုံးကို ဖတ်စေချင်လို့ပါ။

=================================================

မငိုပါနဲ့  by လင်းလူဧ

================================================= 

 

မနက်ဖြန် နံနက် နေရောင်လာတဲ့အချိန်မှာ ပိုပြီးနေသာသွားလိမ့်မယ် ကလေး... ဒါကြောင့် ဒီည မငိုပါနဲ့လား ဒါကြောင့် ဒီည မငိုပါနဲ့လား ဒါကြောင့် ဒီည မငိုပါနဲ့လားကွယ် မင်းဦးခေါင်းထက်မှာ ကောင်းကင်ဘုံဟာ ရှိနေတယ်။

ဒါကြောင့် မငိုပါနဲ့ ဒီည မငိုပါနဲ့' အဲဒါ Gun N Roses ရဲ့ သီချင်းတစ်ပုဒ်ပဲ။ အဲဒီသီချင်းကို အင်တာနက်ထဲကနေ ရတယ်။ အဲဒီနေ့ဟာ မတ်လရဲ့ လဆန်းရက်တစ်ရက်။ မန္တလေးကနေ ရန်ကုန်ကို ထွက်မလာခင် တစ်ရက်လေ။ နောက် ရက် နံနက် ၄ နာရီ ရထားနဲ့ ရန်ကုန်ကို ထွက်လာရတော့မယ်။

အဲဒီညနေက စူးစူးနဲ့ လမ်း ၈၀ ပေါ်က အင်တာနက်ဆိုင်တစ်ခုမှာ ချိန်းထားခဲ့တယ်လေ။ ကျွန်တော်က ထုံးစံအတိုင်း နောက်ကျတယ်ပေါ့။ ၁၅ မိနစ်လောက် နောက်ကျပြီးမှ ရောက်သွားတယ်။ ရုံးမှာ လက်စသတ်စရာလေးတွေကို အပြီးသတ်နေရလို့ပါ။သူက ခွဲရမှာအတွက် ၀မ်းနည်းနေတာရယ်၊ နောက်ကျတာရယ် ပေါင်းပြီး စိတ်ထိခိုက်နေတယ် ထင်ပါရဲ့။ ကျွန်တော် ရောက်သွားတော့ ကွန်ပျူတာ မော်နီတာရှေ့က ကီးဘုတ်ခုံပေါ်မှာ မျက်နှာကို ငုံ့ရင်း မျက်ရည်ကျတယ်။ ကျွန်တော် ဘာပြောရမှန်း မသိဘူး။ ဘယ် လို စကားစရမှန်း မသိဘူး။ ကျွန်တော့်ရင်ထဲမှာ လည်း ၀မ်းနည်းကြေကွဲနေတယ်။ မော်နီတာပေါ်က ဂူဂဲလ်ရှာဖွေရေးစက်မှာ Don't Cry ဆိုတဲ့ စာသားကို ရိုက်ထည့်လိုက်တဲ့အခါ ၀က်ဘ်ဆိုက် ပေါင်းများစွာကို ဂူးဂဲလ်က စာရင်း လုပ်ပေးတယ်။ အဲဒီဝက်ဘ်ဆိုက်တွေထဲက ထိပ်ဆုံးမှာ ပေါ်နေတဲ့ ဆိုက်တစ်ခုကို ကလစ်နှိပ်လိုက်တဲ့အခါမှာ Gun N Roses ရဲ့ Don't Cry ဆိုတဲ့ သီချင်း စာသားထွက်ကျလာတယ်။ 'ငါ့ကို တိုးတိုးကလေး ပြောလေ မင်းမျက်လုံးထဲက တစ်စုံတစ်ရာကို ကြေကွဲမှုနဲ့ အဲဒီလို ခေါင်းငုံ့မနေပါနဲ့ ပြီးတော့... ငိုလည်း မငိုလိုက်ပါနဲ့ မင်းရင်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာ ငါ သိပါတယ်..' အဲဒါကို ပရင့်နှစ်ရွက်ထုတ်ပြီး ထိပ်မှာ လက်မှတ်နဲ့ ရက်စွဲကို ထိုးလိုက်တယ်။ ပြီးတော့ တစ်ရွက်ကို လှမ်းပေးတော့ သူက 'ဘာလဲ'လို့ ခပ်တိုးတိုး ပြောတယ်။ 'ဖတ်ပြီး သိမ်းထားဖို့' တစ်ရွက်ကိုတော့ ကျွန်တော် ယူထားလိုက် တယ်။ '... ငါ့ကို တိုးတိုးပြောလေ ငါ့ကို အရိပ်အယောင်တော့ ပြကွာ ဂွတ်ဘိုင်လို နှုတ်ဆက်စကားမဆိုခင် ငါ့ကို အနမ်းတစ်ခုတော့ ပေးပါ ဒါကို ပြင်းပြင်းထန်ထန် မခံစားပါနဲ့လား ပြီးတော့ ဆိုးဆိုးရွားရွား မတွေးပါနဲ့လား မင်းကို ငါ အမြဲသတိရနေမှာပါ ငါတို့ အတူရှိခဲ့တဲ့ အချိန်တွေကိုရောပေါ့နော် ကလေး' အဲဒီအခါမှာတော့ သူ အငိုတိတ်သွားပါပြီ။ ငိုတာကို မချော့တတ်တဲ့ ကျွန်တော့်အတွက် အင်တာနက်က ကူချော့ပေးလိုက်သလိုပါပဲ။ဒီည မငိုပါနဲ့လား 'မင်းကို ငါ ချစ်နေဆဲပါ ကလေး ဒီည မငိုပါနဲ့လား ဒီညတော့ မငိုပါနဲ့လားကွယ် မင်းရှေ့မှာ နတ်ဘုံနတ်နန်းတစ်ခု ရှိနေသားပဲ ဒါကြောင့် ဒီညတော့ မငိုပါနဲ့...' အင်တာနက်ဆိုင်မှာ ပိုက်ဆံရှင်းပြီး ကျွန်တော်တို့ ထွက်လာခဲ့ကြတယ်။ မန္တလေး ကန်တော်ကြီး အနောက်ခြမ်း၊ သစ်ပင်ရိပ်တွေ အောက်က ခုံတန်းတွေဆီကို။ ညနေတိုင်း လာနေကျ ကျွန်တော်တို့ရဲ့ နေရာလေ။ မင့်မားပြီး အုပ်ဆိုင်းတဲ့ ပင်မြင့်ပင်စောက် တစ်ပင်အောက်မှာ ၀င်ထိုင်ဖြစ်တယ်။ သူ မျက်ရည် မခြောက်သေးတဲ့ မျက်ဝန်း တွေနဲ့ ကျွန်တော့်ကို ကြည့်တယ်။ 'ဘာကြောင့် ရန်ကုန်ကို သွားမှာလဲ။ စူးစူး ကို တကယ်ချစ်တယ်ဆိုရင် စူးစူးကို ခွဲပြီး ဘာ ကြောင့် ရန်ကုန်ကို သွားနေဦးမှာလဲ။ ဒီမှာပဲ နေ ပါ။ ဒီမှာပဲ အလုပ်လုပ်ပါလားဟင်' ကျွန်တော် ဘယ်လို ပြန်ဖြေရမှာလဲ။ သူ့ကိုချစ်လျက်နဲ့ ချစ်သူနဲ့ခွဲပြီး ရန်ကုန်မှာ ကျွန်တော် ဘာသွားလုပ်မှာလဲ။ မန္တလေးမှာ ဘာကြောင့် မနေချင်ရတာလဲ။ ငိုင်တွေနေတဲ့ ကျွန်တော့်ကို သူ အတင်း အကျပ် မမေးပါဘူး။ 'ရန်ကုန်မှာ အလုပ်လုပ်ချင်တယ်ဆိုတာ ရန်ကုန်မှာ ပိုပြီး အတွေ့အကြုံတွေ၊ ပညာတွေ ရမယ်လို့ ထင်တယ် မဟုတ်လား။ ရန်ကုန်ကို အထင်ကြီးတယ် မဟုတ်လား။ ရန်ကုန်မှာ ပိုပြီး ပျော်မယ်လို့ ယူဆတယ် မဟုတ်လား' သူ့မေးခွန်းတွေကို သူ့ဘာသာ သူ ပြန်ဖြေ နေတယ်။ 'သူ့ကို စိတ်မချဘူးကွယ်။ ရန်ကုန်က မိန်းကလေးတွေနဲ့ တွေ့တဲ့အခါ ဒီကကို မေ့သွားမှာ လား' 'ကိုယ်က အဲဒီလိုလူလားကွာ။ သိရဲ့သားနဲ့။ ဘာမှ စိတ်မချဖြစ်မနေနဲ့။ ဘာမှ စိတ်ပူမနေနဲ့။ ကိုယ့်ကို ယုံတယ် မဟုတ်လား။ ကိုယ်ကလည်း စူးစူး စိတ်ဆင်းရဲရမယ့်ကိစ္စတွေ ဘာတစ်ခုမှ မလုပ်ဘူး။ ကိုယ့်ကို ယုံကြည်ပေးပါ' ကျွန်တော့်စကားဆုံးတော့ သူ ကျွန်တော့် မျက်နှာကို တွေတွေကြီးစိုက်ကြည့်ပြီး မျက်ရည် တွေ ကျလာပြန်တယ်။ 'စူးစူးရယ် မငိုပါနဲ့၊ မငိုပါနဲ့' ကျွန်တော့်ရင်ခွင်ထဲကို သူ့ကိုယ်လုံးလေးကို ဆွဲထည့်ပြီး ထွေးပွေ့ရင်း မျက်ရည်တွေကို သုတ် ပေးမိတယ်။ 'ဘာလို့ ငိုတာလဲဟင်။ ဘာလို့ ငိုတာလဲ။ ကိုယ်နဲ့ခွဲရမှာကို ၀မ်းနည်းလို့လား။ ဒါမှမဟုတ် စိတ်မချလို့လား' မျက်ရည်တွေ စီးကျနေသော သူ့ပါးပြင်ကို ကျွန်တော့်ပါးပြင်နဲ့ကပ်ပြီး ကျွန်တော် တိုးတိုးမေး မိတယ်။ 'နှစ်ခုစလုံးပေါ့' 'ခွဲတယ်ဆိုတာ ခဏပါကွာ။ ကိုယ်တို့ ပြန်ဆုံ နိုင်အောင် အမြဲကြိုးစားကြမယ်နော်။ ရန်ကုန် သွားတယ်ဆိုတာကလည်း ကိုယ် အပျော်သွား တာမှ မဟုတ်တာ။ ကိုယ့်ဘ၀အတွက် ကိုယ့် တိုးတက်မှုအတွက် သွားတာပါ။ 'ပြီးတော့ ကိုယ့်ကို စိတ်မချဘူးဆိုတဲ့ အတွေးကိုလည်း ခေါင်းထဲက ထုတ်ပစ်လိုက်။ အဲဒါ ကိုယ့်ရဲ့သိက္ခာကို မယုံကြည်ရာရောက် တယ်။ ကိုယ့်ကို စော်ကားရာရောက်တယ်လို့ စူးစူး တွေးမိရဲ့လား' 'မဟုတ်ပါဘူး။ အဲဒီလို သဘောမျိုး မဟုတ်ပါဘူး ကိုရယ်' 'ယောက်ျားလေးတွေ ပေးနေကျ အကြောင်းပြချက်တစ်ခုဖြစ်တဲ့ လူချင်းအနေဝေးနေလို့ အနေနီးသူ တစ်ယောက်ယောက် အပေါ်မှာ တိမ်း ညွတ်မိတယ်ဆိုတာမျိုး ဖြစ်မှာကို စိုးရိမ်လို့ပါ ကိုရယ်။ ကိုယ့်ဘက်က မဟုတ်တောင် တစ်ဖက် သားက စလာတဲ့အခါ ရှောင်ရခက်နေမယ့်အဖြစ်မျိုးတွေကို တွေးမိပြီး စိတ်ပူနေမိတာပါ' 'အမယ်လေးဗျာ၊ အဲဒီလောက်ထိ စိတ်မပူပါနဲ့။ ဒီလိုဆို ကိုယ်ကရော စူးစူးကို စိတ်မပူရတော့ဘူးလား။ စူးစူးကိုရော ကိုယ် စိတ်ချလက်ချ ထားခဲ့လို့ရပါ့မလား' ကျွန်တော့် ရင်ခွင်ထဲကနေ သူ အသာရုန်း ထွက်လိုက်တယ်။ ပြီးတော့ ကျွန်တော့်မျက်နှာကို စိုက်ကြည့်ပြီး ပြောတယ်။ 'ဘာလို့ အဲဒီလို ပြောရတာလဲဟင်။ စူးစူး ကို စိတ်ချပါလေ။ စူးစူးဘ၀မှာ ကိုတစ်ယောက် တည်း ရှိတယ်ဆိုတာ သိနေရက်သားနဲ့' 'စူးစူးက ကိုယ့်ကို စိတ်မချသလို ကိုယ်က လည်း စူးစူးကို စိတ်ပူခွင့် ရှိနေတာပဲ မဟုတ် လား။ ပြီးတော့ စူးစူးအလုပ်က ဟိုတယ်မှာဆို တော့။ လူပေါင်းစုံနဲ့ နေ့စဉ်တွေ့နေရတာ မဟုတ် လား။ လူတွေက ယုံရတာ မဟုတ်ဘူး။ လူတိုင်း ကို သတိထားပြီး ဆက်ဆံပါကွာ။ ဘယ်သူ့ကိုမှ မယုံနဲ့။ အထူးသဖြင့် ဘယ်ယောက်ျားကိုမှ မယုံနဲ့ ကြားလား' ကျွန်တော် စိုးရိမ်စိတ်ပူစွာ ပြောတော့ သူ ကျေကျေနပ်နပ် ပြုံးပါတယ်။ ပြီးတော့ 'တော်ပြီ၊ တော်ပြီ တစ်ယောက်ကို တစ်ယောက် စိတ်မချဖြစ်ပြီး စိတ်မဆင်းရဲ ကြေး။ ကိုယ်လည်း စူးစူးကို စိတ်မပူနဲ့။ စူးစူး လည်း ကို့ကို စိတ်ချနေမယ်နော်... နော' သူ့နဖူးလေးကို ကျွန်တော် ညင်သာစွာ နမ်း မိပါတယ်။ သူက ကျွန်တော့်ရင်ခွင်ထဲကို တိုးဝင်လာ တယ်။ နှုတ်ဆက်အနမ်းမိုးတွေ ခြွေမိကြတယ်။ 'ကိုလည်း ကို့အလုပ်ထဲမှာ အတော်ဆုံးဖြစ် အောင် ကြိုးစားရမယ်နော်' 'အင်းပါ' 'ဘယ်ကောင်မလေးကိုမှ စိတ်မ၀င်စားရ ဘူး' 'အင်းပါ' ဒီလိုနဲ့ နောက်ရက်မှာ ရထားနဲ့ ရန်ကုန်ကို ကျွန်တော် ထွက်လာခဲ့တယ်။ရထားပေါ်မှာ ပရင့်ထုတ်ထားတဲ့ စာရွက် ပေါ်က သီချင်းစာသားကို ထုတ်ကြည့်ပြီး ကျွန်တော် ကြေကွဲနေမိတယ်။ သူ ကျွန်တော့်ကို မေးတဲ့မေးခွန်းတစ်ခု ကိုလည်း ဖြေနိုင်ဖို့ ကြိုးစားရင်းနဲ့ပေါ့။ကျွန်တော် ရန်ကုန်မှာ ဘာသွားလုပ်မှာ လဲ။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ဘာလဲ ဘုရင့်နောင်လို ဖောင်ဖျက်ပြီး ထွက်လာခဲ့ တာလား။ ဒါမှမဟုတ် မတည်ငြိမ်သေးတဲ့ စိတ်အတွေးတွေကို ပိုက်ပြီး စိတ်ကူးယဉ်ဆန်တဲ့ ဘ၀တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေတာလား။ မေးခွန်းတွေ။ ကျွန်တော် ကြောက်တဲ့ မေးခွန်း တွေကို ကျွန်တော် ဖြေနိုင်ရမယ်။မေးခွန်းတွေကို ကြောက်နေရင် ကျွန်တော် ဘယ်လိုခရီးဆက်မလဲ။ ဘ၀မှာ ဘယ်လိုလမ်း ဆက်လျှောက် မလဲ။ ကျွန်တော် ဘယ်သူ့အတွက် အသက်ရှင် နေတာလဲ။ကျွန်တော့်ကို မွေးဖွားခဲ့တဲ့၊ ကျွေးမွေးပြုစု ပျိုးထောင်ပေးခဲ့တဲ့၊ ပညာတွေသင်ပေးခဲ့တဲ့ ကျွန်တော့်မိဘနှစ်ပါးအတွက်လား။ဒါလည်း မဟုတ်နိုင်ဘူး ထင်ပါရဲ့။ သူတို့ အတွက် အသက်ရှင်နေတာ မဖြစ်နိုင်ဘူး။ ဘာ ကြောင့်လဲဆိုတော့ သူတို့လျှောက်စေချင်တဲ့ လမ်းကို ကျွန်တော် မလျှောက်ခဲ့ဘူး။ကျွန်တော် သံယောဇဉ်ကြီးတဲ့ ညီအစ်ကို မောင်နှမတွေအတွက်လား။ ဟင့်အင်း။ အခု အချိန်အထိ သူတို့ကို ကျွန်တော် ဘာတစ်ခုမှ တာဝန်မကျေသေးဘူး။ ဒါဖြင့် ကျွန်တော့်ချစ်သူအတွက်လား။ ဒါလည်း မဖြစ်နိုင်ပြန်ဘူး။ ချစ်သူနဲ့ ဝေးရာ ကို ကျွန်တော် ထွက်ပြေးနေပြီလေ။ ဒါဖြင့် ကျွန်တော်ဟာ မေတ္တာတရားနဲ့ ချစ်ခြင်းမေတ္တာအတွက် ရှင်သန်နေတာ မဟုတ်ဘူး။ ဒါဖြင့် ကျွန်တော့် အိပ်မက်တွေအတွက် အသက်ရှင်နေတာလား။ အိပ်မက်တွေက ဘာလဲ။ အဲဒီအိပ်မက်တွေကို တည်ဆောက်တဲ့အခါ အခက်အခဲ၊ အတားအဆီးတွေ ကြုံလာရင် ကျွန်တော် ဘယ်လို ဖြေရှင်းမလဲ။ ကျွန်တော် နောက်ပြန်လှည့်ပြေး မလား။ဘာတွေကို ကျွန်တော် ကြိုတင်ပြင်ဆင် ထားရမလဲ။
'အောင်မြင်မှု၊ ကျော်ကြားမှု၊ ငွေကြေးနှင့် ချစ်ခြင်းမေတ္တာ'...။ 'ဘယ်အရာကို ယူဆောင်ဖို့ သင် လောကထဲ ရောက်လာခဲ့သလဲ' မငိုပါနဲ့... တဲ့။ စာရွက်ပေါ်က စာလုံးအနက်လေးတွေ မှုန်ဝါးသွားကြတယ်။မှုန်ဝါးတဲ့ အနာဂတ်ထဲကို ရထားကြီးစီးပြီး ကျွန်တော် ခရီးနှင်နေမိပါသလား။

 

Labels: ၀တ္ထုတို, teen magazine

မြို့ကလေးတစ်မြို့တောင် အပိုင်မရှိတဲ့သူ (အပိုင်း နှစ်)

Thursday, February 28th, 2008

ကျွန်တော် ဖြတ်သန်းခဲ့တဲ့ မြို့ကလေးတွေ အရေအတွက် များတယ်။

နယ်မြို့ကလေးတွေမှာ နေထိုင်တဲ့လူတစ်ယောက်ကို အဲဒီမြို့က လူတိုင်းနီးပါးက သိတယ်။ သူကလည်း လူတိုင်းကို သိတယ်။

ဟိုပင်၊ မိုးညှင်း၊ ပုသိမ်ကြီး၊ အမရပူရ၊ ပျဉ်းမနား။ ရုတ်တရက် စဉ်းစားလိုက်တော့ အဲဒီမြို့ကလေးတွေ အာရုံထဲရောက်လာတယ်။

နယ်မြို့ကလေးတွေမှာလည်း ထင်ရှားတဲ့ လည်ပတ်စရာနေရာတွေရှိတတ်တယ်။ ပျဉ်းမနားဆိုရင် လှေခွင်းတောင်၊ ဆင်ဖြူတောင်၊ ပေါင်းလောင်းမြစ်ကမ်း ...။ မိုးညှင်းဆိုရင် ကျားဖြူဘုရား၊ ပန်းခြံ၊ လောက်စာတောင်။ ပုသိမ်ကြီးဆိုရင် ရေထွက်စစ်တပ်၊ ရန်ကင်းတောင်၊ ရေတံခွန်တောင်၊ စပယ်ခြံ၊ နှင်းဆီခြံ၊ သပြေခြံတွေ၊ လယ်ကွင်းတွေ၊ ကြာတောတွေ။

ပြီးတော့ ပွဲတွေ။ သီတင်းကျွတ်၊ တပေါင်း၊ တန်ခူး ...။ အထင်ကရပွဲတွေရှိတတ်တဲ့ မြန်မာလတွေ။ ဘုရားပွဲ၊ ရပ်ကွက်ပွဲ၊ ဆွမ်းလောင်းပွဲ၊ ဘုရားလှည့်လည် အပူဇော်ခံတဲ့ပွဲ၊ ထီးတင်ပွဲ၊ ဘုန်းကြီးပျံ၊ အလှူ၊ မင်္ဂလာ၊ ကထိန်၊ ၀ါဆို သင်္ကန်းကပ် ...။ မရေမတွက်နိုင်အောင် များတယ်။

ဖြစ်ပျက်သွားတဲ့ အထင်ကရ အဖြစ်အပျက်တွေလည်း မြို့ကလေးတွေပေါ်မှာ အချိန်ကာလနဲ့ ဖြတ်သန်းကြတယ်။

မြို့တည်နှစ်ပတ်လည်၊ ဈေးအသစ်ဆောက်တာ၊ ရပ်ကွက်အသစ်တည်တာ၊ ပန်းခြံအသစ်ဆောက်တာ၊ လမ်းတွေတိုးချဲ့လို့ အိမ်မျက်နှာစာတွေဖျက်ရတာ၊ မီးလောင်တာ၊ ရေကြီးတာ၊ မုန်တိုင်းကျတာ၊ သောင်းကျန်းသူတွေဝင်လာတာ ....။ အများကြီးပဲ။

 

Labels:ှStory, Towns, မြို့

မြို့ကလေးတစ်မြို့တောင် အပိုင်မရှိတဲ့သူ(အပိုင်း တစ်)

Wednesday, February 27th, 2008

ကျွန်တော်ဟာ ၀တ္ထုတွေထဲမှာ ထည့်ရေးဖို့ မြို့ကလေးတစ်မြို့တောင် အပိုင်မရှိတဲ့သူပါ။

မိဘတွေက မြန်မာနိုင်ငံ မြောက်ပိုင်း ရွာတစ်ရွာမှာနေတယ်။ ကျွန်တော့်ကို  အမေက မန္တလေးမှာ မွေးတယ်။

ကျွန်တော် အလယ်တန်းကျောင်းသားဘ၀အထိ နေထိုင်ဖြတ်သန်းခဲ့တာ အဲဒီရွာကလေးမှာပါ။

နောက် ပညာဆက်သင်ဖြစ်တာက မန္တလေးမှာ။ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ကျောင်းသားဘ၀နေ့ရက်များ။

ကျေးလက်တစ်ဝက် မြို့ပြတစ်ဝက်နဲ့ တောရွာကလေးမှာ ကျွန်တော့်ရဲ့ ငယ်ဘ၀အချိန်တွေ တော်တော်များများကို ဖြတ်သန်းခဲ့တယ်။ နွေရာသီကျောင်းပိတ်ရက်တိုင်း ရွာပြန်တယ်။ ဒီတော့ ရွာကလေးထဲက အဖြစ်အပျက်တွေ၊ ဇာတ်ဆောင်တွေ အများကြီးကနေတစ်ဆင့် ၀တ္ထုတွေဖန်ဆင်းနိုင်ခဲ့တယ်။

ဒါပေမယ့် ကျွန်တော်က ရွာကလေးလို့ မသုံးနှုန်းဘဲ မြို့ငယ်လေး၊ နယ်မြို့လေး၊ ဇာတိမြို့ .... စသဖြင့် အဆင့်မြှင့်ပေးလိုက်တယ်။

အိမ်ခြေ ၃၀၀၀ ခန့်၊ လူဦးရေး သောင်းဂဏန်း၊ တယ်လီဖုန်းလိုင်း၊ မိတ္တူကူးဆိုင်၊ ကွန်ပျူတာစာစီစာရိုက်၊ အထက်တန်းကျောင်း၊ ရဲစခန်း၊ စေတီ၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ မူကြိုကျောင်း၊ လက်ဖက်ရည်ဆိုင်၊ ဗီဒီယိုရုံ၊ ဘိလိယက်ခုံတွေရှိတဲ့ ကျွန်တော့်ရွာကို မြို့ငယ်ကလေးတစ်မြို့အဖြစ် ပြောင်းလဲ ဖန်တီးလိုက်ဖို့ ကျွန်တော့်အတွက် မခက်ခဲပါ။

တစ်ခါတစ်ရံမှာ ကျွန်တော်ဖြတ်သန်းဖူးတဲ့ မြို့ငယ်လေးတွေရဲ့ အသွင်အပြင်ကို ပေါင်းစပ်လိုက်တယ်။

ဥပမာ....။

Labels: Story, မြို့

အောက်တိုဘာ ရနံ့

Wednesday, February 27th, 2008

ချစ်သူ ...

ခုဆို အောက်တိုဘာလကို တစ်ကြိမ်ပြန်ရောက်လာပြီ။

ရန်ကုန်မှာတော့ ရာသီဥတု အပြောင်းအလဲ သိပ်မထူးခြားပေမယ့် အဲဒီ ကိုယ့်ဇာတိမြို့ကလေးမှာ နှင်းတွေဝေနေလောက်ပြီ။

မြန်မာနိုင်ငံမြောက်ပိုင်းက တောင်တန်းတွေ ၀န်းရံနေတဲ့ အဲဒီမြို့ကလေးရဲ့ ညတွေမှာ အမှောင်တွေ သိပ်သည်းနေဆဲလား။

မျှော်လင့်ချက်ကို မကုန်ဆုံးစေနဲ့ပေါ့ ချစ်တဲ့သူရယ်။

ယုံကြည်ချက်ကလည်း ခိုင်မာနေဖို့လိုမှာပေါ့။

ဒါမှလည်း ဘ၀ဆိုတာ အဓိပ္ပာယ်ရှိလာမှာပေါ့။

ကိုယ်လည်း ခုထိတိုင် ဘ၀ဆိုတာကို သင်ယူနေရဆဲ။

သီချင်းမရှိတဲ့၊ ဂီတမဲ့ အထီးကျန်ညတွေမှာ တစ်ကိုယ်ရည်ဖြတ်သန်းရင်း ဘ၀ဆိုတာ ဒါပါလား ချစ်သူ။

ချစ်သူနဲ့ အတူပေါင်းဆုံနိုင်ခွင့်၊ မိဘနဲ့ မိသားစုကို လုပ်ကျွေးပြုစုခွင့် ...။ ကိုယ်ကြိုးစားနေပါတယ်။

တစ်လကို ၀င်ငွေများစွာရနေတဲ့ အနေအထား၊ ချမ်းသာတဲ့လူတစ်ယောက်၊ တိုက်၊ ကား၊ ဟင်းဖုန်း ... အဆောင်အယောင်များစွာ အဲဒါတွေကို ကိုယ်မမက်မောခဲ့ဘူး။

မိဘတွေကို စိတ်ချမ်းသာစေချင်တယ်။ သူတို့ကို ပြန်လည်ထောက်ပံ့ကျွေးမွေးပြုစုခွင့်ရချင်တယ်။ မိဘအရိပ်မှာ ခိုလှုံပြီး ငြိမ်းချမ်းစွာနေချင်တယ်.... ဒါပေမယ့် ဘ၀ဆိုတာ။

ချစ်သူရေ ....။

ဘ၀ရဲ့ အဓိပ္ပာယ်ကို မသေခင်မှာ ရှာဖွေသွားပါရစေ။

လူတိုင်း လောကကို တစ်နေ့မှာ ထားရစ်သွားရမှာချည်း ...။ မသေခင် ဘ၀ဆိုတာ အဓိပ္ပာယ်တစ်စုံတစ်ရာ ပြည့်ဝ သွားစေချင်တယ်။

ကိုယ်မရောက်ခင်က ရှိခဲ့တဲ့ လောကကြီးဟာ ကိုယ်ထွက်သွားတဲ့အခါ ပိုကောင်းတဲ့ အနေအထားတစ်ခုဖြစ်အောင် ကိုယ်နိုင်သလောက် ကြိုးစားသွားချင်တယ် ....။

အဲဒီလိုလူတစ်ယောက်ဖြစ်အောင် ကိုယ်ကြိုးစားနေတာပါ ...။

အဲဒီအောက်တိုဘာ ရနံ့တွေက ဘာလို့ ကိုယ့်ကို အားငယ်အထီးကျန်စေတာလဲ ချစ်သူ။

(၂၀၀၇

အောက်တိုဘာလ

ရန်ကုန်မြို့)

Labels: October, အောက်တိုဘာ ရနံ့၊ ရန်ကုန်၊ Yangon, Feelings ခံစားမှု အတွေးအမြင် Opinion

<< Start < Prev 1 Next > End >> Results 1 - 7 of 7
10th Floor, La Pyayt Wun Plaza,37, Alanpya Pagoda Road, Dagon Township 11191, Yangon ,Myanmar.
Tel: + 95-1 370836, 370837, 370838, 370839 - Ext :819
+ 95- 243542, 389827, 393458, 721578, 095173255
Fax: + 95-1 393458
Email: This e-mail address is being protected from spam bots, you need JavaScript enabled to view it
MySuboo
Policy 
All rights reserved.